သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရတပ်နဲ့ KIA ဆက်လက်တင်းမာ


KIA တပ်သားများ
KIA တပ်သားများ

အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အကြား စစ်ရေးတင်းမာမှုတွေ ပြန်လည် မြင့်တက်လာနေပြီး လက်နက်ကြီးကျည်တွေ လူနေရွာအနီးမှာ ကျရောက်တာတွေ ရှိတာကြောင့် ကျေးရွာ၂ ရွာကို ပြောင်းရွှေ့ဖို့ KIO က ပြောဆိုထားပါတယ်။

ကုလသမဂ္ဂကတော့ စစ်ရေးအရှိန် ပြန်လည် မြင့်တက်လာတဲ့အတွက် စိုးရိမ်ကြောင်းနဲ့ အရပ်သားတွေကို ကာကွယ်ဖို့အတွက် တောင်းဆိုထားပါတယ်။ ကချင်ပြည်နယ်အတွင်းက နောက်ဆုံး အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

သင်တန်းသား ၂၃ ဦး သေဆုံးခဲ့ရတဲ့ ဗိုလ်လောင်းသင်တန်းကျောင်း တိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အကြားမှာ ပစ်ခတ် တိုက်ခိုက်တာတွေ ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုမှာ မိုးမောက်မြို့နယ် မိုင်ဂျာယန်အနီး အင်ခေါင်ပါ စခန်းအနီးရှိ ရွာ ၂ ရွာအနားမှာ လက်နက်ကြီးကျည် ကျရောက်တာကြောင့် ပြောင်းရွှေ့ဖို့ ပြောဆိုထားကြောင်း KIO ရဲ့ ဒုက္ခသည်ရေးရာကော်မတီ တာဝန်ခံ ဦးဒွဲပီဆာက ပြောပါတယ်။

“တပ်တွေက ညနေ ၅ နာရီ မိနစ် ၄၀ ကျော်မှာပဲ အိမ်ခြေ ၃၀ ပတ်ဝန်းကျင်ရှိတဲ့ ဘုံစခွမ် ရွာလယ်မှာ လက်နက်ကြီး ကျည်ဆံတလုံး၊ နောက် ရွာဘေးမှာ တလုံးကျတော့ နောက်နေ့သွားကြည့်တော့ ဒီရွာထဲမှာ ကျတဲ့ဟာက နွားတကောင်ထိသွားတယ်၊ ဆုံးသွားတယ်။ လူတော့ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ ဒီလို ရွာမှာကျလာတယ်ဆိုတော့ စိုးရိမ်ရတာပေါ့။ မိုင်းရှုးရွာဆိုတာတော့ ဒီအောက်မှာဖြစ်တယ်။ ဒါကြောင့် ဒီရွာတွေက ပြောင်းမှပဲ လုံခြုံမှုရှိနိုင်တယ်လို့ ပြောတော့ပြောထားပါတယ်။”

ပြောင်းရွှေ့ဖို့ကိုတော့ အတင်းအကျပ် စေခိုင်းတာမရှိဘဲ လောလောဆယ်မှာ အခြေအနေကို ပြန်လည် သုံးသပ်နေဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီလ ၂၃ ရက်နေ့ကလည်း KIO ဌာနချုပ် လိုင်ဇာအနီးကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဦးဒွဲပီဆာက ပြောပါတယ်။

“လိုင်ဇာဘက်မှာဆိုရင်တော့ ၂၃ ရက် မနက်ပေါ့ ၄ နာရီကျော်၊ ၄ နာရီ ၁၅ မိနစ်၊ မိနစ် ၂၀ မှာကို နေရာတကာပေါ့လေ နည်းနည်းကျတယ်။ လက်နက်ကြီးနဲ့ပဲ။ လူနေတဲ့ ရွာအနီးမှာကျတာက မထိပါဘူး။ နည်းနည်း တောမှာပဲ ပစ်တယ်ဆိုတော့ ကျနော်တို့ ဒီ အပစ်အခတ်တော့ ဘာမှတော့ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ စိုးတော့စိုးရိမ်ရတာပေါ့။ ဒီပတ်ဝန်းကျင်မှာ ကျလာတယ်ဆိုတော့။”

ဒီပစ်ခတ်မှုဟာ လူဦးရေ ၈၀၀၀ လောက် နေထိုင်တဲ့ ဂျေယန်းစခန်း တည်ရှိရာဒေသဘက်မှာ ကျရောက်တာဖြစ်ကြောင်း သတင်းထွက်ပေါ်နေပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။ ဒီပစ်ခတ်တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အစိုးရဘက်က သတင်းထုတ်ပြန်ရာမှာ ၂၂ ရက်နေ့က မိုးမောက်မြို့နယ်နဲ့ ၂၃ ရက်နေ့က ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်စခန်းတွေကို KIA က လက်နက်ကြီးနဲ့ လာရောက် နှောင့်ယှက်ပစ်ခတ်တာကြောင့် ပြန်လည် ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဖော်ပြပါတယ်။

အခုလို ကချင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်တာတွေရှိနေပြီး စစ်ရေးအရှိန် ပြန်လည် မြင့်တက်လာနေတဲ့အပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်း ကုလသမဂ္ဂက တနင်္လာနေ့က သတင်းထုတ်ပြန်ထားပါတယ်။ တချိန်တည်းမှာပဲ နှစ်ဘက်တပ်တွေကို အရပ်သားတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့လည်း တောင်းဆိုထားပါတယ်။

ကချင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေတာကြောင့် ကုလသမဂ္ဂ က လိုင်ဇာဒေသမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို ပေးပို့မယ့် ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေဟာ ကြန့်ကြာဖွယ် ရှိနေပါတယ်။ ကုလသမဂ္ဂ ကူညီရေး အဖွဲ့အစည်းတွေက ကယ်ဆယ်ရေး ပစ္စည်းတွေကို ဒီဇင်ဘာလ ၃ ရက်နေ့မှာ ပို့ဆောင်ဖို့ ပြင်ဆင်ထားတာလည်း ဖြစ်ပါတယ်။ KIA နဲ့ အစိုးရတပ်အကြား တကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကာလ ၃ နှစ်ကျော်အတွင်းမှာ ဒေသခံပြည်သူ ၁ သိန်းကျော်ဟာ ကချင်ပြည်နယ်က မြို့ကြီးတွေနဲ့ တရုတ်မြန်မာနယ်စပ်က KIA ထိန်းချုပ်ရာဒေသရှိ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG