သုံးရလွယ်ကူစေသည့် Link များ

အပစ်ရပ်ရေးဆွေးနွေးပွဲ ပြန်သုံးသပ်ဖို့ KIO ကမ်းလှမ်း


KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အမေရိကန်ပြည်ထောင်စုကို လာရောက်စဉ် ဗွီအိုအေ (မြန်မာပိုင်း) နဲ့ သီးသန့်တွေ့ဆုံမေးမြန်းချိန် - 04-21-2014
KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အမေရိကန်ပြည်ထောင်စုကို လာရောက်စဉ် ဗွီအိုအေ (မြန်မာပိုင်း) နဲ့ သီးသန့်တွေ့ဆုံမေးမြန်းချိန် - 04-21-2014
တပြည်လုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေစဉ် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားလာတာကို ပြန်လည်သုံးသပ်ဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ဒီကနေ့ ကမ်းလှမ်းလိုက်ပါတယ်။

ဒီတွေ့ဆုံပွဲဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ KIO တို့ သီးသန့်ဆွေးနွေးမှာဖြစ်ပြီး ဆွေးနွေးပွဲအလားအလာကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ KIO တို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ အစောပိုင်းက နောက်ဆုံးတွေ့ဆုံခဲ့ကြပြီး ၆ လနီးပါး ကြာမြင့်ချိန်မှာ နောက်တကြိမ် တွေ့ဆုံကြဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။ KIO ဘက်က ထပ်မံတွေ့ဆုံဖို့ ကမ်းလှမ်းခဲ့တဲ့ အကြောင်းကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီမေလ ၁၀ ရက်နေ့မှာ KIO ဆွေးနွေးရေးအဖွဲ့နဲ့ ဦးအောင်မင်းတို့နဲ့ မြစ်ကြီးနားမြို့မှာ တွေ့ဆုံလိုတယ်ဆိုတဲ့စာ ပို့ထားတာဖြစ်ပါတယ်။ ဒီကနေ့ ပို့တာပါ။ ဒီအောက်တိုဘာလမှာ နောက်ဆုံးတွေ့ခဲ့တယ်။ ပြီးတော့ ကျနော်တို့က တချို့ဟာတွေ သဘောတူချက်တွေရှိခဲ့တယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေတဲ့အချိန် ကျနော်တို့ ကချင်ဒေသမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ တော်တော်များများ ခပ်စိပ်စိပ်ဖြစ်လာတဲ့ အနေအထားတွေကို ပြန်သုံးသပ်ပြီး ညှိနှိုင်းချင်တဲ့အတွက်ကြောင့်မို့ အခုလို တောင်းဆိုရတာဖြစ်ပါတယ်။”

၂၀၁၂ ခုနှစ် အောက်တိုဘာလက တွေ့ဆုံပွဲမှာတော့ နိုင်ငံရေး ဆွေးနွေးမှုတွေ ဆက်လက် ဆောင်ရွက်ဖို့ နှစ်ဘက်တိုက်ခိုက်မှုတွေ လျှော့ချဖို့နဲ့ တိုက်ပွဲတွေ ဆက်မဖြစ်အောင် ထိန်းသိမ်းဖို့၊ စစ်ရှောင်ဒုက္ခသည်တွေကို ပြန်လည် ထူထောင်ရေး နေရာ ၄ ခုမှာ ရှေ့ပြေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့နဲ့ အများပြည်သူသုံး လမ်းတွေ ပြန်လည် ဖွင့်လှစ်ဖို့ အပါအဝင် အချက် ၇ ချက်ကို သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

လာမယ့်မေလမှာ ဆွေးနွေးပွဲ ဖြစ်မြောက်မယ်ဆိုရင် မဟာမိတ်အဖွဲ့တွေ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်နဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားဖို့ ရှိနေတယ်လို့ ဗိုလ်ချုပ် ဂွမ်မော် က ပြောပါတယ်။ လက်ရှိအခြေအနေမှာ ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာမယ်ဆိုရင် တပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် အဟန့်အတား ဖြစ်စေလိမ့်မယ်လို့လည်း ဗိုလ်ချုပ် ဂွမ်မော် က သုံးသပ်ပါတယ်။

“တကယ်လို့ ဒီတိုက်ပွဲတွေက ပိုပြီး ပြင်းထန်လာမယ်ဆိုရင် ဆွေးနွေးမှုအပိုင်းမှာတော့ အနည်းနဲ့အများက ဟန့်တားမှုတွေ ဖြစ်နိုင်ပါတယ်။ ဒီဆွေးနွေးမှုတခုလုံးအပေါ်မှာ ယုံကြည်စိတ်ချစွာနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးမှုအပိုင်းမှာ အများကြီး အားလျော့သွားစေပါတယ်။”

ဒီလ ၁၀ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ KIA နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို နောက်ပိုင်းမှာလည်း တအာင်းခေါ် ပလောင်လက်နက်ကိုင်တပ်နဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ပါဝင်တဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ NCCT တို့ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ရေးဆွဲပြီး ၂ ရက်အကြာမှာ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကတော့ KIO ရဲ့ ကမ်းလှမ်းချက်ကို လက်ခံရရှိကြောင်းနဲ့ အစိုးရဘက်က မကြာခင် အကြောင်းပြန်မှာဖြစ်ကြောင်း ပြောဆိုပါတယ်။

“ဒီနေ့ ကျနော်တို့ ဝန်ကြီးဦးအောင်မင်းဆီကို KIO ဘက်ကနေပြီးတော့ bilateral မြစ်ကြီးနားမှာဆွေးနွေးဖို့ပေါ့လေ အဆိုပြုတဲ့စာ ရောက်ပါတယ်ခင်ဗျ။ ဝန်ကြီးလည်း ဒီဟာကိုတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီမှာ သူ့အနေနဲ့လည်း ဒါကို ဆွေးနွေးပြီးတော့ အကြောင်းပြန်ပါလိမ့်မယ်ခင်ဗျ။ မနက်ဖြန်လောက်ဆိုရင်တော့ အကြောင်းပြန်နိုင်ပါလိမ့်မယ်။”

တချိန်တည်းမှာပဲ တပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ NCCT နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ဟာ မေလ စတုတ္ထအပတ်အတွင်းမှာ ထပ်မံ တွေ့ဆုံနိုင်ကြောင်း ဦးလှမောင်ရွှေက ပြောပါတယ်။

“ဒီနေ့ ကျနော်တို့ဘက်က ရထားတဲ့ သတင်း အချက်အလက်အရဆိုရင်တော့ NCCT နဲ့ ကျနော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဘက်ကတော့ ဒီ စတုတ္ထပတ် အစလောက်မှာ တွေ့နိုင်ဖို့တော့ ဟို အတည်ပြုချက်တွေ ရပါပြီခင်ဗျ။ မေလ ဒီ ၁၉၊ ၂၀ လောက်ကို ဖြစ်ပါလိမ့်မယ်။ အခုကတော့ ကျနော်တို့ စာနဲ့တော့ နှစ်ဘက်စလုံး တရားဝင်တွေ ဆက်သွယ်ဖို့ လုပ်နေပါတယ်။ ဒါပေမဲ့ နှုတ်အားဖြင့်တော့ ဒီကနေ့နေ့လည်ပိုင်းက ရပါတယ်ခင်ဗျ။”

NCCT အဖွဲ့က ဒီကနေ့ ပြီးဆုံးတဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲအပြီးမှာ အခုလို ပြန်ကြားတာဖြစ်ပါတယ်။ NCCT နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ဟာ ဧပြီလ ၅ ရက်ကနေ ၈ ရက်အထိ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် မေလပထမပတ်မှာ ထပ်မံတွေ့ဆုံဖို့ သဘောတူထားတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲပြီးနောက်မှာတော့ ကချင်နဲ့ ရှမ်းမြောက်ဒေသတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က အပြင်းအထန် ကန့်ကွက်ပြီးတဲ့နောက် ဆွေးနွေးပွဲတွေ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းနိုင်ကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
XS
SM
MD
LG