သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူရဦးရွှေမန်း ပြည်ထောင်စုလွှတ်တော် နာယကတာဝန်ယူ


သူရဦးရွှေမန်း
သူရဦးရွှေမန်း
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းဟာ ဇူလိုင်လ ၃၁ ရက် ဗုဒ္ဓဟူးနေ့ မှာ ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ကို လက်ရှိ နာယက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဆီကနေ လွှဲပြောင်းရယူလိုက်ပြီ ဖြစ်ပါတယ်။ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လေ့လာရေးကော်မတီတရပ် ဖွဲ့ပြီး စတင်လုပ်ဆောင်နေချိန်မှာပဲ အခုလို ပြည်ထောင်စုလွှတ်တော် နာယက အပြောင်းအလဲ ဖြစ်လာတာပါ။ ဒီအကြောင်း အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ ပြဌာန်းချက်အရ လွှတ်တော်သက်တမ်း လပေါင်း ၃၀ ပြည့်ပြီးတဲ့နောက် ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ကို ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက လွှဲပြောင်း ထမ်းဆောင်ရမယ်ဆိုတဲ့အတိုင်း အခုလို တာဝန်လွှဲပြောင်း ရယူခဲ့တာပါ။ နာယကတာဝန် လွှဲပြောင်းပေးတဲ့ ဦးခင်အောင်မြင့်က သူ့ရဲ့ မိန့်ခွန်းထဲမှာ အခုလို ထည့်သွင်းပြောဆိုသွားပါတယ်။

“ပြည်ထောင်စုလွှတ်တော်ရဲ့ နာယကလုပ်ငန်းများမှာ ပိုမိုလေးနက်သော ကြီးမားသော တာဝန်များကို ထမ်းဆောင်ရန်ရှိကြောင်းနဲ့ ပြည်သူ့ဆန္ဒ ပြည်သူ့
မျှော်လင့်ချက်တွေနဲ့ အညီ အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံသားအားလုံး ငြိမ်းချမ်းသာယာဝပြောပြီး ဒီမိုကရေစီအောင်ပန်းကို ဆက်လှမ်းနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆက်လက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်
နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။”

နာယကတာဝန်ကို လွှဲပြောင်းရယူတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကလည်း သူ့ရဲ့ နှုတ်ခွန်းဆက်မိန့်ခွန်းထဲမှာ အခုလို ထည့်သွင်းပြောဆိုပါတယ်။

“အချုပ်အခြာ အာဏာပိုင် အစိုးရဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အဖွဲ့များသည် နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးစီးပွားအတွက် မိမိတို့ တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စိတ်ကောင်းစေတနာမှန်များဖြင့် သဟဇာတဖြစ်၍ ညီညွတ်မျှတမှုရှိရန် ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ ဆောင်ရွက်သွားမည်ဟု ယုံကြည်မျှော်လင့် ဆန္ဒပြုပါကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။”

အခုလို ပြည်ထောင်စုလွှတ်တော်နာယကတာဝန် အလွှဲအပြောင်းလုပ်တဲ့ အချိန်ဟာ လွှတ်တော်နှစ်ရပ်မှာရော၊ ပြည်ထောင်စု လွှတ်တော်မှာပါ ဥပဒေပြုရေးလုပ်ငန်းတွေ အနည်းငယ် သွက်လက် မြန်ဆန်လာနေတဲ့ အချိန်ဖြစ်သလို ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်ရေးအတွက် လေ့ လာရေး ကော်မတီတရပ် ဖွဲ့စည်းပြီး စတင် လုပ်ဆောင်နေချိန်နဲ့လည်း တိုက်ဆိုင်နေတာပါ။

သူရဦးရွှေမန်းကိုယ်တိုင်က အခြေခံဥပဒေပြင်ဆင်ရေးကို အတတ်နိုင်ဆုံး လုပ်ဆောင်သွားမယ်လို့ ကတိပေးထားတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီကိစ္စဟာ လွှတ်တော်တွင်း အမတ်နေရာအများစုကို ရထားသူတွေက သဘောတူမှ တကယ်တမ်း ဖြစ်လာနိုင်မယ် လို့ သုံးသပ်သူက နိုင်ငံရေး စောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်တဲ့ ကိုရန်မျိုးသိန်းပါ။

“လွှတ်တော်ထဲမှာ အတိုင်းအတာတခုထိတော့ သူရဦးရွှေမန်း နာယကဖြစ်ပြီးတဲ့အချိန်မှာ တွန်းအားပေးနိုင်တဲ့ အနေအထား အတိုင်းအတာတစ်ခုထိတော့ ရှိတယ်။ ဒါပေမဲ့ ကျနော် စိုးရိမ်တာကတော့ ဘယ်လောက်ပဲ တွန်းအားပေးပေး၊ Majority က ဒီအချက်ကို လက်မခံဘူး။ ဒီအချက်ကို မဆွေးနွေးဘူး ဆိုလို့ရှိရင် ဒီအချက်ကို ဆွေးနွေးဖို့ ငြင်းပယ်တယ် ဆိုရင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အပါအဝင်ပေါ့ဗျာ ဥပဒေပြုရေး အပိုင်းတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေက ဆက်တိုက် ဆက်ဖြစ်နေမှာပဲ။ ၂၀၁၅ အထိကို ဆက်ဖြစ်နေမှာပဲ။”

လွှတ်တော်ကိုယ်စားလှယ်တွေ ကြားထဲမှာတော့ သဘောထားအများစု တူညီနေတဲ့ပုံရှိပါတယ်။ သူရဦးရွှေမန်း ပြည်ထောင်စု လွှတ်တော်နာယကတာဝန် ထမ်းဆောင်တဲ့ကာလအတွင်း အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မယ်လို့ ဇမ္ဗူသီရိမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ပြည်သူ့လွှတ်တော်ကနေပဲ စပြီးတော့ တင်တာပါ။ အဲ့လိုဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော်ကနေပဲ ဒီ အခြေခံဥပဒေ
ပြင်ဆင်ရေးအတွက်ကို စပြီး တင်ပါတယ်။ တင်တယ်ဆိုကတည်းကိုကလည်း သူရဦးရွှေမန်းရဲ့ ခွင့်ပြုချက်ရလို့ တင်ကြတာလေ။ အဲ့လိုဖြစ်တဲ့အတွက် သူ့ရဲ့ သက်တမ်းကာလမှာ ဒါကို ဟို ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တယ်ဆိုတာ အကုန်လုံးကိုတော့ perfect တော့ မဖြစ်ပေမဲ့ သူ့သက်တမ်းကာလတစ်ခု မှာတော့ အပြောင်းအလဲတစ်ခု ဖြစ်သွားအောင်တော့ ပြင်ဆင်သွားနိုင်လိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပြီးသားပါ။ ယုံလည်းယုံကြည်ပါတယ်။”

ဖလုံ-စဝေါ် ဒီမိုကရေစီပါတီက ကရင်ပြည်နယ် အမှတ် ၄ မဲဆန္ဒနယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစောသန်းထွန်းက လည်း ဖြစ်လာနိုင်မယ်လို့ မျှော် လင့်ထားပေမဲ့ သူရဦးရွှေမန်းတစ်ယောက်ထဲနဲ့တော့ ဖြစ်မှာမဟုတ်ဘူးလို့ ယူဆပါတယ်။

“လူ ညီဖို့တော့ လိုတာပေါ့လေ။ သူတစ်ယောက်တည်းလုပ်ရင်လည်း ဖြစ်ချင် မှ ဖြစ်မယ်လေ ဟုတ်တယ်မို့လား။ ကျနော်တို့အထင်ကတော့ အတော်များများ ကတော့ ညီမယ်လို့တော့ ထင်တာပဲ။ ဒါပေမဲ့ မပြောင်းချင်တဲ့သူတွေလည်း ရှိရင်ရှိမှာပေါ့။”

အင်္ဂါနေ့က ပြညထောင်စုလွှတ်တော်နာယကတာဝန် လွှဲပြောင်းတဲ့အစီအစဉ် မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ဒုတိယသမ္မတနှစ်ဦး၊ ကာကွယ်ရေးဦးစီးချုပ်တို့ အပါအဝင် အဆင့်မြင့်တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံမှာရောက်နေတဲ့ ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန် ဘားကိုး (John Bercow) နဲ့အဖွဲ့တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
XS
SM
MD
LG