သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO - မြန်မာအစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းအဖွဲ့ရုံး မြစ်ကြီးနားမှာဖွင့်မည်


တရုတ်ပြည် ရွှေလီမြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးစဉ်
တရုတ်ပြည် ရွှေလီမြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးစဉ်
ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ် နှစ်ဘက်ပူးပေါင်းပြီး လုပ်ငန်းအဖွဲ့ရုံးကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်ဖို့ စီစဉ်နေသလို လာမယ့် ဇူလိုင်လအတွင်းမှာ နှစ်ဘက် ပြန်လည်တွေ့ဆုံဖို့ ပြင်ဆင်နေတယ်လို့ တိုင်းရင်းသားရေးရာ လွှတ်တော်တာဝန်ရှိသူက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းက စစ်ပြေးဒုက္ခသည် စခန်းတွေကို တိုင်းရင်းသားရေးရာ ကော်မတီအဖွဲ့နဲ့ ကချင့်အရေး လှုပ်ရှားသူတွေက သွားရောက် ကူညီပေးနေတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နေမှု နောက်ဆုံးအခြေအနေကို အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်နန် ကို ဆက်သွယ်မေးမြန်းပြီး မဆုမွန် က တင်ပြထားပါတယ်။

ပထမဆုံးအကြိမ် ပြည်တွင်းမှာ ကျင်းပနိုင်ခဲ့တဲ့ KIO နဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မှု ဆွေးနွေးပွဲရဲ့ နောက်ဆုံး သဘောတူညီချက်တွေအရ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ မြန်မာစစ်တပ်ကြား နယ်မြေထဲမှာ နှစ်ဘက်တပ်တွေ အပစ်အခတ်ရပ်စဲပြီးတော့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အကောင်အထည်ဖော်နိုင်ဖို့ ငြိမ်းချမ်းရေး လုပ်ငန်းဆိုင်ရာ အဖွဲ့ကို ဖွဲ့ဖို့ စီစဉ်နေတယ်လို့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီ အတွင်းရေးမှူး ဦးခတ်ထိန်နန် က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ နှစ်ဘက်ပါဝင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းဆိုင်ရာအဖွဲ့ ဖွဲ့ဖို့ ပြင်ဆင်နေသလို တချိန်တည်းမှာပဲ နှစ်ဘက်ကိုယ်စားလှယ်တွေ လာမယ့် ဇူလိုင်လအတွင်း ထပ်မံ တွေ့ဆုံဖို့ စီစဉ်နေပြီးတော့ ငြိမ်းချမ်းရေးအခြေအနေ တိုးတက်မှု ရှိပါတယ်လို့ ဦးခတ်ထိန်နန် က ဆိုပါတယ်။

“Technical Team ကို ဖွဲ့နိုင်ဖို့အတွက် ဆွေးနွေးပြီးတော့ စီစဉ်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ နောက်တကြိမ် တွေ့ဆုံဆွေးနွေးနိုင်ဖို့ကိုတော့ ဇူလိုင်လရဲ့ တရက်ရက်မှာတော့ ကျနော်တို့ အဲ့ဒီလထဲမှာတော့ ဖြစ်မယ်လို့ ကျနော်ကတော့ အဲ့လို ယုံကြည်မျှော်လင့်တာပေါ့လေ။ ဒီ ငြိမ်းချမ်းရေးကလည်းပဲ ကနေ့ ကျနော်တို့နိုင်ငံ ဒီမိုကရေစီ ပြောင်းလဲလာတယ်။ နောက်ပြီးတော့ ဒီနေ့ ဆွေးနွေးတဲ့ အနေအထားမှာကော ကမ္ဘာ့ကုလသမဂ္ဂကလည်း ပါဝင်လာတဲ့ အနေအထား ဖြစ်လာပြီဆိုတော့ အချက် ၇ ချက်ကို လက်မှတ်ရေးထိုးနိုင်တဲ့အဆင့် ရောက်လာပြီ။ နောက်တခေါက် ဆွေးနွေးပွဲကျရင်တော့ အရင်ထက် ပိုပြီးတော့ တိုးတက်တဲ့ အနေအထား အရင်ထက် ပိုပြီးတော့ ငြိမ်းချမ်းရေးမှာ ခိုင်မာမှု အတိုင်းအတာတစ်ခုတော့ တည်ဆောက်မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။”

ကချင်ပြည်နယ်တွင်းက ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်ရာ နယ်မြေအတွင်းက မိုင်ဂျာယန် စစ်ပြေးဒုက္ခသည် စခန်းကို နှစ်ဘက်တပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက်နဲ့ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ကုလသမဂ္ဂဘက်က လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့လည်း အကူအညီတွေ လိုအပ်နေဆဲ ဒုက္ခသည်တွေအတွက် အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီအဖွဲ့နဲ့အတူ ကချင်ပါတီတွေ နောက် ကချင့်အရေး လှုပ်ရှားသူတွေက တနင်္လာနေ့မှာ မြစ်ကြီးနားက ဒုက္ခသည်စခန်း ၆ ခုကို သွားရောက် လှူဒါန်းခဲ့ပါတယ်။ နောက်ရက်တွေမှာလည်း မြစ်ကြီးနားနဲ့ ဝိုင်းမော်ဘက်က ဒုက္ခသည်စခန်းတွေဆီကို သွားရောက်မှာ ဖြစ်တယ်လို့ ဦးခတ်ထိန်နန် က ဆိုပါတယ်။

“ဒီနေ့ဆိုရင် ကျနော် မြစ်ကြီးနားမှာ IDP Camp ၆ ခုကို ဒီနေ့ တနေကုန်သွားပြီးတော့ အတတ်နိုင်ဆုံး လှူဒါန်းမှု ပြုခဲ့ပါတယ်။ မနက်ဖြန်လည်း မြစ်ကြီးနားနဲ့ ဝိုင်းမော်ဘက်မှာ တောက်လျှောက် ကူညီ လှူဒါန်းဖို့အတွက် စီစဉ် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ကျနော့်အနေနဲ့လည်း ဒါ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စုပေါင်းပြီးတော့ပဲဖြစ်ဖြစ်၊ ကျနော်တို့ပါတီနဲ့ပဲဖြစ်ဖြစ် ကျနော်တို့ ဒီ ရန်ကုန်ကချင်ရိုးရာ ယဉ်ကျေးမှုအဖွဲ့နဲ့ နောက်ပြီးတော့ ဒီ အကအဖွဲ့နဲ့ အကုန်လုံးနဲ့ ကျနော် ပါဝင်ပြီးတော့ အချို့နေရာတွေမှာ ဦးဆောင်ပြီးတော့ ရန်ပုံငွေ ရှာဖွေခဲ့တာဟာ ဒီနေ့ဆို စုစုပေါင်းဆို သိန်း ၅ ထောင်ကျော်ကျော်လောက် ကျနော် ပါဝင်ပြီးတော့ ရှာဖွေပြီးတော့ ကူညီနိုင်တဲ့ အတိုင်းအတာကိုတော့ ပြည်သူတွေရဲ့ကိုယ်စား ဆောင်ရွက်ခွင့် ရခဲ့တာပေါ့လေ။ ဒီနေ့လည်း မနက်ဖြန်လည်း ဒါ လှူမှု၊ တန်းမှုကိုလည်း အဲ့လိုပဲ ရှာဖွေပြီးတော့ ဆောင်ရွက်ခဲ့တဲ့ အနေအထားဖြစ်ပါတယ်။ ကျနော်အနေနဲ့တော့ အစဉ်အမြဲ ပြည်သူတွေရဲ့ ကိုယ်စား ဒုက္ခသည်တွေရဲ့ ကိုယ်စားလှယ်ဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ အမြဲတမ်း အတတ်နိုင်ဆုံးတော့ ကူညီမှုအပိုင်းမှာလည်း ဆောင်ရွက်လျက်ရှိပါတယ်။”

ကချင်နဲ့ မြန်မာစစ်တပ်ကြား နှစ်ဘက် အပစ်အခတ်ရပ်စဲရေး အဆိုကို ပထမဆုံး လွှတ်တော်မှာ အဆိုတင်သွင်းခဲ့သူဖြစ်တဲ့ ဦးခက်ထိန်နန် ဟာ ကချင်အမျိုးသားတယောက်အနေနဲ့ရော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ပါ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတွေ ဖြစ်မြောက်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးနေသူလည်း ဖြစ်ပါတယ်။

“လိုအပ်ချက်အရ ဒီ ငြိမ်းချမ်းရေးမှာ စစချင်း ပြည်နယ်အဆင့်နဲ့ KIO နဲ့ ဆွေးနွေးကတည်းက ပါဝင်ခဲ့ပါတယ်။ နောက် ပြည်ထောင်စုအဆင့်နဲ့ KIO နဲ့ ပြန်ဆွေးနွေးတုန်းကလည်း ပါဝင်ခဲ့ပါတယ်။ ကချင်အမျိုးသားတယောက်လည်း ဟုတ်တယ်။ ကိုယ့်ပြည်နယ်လည်း ဟုတ်တယ်။ နောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်လည်း ဟုတ်တယ်။ တိုင်းရင်းသားရေးရာ ကော်မတီ အတွင်းရေးမှူးလည်းဟုတ်တယ်ဆိုတော့ ကျနော့်အနေနဲ့တော့ အစွမ်းကုန်တော့ ပါဝင်ကြိုးစားလျက်ရှိပါတယ်။”

မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်ဖြစ်တဲ့ အနေအထားမှာ အခုလက်ရှိ အခြေအနေမှာတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေကြား နိုင်ငံရေးဆွေးနွေးပွဲတွေ ဖော်ဆောင်နိုင်အောင် ထပ်မံ တွေ့ဆုံဖို့ စီစဉ်ဆောင်ရွက်နေသလိုပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နှစ်ဘက်တွဲဖက် ပူးပေါင်းလုပ်ဆောင်ဖို့ကိုလည်း ကြိုးပမ်းနေကြချိန် ဖြစ်ပါတယ်။

တဘက်မှာလည်း စစ်ပြေးဒုက္ခသည်တွေ နေရပ်ရင်း အမြန်ဆုံးပြန်နိုင်ရေးနဲ့ ဒုက္ခသည်တွေရဲ့ လူနေမှုဘဝ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကိုလည်း ကချင့်အရေး လှုပ်ရှားသူတွေက ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။
XS
SM
MD
LG