လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့်အပါအဝင် အဓိကကျတဲ့ မူဝါဒတွေဟာ ဗြိတိန်နဲ့ ဆွေးနွေးတဲ့အခါ စေ့စပ်ညှိနှိုင်းမှာ မဟုတ် တဲ့ကိစ္စတွေ ဖြစ်တယ်လို့ ဥရောပသမဂ္ဂ EU က သောကြာနေ့မှာပြောလိုက်ပါတယ်။ EU သဘောတူ စာချုပ်ထဲက လွတ်လပ်ခွင့်လေးခုဟာ စေ့စပ်ညှိနှိုင်းမယ့်ကိစ္စတွေ မဟုတ်ဘူးလို့ ဥရောပကော်မရှင် EC ဥက္ကဋ္ဌ Jean-Claude Juncker ရဲ့ပြောခွင့်ရ Margaritis Schinas ကပြောပါတယ်။ အဲဒီမူဝါဒတွေဟာ EU ရဲ့ အနှစ်သာရတွေ ဖြစ် တာ ကြောင့် စေ့စပ်ညှိနှိုင်းတဲ့ကိစ္စတွေ မဟုတ်တာလို့ ပြောခွင့်ရကပြောပါတယ်။
ဒါပေမဲ့လဲ ဗြိတိသျှအစိုးရသစ်နဲ့ အပြုသဘောဆောင် လက်တွဲလုပ်ဖိုပ အဆင်သင့်ရှိတယ်ဆိုတာကိုတော့ EU ကပြောပါတယ်။
ကြာသပတေးနေ့ လွှတ်တော်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ ကွန်ဆာဗေးတစ်ပါတီက ဝန်ကြီးချုပ် David Cameron က EU အဖွဲ့ဝင်အဖြစ် ဆက်နေမနေ လူထုဆန္ဒခံယူပွဲလုပ်မယ်လို့ ကတိပေးထားပါတယ်။
ရွှေ့ပြောင်းသွားလာတဲ့ ကိစ္စ အပါအဝင် EU သဘောတူစာချုပ်ကို အပြောင်းအလဲတွေလုပ်ဖို့ မစ္စတာ Cameron က လှုံ့ဆော် ပြောဆိုထားတာပါ။
အဖွဲ့ဝင် ၂၈ နိုင်ငံပါ EU မှာ ဗြိတိန်နိုင်ငံ အဖွဲ့ဝင်အဖြစ် ဆက်နေသွားရေး ဗြိတိသျှဝန်ကြီးချုပ်က ရှင်းလင်းပြောဆိုဖို့ သူ မျှော်လင့် ထားတယ်လို့ ပိုလန်ဝန်ကြီးချုပ်ဟောင်း၊ ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk က သောကြာနေ့မှာပြောပါတယ်။ မစ္စတာ Cameron အဲဒီလိုလုပ်ဆောင်ဖို့ရာ သူ့အနေနဲ့ကူညီဖို့ အဆင်သင့်ပါပဲလို့ မစ္စတာ Tusk ကပြောပါတယ်။