သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA ဖမ်းထားတဲ့ ရဲသုံးဦးလွတ်မြောက်ရေး ညှိနှိုင်းနေ


လောဖြူတောင်ကုန်းမှာ ကင်းလှည့်နေတဲ့ KIA တပ်ဖွဲ့ဝင်များ။
လောဖြူတောင်ကုန်းမှာ ကင်းလှည့်နေတဲ့ KIA တပ်ဖွဲ့ဝင်များ။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ဖမ်းဆီးသွားတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃ ဦးလွတ်မြောက်ရေးဖို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့က KIA တပ်ရင်း (၆) ကို သွားရောက်ခေါ်ဆောင်နေပြီး ဒီကနေ့ညပိုင်းမှာ လွတ်မြောက်လာနိုင်ဖွယ်ရှိနေပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေးက တော့ ရဲတပ်ဖွဲ့ဝင် ၃ ဦးလွတ်မြောက်လာရင် နှစ်ဖက်အကြား တိုက်ပွဲတွေ ရပ်ဆိုင်းနိုင်မယ်လို့လည်း မျှော်လင့်ကြောင်း ပြောပါတယ်။ ဖားကန့်ဒေသနဲ့ ပတ်သက်တဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မိုးကောင်း၊ ကာမိုင်း၊ ဖားကန့်လမ်းကြောင်းကို ကြည့်ရှုစစ်ဆေးစဉ် လမ်းခရီးမှာ KIA က တားဆီးပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃ ယောက်ကို ဖမ်းဆီးခဲ့တဲ့နောက် ဖားကန့်ဒေသမှာ ဒီလ ၁၅ ရက်နေ့ မနက်အစောပိုင်းမှာ အစိုးရတပ်နဲ့ ကချင်တပ်ဖွဲ့အကြား တိုက်ပွဲတွေ စတင်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ (၅) ရက်မြောက်နေ့မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ ပြန်လည်လွတ်မြောက်ရေးအတွက် သွားရောက်ခေါ်ဆောင်နေပြီလို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

KIA ဗဟိုရဲ့ ခွင့်ပြုချက်နဲ့ ရဲတပ်ဖွဲ့ဝင် ၃ ယောက်ကို ဖားကန့်ဒေသအခြေစိုက်KIA တပ်ရင်း (၆) ကို သွားရောက်ခေါ်ဆောင်နေပြီဖြစ်ကြောင်းနဲ့ ည (၈) နာရီလောက်ဆို ပြန်လွတ်လာဖွယ်ရှိတယ်-လို့ ဦးလမိုင်ဂွမ်ဂျာက ပြောသွားပါတယ်။ ဖားကန့်ဒေသမှာ အစိုးရတပ်နဲ့ KIA အကြား ဒီကနေ့ တိုက်ပွဲတွေငြိမ်သက်နေတယ်လည်း ပြောပါတယ်။

လေးရက်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလအတွင်းမှာ အစိုးရတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ စခန်းသိမ်းထိုးစစ်ဆင်တာတွေ ရှိခဲ့သလို KIA ဖက်က လုံးခင်းရဲစခန်းအပါအဝင် နေရာတချို့ကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်တာ၊ တံတား (၅) စင်းလောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းနဲ့ တချိန်တည်းမှာပဲ အောင်ဘာလေအပါအဝင် ရွာ ၃ ရွာလောက်က ထောင်နဲ့ချီတဲ့ အရပ်သားတွေကို စစ်ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ဘာသာရေး လူမှုရေးအသင်းအဖွဲ့တွေက ဆောင်ရွက်နေတာကို အစိုးရတပ်က ငြင်းပယ်နေကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

တရုတ်အစိုးရပိုင် ဂလိုဘယ်လ်တိုင်းမ်စ် သတင်းစာမှာတော့ ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့အရပ်သားတွေကြားမှာ တရုတ်အမျိုးသားကျောက်ကုန်သည်နဲ့ ကျောက်တူးသူ ရာနဲ့ချီပါဝင်ကြောင်း ဖော်ပြပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာ MPCက အကြီးတန်းအကြံပေးဦးလှမောင်ရွှေကတော့ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ပြန်လွှတ်ပေးခဲ့ပြီးနောက်မှာ နှစ်ဖက် အကြား ဆွေးနွေးပြီးရက်ဆက်ဆိုသလို ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်ဆိုင်းနိုင်မယ်လို့ သုံးသပ်ပါတယ်။

“အဲဒီမှာ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့က စာတစ်စောင်ကိုတော့ ဝန်ကြီးဦးအောင်မင်းတို့ဆီ ပို့ထားတာ တွေ့ပါတယ်။ အဲဒီ ပြည်နယ်အစိုးရကိုပို့တယ်။ ဦးအောင်မင်းတို့ကိုလည်း ပို့ထားတယ်။ အဲဒီစာအရဆိုရင် ကျနော်တို့ဘက်ကလည်း ရဲ (၃) ယောက်ကို လွှတ်ပြီးသွားရင်တော့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့နဲ့ ဆွေးနွေးပွဲတွေ ဆက်လုပ်နိုင်မယ်လို့တော့ ကျနောတို့တော့ နားလည်ထားပါတယ်။”

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ နည်းပညာအကြံပေးအဖွဲ့ TATက ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကတော့ သူ့အမြင်သဘောထားကို အခုလို ပြောပါတယ်။

“ဥရုချောင်းဖျား အနောက်ဘက်ခြမ်းကို အစိုးရတပ်တွေ တပ်ပြန်ဆုတ်သွားရင် ဒါ အနေအထားတခု ရပ်သွားပြီ။ အခု ဒီမှာ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့လည်း ရှိတယ်။ ကျနော်တို့ TAT လည်းရှိတယ်။ ဒီပြင် PCG လည်းရှိတယ်။ ပြီးရင် NCCT တွေလည်းရှိတယ်။ ဒီလို ကြားထဲမှာ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းအကြီးကြီးတွေ ရှိရဲ့သားနဲ့ ဒီလမ်းကြောင်းကနေ မသွားဘဲနဲ့ အင်အားသုံး ဖြေရှင်းမယ်ဆိုတဲ့ ဒီသဘောထားတွေကို၊ ရည်ရွယ်ချက်တွေကို ကျနော်တို့က မကြိုက်ဘူးဗျာ။ ဖြစ်တာတော့ ဖြစ်ခဲ့ပေမယ့် ဖြေရှင်းမယ့်အပိုင်းတွေကို နည်းလမ်းရှိတယ်၊ လမ်းကြောင်းရှိတယ်။ ဒီလမ်းကြောင်းတွေကို ဥပက္ခာပြုပြီးတော့ စစ်အင်အားနဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့ကိစ္စကို ကျနော်တို့က ဘဝင်မကျဘူးဗျ။”

ဦးဒေါင်ခါးက ဖားကန့်ဒေသတိုက်ပွဲမှာ အစိုးရတပ်က ဓာတုလက်နက်လို့ယူဆနိုင်တဲ့ လက်နက် အသုံးပြုတိုက်ခိုက်တာရှိကြောင်း ပြောပေမဲ့ သီးခြားအတည်ပြုချက်တော့ မရပါဘူး။

လောလောဆယ် ဖားကန့်ဒေသမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးနေတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စာချုပ် ချုပ်ဆိုရေးအတွက် အဟန့်အတားဖြစ်လာနိုင်ကြောင်း သုံးသပ်တာတွေလည်း ရှိနေပါတယ်။

ဒီကနေ့မှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT အစည်းအဝေးကို ထိုင်းနိုင်ငံမှာ ကျင်းပ နေပြီး ဒီအစည်းအဝေးက ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ ထပ်မံတွေ့ဆုံရေးကို ဆုံးဖြတ်ဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက UPWC နဲ့ NCCT တို့ ဆွေးနွေးပွဲမှာတော့ လာမယ့် ပြည်ထောင်စုနေမှာ တပြည်လုံးအပစ်ရပ်စဲရေးစာချုပ်ကို လက်မှတ် ရေးထိုးနိုင်ဖွယ်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG