သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်တိုက်ပွဲ အတွင်း အရပ်သားတချို့ ထိခိုက်သေဆုံး


ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်က မရမ်းကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ် KIA နဲ့ အစိုးရတပ်ကြား မကြာသေးခင်က တိုက်ပွဲတွေအတွင်း ဗုံးခိုကျင်းထဲကို လက်နက်ကြီးကျည် ကျတာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အရပ်သားတွေ ထိခိုက်သေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ အပေါ်မှာ ကချင်လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရကြား အပြန်အလှန် အပြစ်ဖို့နေကြတာပါ။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဗီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က စုံစမ်းတင်ပြထားပါတယ်။

ဒီလိုအရပ်သားတွေ သေဆုံးမှုဟာ အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ KIO/KIA တို့ဟာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီရဲ့ ဖိတ်ခေါ်ချက်အရ ပန်ဆန်းမြို့မှာ နှစ်ဘက် တွေ့ ဆုံဆွေးနွေးကြမယ်လို့ သတင်းတွေ ထွက်ပေါ်လာချိန်မှာပဲ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။
အရပ်သားတွေ ထိခိုက်သေဆုံးရတဲ့အဖြစ်အပျက်ကိုတော့ ဒေသခံတယောက်က အခုလို ပြောပြပါတယ်။

“မနေ့ညက ၇ နာရီခွဲမှာ KIA နဲ့ အဲဒီ အမြောက်တပ်နဲ့ နည်းနည်းထိတွေ့မှုဖြစ်တာပေါ့နော်။ တိုက်ပွဲ တပွဲဖြစ်တာ။ KIA ကလည်း သူတို့လှည့်ကင်းလား၊ သူတို့ army ဘက်က လှည့်ကင်းလား မသိဘူး။ အဲဒီလို ထိတွေ့မှုဖြစ်တဲ့ အချိန်မှာ အဲဒီ အမြောက်တပ်က အဲဒီမှာရှိတယ်လေ။ မရမ်းအမြောက်တပ်ကနေပြီးမှ တိုက်ပွဲဖြစ်နေတဲ့ နေရာ ကို လက်နက်ကြီးနဲ့ လှမ်းပစ်တယ်လို့ ပြောတယ်။ ဖြစ်တဲ့နေရာက မရမ်းကျေးရွာမှာ ဖြစ်နေတာ ဆိုတော့ အိမ်ပေါ်သွားကျတော့ အရပ်သား ၂ ယောက်သေတယ်၊ ၃ ယောက် ဒဏ်ရာရတယ်လေ။”

အခြားဒေသခံတယောက်ကလည်း ထိခိုက်ဒဏ်ရာရတဲ့အခြေအနေကို အခုလိုပြောပါတယ်။
“ကလေးအမေနဲ့ ၈ နှစ်အရွယ်ကလေး နှစ်ယောက်သေတယ်။ နောက်ပြီး အဖိုးနဲ့ ၂ နှစ် အရွယ်ကလေးနဲ့ သူ့အဖေရောက ဆေးရုံတင်ထားရတယ်။ သူ့အဖေက ညာဘက် လက်ချောင်း ၂ ချောင်းပြတ်တယ်။ နောက်ပြီး ခြေထောက်မှာလည်း ထိတယ်။ ကလေး က ခြေဖဝါးမှာထိတာ။ ခြေဖဝါးလန်သွားတာပေါ့။ အဖိုးက တင်ပါးမှာထိတာ။ အဖိုးက နည်းနည်းပိုပြီးမှ ဒဏ်ရာပြင်းတာပေါ့။”

လောလောဆယ်မှာတော့ ထိခိုက်ဒဏ်ရာရတဲ့သူ ၃ ယောက်ကို မြစ်ကြီးနားပြည်နယ်ဆေးရုံ ကို ပို့ဆောင်ထားပြီး ကွယ်လွန်သူတွေကိုတော့ ဒီမနက်မှာပဲ သင်္ဂြိုဟ်လိုက်တယ်။ သူတို့ရဲ့ အသုဘကိုတော့ စစ်တပ်က ငွေ ၃ သိန်း လာပေးတယ် လို့လည်း ဒေသခံက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းကလည်း အခုလို လက်နက်ကြီးကျည်ကျတာကြောင့် အမျိုးသမီးကြီး တဦးသေဆုံးခဲ့ဖူးတယ်လို့လည်း ပြောပါတယ်။

ဒီလို ပစ်ခတ်မှုအပေါ်မှာတော့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက ဒေါ်ဘောက်ဂျာ ကလည်း အခုလို ဝေဖန်ထားပါတယ်။

“အခုလို အသားလွတ် စွတ်ပစ်တဲ့အခါကျတော့ ရွာသားတွေပဲ အကြိမ်ကြိမ် ထိခိုက်နေရ တယ်။ အဲဒီတော့ သမ္မတရော၊ အစိုးရအနေနဲ့ရော ဒါတွေကို ထိထိရောက်ရောက် တားမြစ်သင့်တယ်လို့ ကျမအနေနဲ့ ပြောချင်ပါ တယ်။”

ဒေသခံတွေက အခုလို ထိခိုက်သေဆုံးရတဲ့ လက်နက်ကြီးကျည်ဟာ မရမ်းရွာမှာ အခြေစိုက်တဲ့ အမှတ် ၃၇၁ အမြောက်တပ်က ဖြစ်တယ်လို့ ပြောပေမဲ့ မြန်မာ အစိုးရ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးရဲထွဋ်က ကချင် လက်နက်ကိုင်တွေရဲ့လက်ချက်သာ ဖြစ်တယ်လို့ ပြောပါတယ်။

“၂၉ ရက်နေ့ ည ၇ နာရီခွဲလောက်မှာ မရမ်းကျေးရွာမှာ ကျေးရွာ ဘုန်းကြီးကျောင်းနား မှာနေတဲ့ တပ်စု တစုကို KIA က အင်အား ၂၀ လောက်နဲ့ လာပစ်တယ်။ လာပစ်တဲ့ အခါကျတော့ အပြန်အလှန်ပစ်တဲ့ကြားထဲက လက်နက်ကြီး ရွာထဲကို ကျပါတယ်။ ကျနော်တို့က ရွာထဲမှာရှိတော့ ဒါ KIA ဘက်က လှမ်းပစ်တဲ့ လက်နက်ကြီး ပေါ့ဗျာ။ ကျနော်တို့က ရွာထဲမှာ၊ သူတို့က ရွာအပြင်ကနေပြီးတော့ ပစ်တာ။ ကျတဲ့အခါမှာ အမျိုးသား ၃ ဦး ဒဏ်ရာရတယ်။ နောက်တခါ အမျိုးသမီးတယောက်၊ အမျိုးသား တယောက် သေဆုံးပါတယ်။ အမြောက်တပ် တွေ ဘာတွေတော့ မပါပါဘူး။”

ဒီလ ၁၄ ရက်နေ့ကလည်း KIO/KIA ဌာနချုပ် လိုင်ဇာမြို့ထဲကို အစိုးရတပ်ဘက်က ပစ်ခတ် တဲ့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၅ ယောက်ဒဏ်ရာရခဲ့တယ်လို့ KIO ဘက်က သတင်းထုတ်ပြန်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ပြောခွင့်ရသူဖြစ်တဲ့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် ကတော့ KIA ရဲ့ပြောဆိုချက်ဟာ မမှန်ဘူးလို့ Facebook ခေါ် အင်တာနက် လူမှု ကွန်ယက်ပေါ်ကတဆင့် တုံ့ပြန်ထားပါတယ်။

လောလောဆယ်မှာတော့ KIO ဌာနချုပ်၊ လိုင်ဇာနဲ့ ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသ ဘက်တွေမှာ တိုက် ခိုက်မှုတွေဟာ ငြိမ်သက်နေပြီး လာမယ့် ဖေဖော်ဝါရီလဆန်းမှာ အစိုးရနဲ့ KIO တို့ ဝဒေသ ပန်ဆန်းမှာ တွေ့ဆုံ ဆွေးနွေးမယ့် အခြေအနေတွေ ရှိနေပါတယ်။

KIOနဲ့ မြန်မာအစိုးတပ်တွေအကြားမှာ တိုက်ပွဲတွေပြန်လည်စတင်ခဲ့တာဟာ တနှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီး ပြီး ခဲ့တဲ့နှစ် ဒီဇင်ဘာလနဲ့ ဒီနှစ် နှစ်ဆန်းပိုင်းအတွင်း တိုက်ပွဲတွေ ပြင်း ထန်ခဲ့တာကြောင့် အခုအခါမှာ ဒုက္ခသည်ပေါင်း တစ်သိန်းခွဲကျော်လောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။
XS
SM
MD
LG