သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO/ KIA ကိုမတရားအသင်းက ဖယ်ရှားမည်


ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ကိုယ်စားလှယ်များ။ (မေလ ၂၈ ရက်၊ ၂၀၁၃)
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ကိုယ်စားလှယ်များ။ (မေလ ၂၈ ရက်၊ ၂၀၁၃)
သုံးရက်ကြာပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားက ဆွေးနွေးပွဲအပြီး
တစ်ရက်အကြာ ဒီကနေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့
လုပ်ငန်းကော်မတီက ဝန်ကြီးဦးအောင်မင်းက ကချင်လွတ်မြောက်ရေးအဖွဲ့
ကေအိုင်အို ကို တစ်ပတ်အတွင်းမှာ မတရားအသင်း ကြေညာထားတာကနေ
ပယ်ဖျက်ပေးမယ်လို့ ပြောလာခဲ့တာပါ။ ဝန်ကြီးဦးအောင်မင်းက သူပြောတဲ့အတိုင်း တကယ်ပဲ ကေအိုင်အို ကို မတရားအသင်းကနေ ပယ်ဖျက်ပေးလိုက်ရင် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်နေချိန်မှာ အများကြီး အားသာမှုတွေ ဖြစ်စေနိုင်တယ်လို့ ကေအိုင်အို ဥက္ကဋ္ဌဟောင်း တစ်ဦးက ပြောပါတယ်။ ဒီအကြောင်းကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်ထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

မြစ်ကြီးနားက မနောကွင်းထဲမှာ သုံးရက်ကြာပြုလုပ်ခဲ့တဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ ကေအိုင်အို တို့ တွေ့ဆုံအပြီး ၁ ရက်ကြာ ဒီကနေ့ မနက်အစောပိုင်းမှာပဲ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက မြစ်ကြီးနား ဒုက္ခသည်စခန်းတစ်ခုကို ရောက်ရှိချိန်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ကို အာဏာပိုင်တွေဘက်က မတရားအသင်း သတ်မှတ်ထားတာကို တစ်ပတ်အတွင်း ပယ်ဖျက်နိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ကတိပြုခဲ့တဲ့အကြောင်း သူနဲ့အတူ ဒုက္ခသည်စခန်းတွေကို သွားရောက်စဉ်မှာလိုက်ပါခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောပါတယ်။

ကေအိုင်အို၊ ကေအိုင်အေကို မတရားအသင်းက ပယ်ဖျက်ပေးဖို့ လွှတ်တော်ထဲမှာရှိတဲ့ ကချင်ဘက်ကလွှတ်တော် ကိုယ်စားလှယ်တွေ က တောင်းဆိုပေးမှုတွေကို မကြခဏဆိုသလို တင်ပြခဲ့သလို၊ အခုအခါမှာ ဝန်ကြီး ဦးအောင်မင်းက မတရားအသင်းအမှုနဲ့ ဖမ်းဆီးထားတဲ့သူတွေကိုလည်း တစ်ပတ်အတွင်း ပြန်လွှတ်ပေးဖို့ကိုလည်း ပြောခဲ့တယ်လို့ သူမကပြောပါတယ်။

“ဖြစ်စေတဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့၊ မတရားတဲ့အမှုတွေနဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့ ဘာမှ ဝင်စွက်စရာ အကြောင်းမရှိဘူးပေါ့နော်။ ဒါပေမဲ့ အမိန့်ချပြီးတဲ့အခါမှာတော့၊ မတရားအသင်း ပယ်ဖျက်ပြီးတဲ့အခါမှာတော့ သူတို့အထဲမှာရှိတဲ့သူတွေကို တစ်ပတ်အတွင်း၊ ဒုက္ခသည်စခန်းကလည်း တစ်ယောက် ပါတာကိုး။ ပြန်ပို့ပေးမယ်လို့ ဝန်ကြီးက ပြောပါတယ်။ အဲဒီတော့ မတရားအသင်းတွေ ကြေညာထားတာကို ပယ်ဖျက်ကြောင်း ကြေညာပြီးတာနဲ့ ဒီစခန်းကို ပြန်ရောက်စေရမယ် ဆိုပြီးတော့ ပြောပါတယ်။ တစ်ပတ်အတွင်းလို့ ပြောပါတယ်။”

အခုလို ကေအိုင်အို ကေအိုင်အေ ကိုသာ မတရားအသင်းကနေ တကယ်ပယ်ဖျက်ပေး လိုက်ရင် အစိုးရနဲ့ ကေအိုင်အို အကြား နာလည်မှုတည်ဆောက်တဲ့ နေရာမှာ ပိုပြီးယုံကြည်မှုတွေ မြင့်တက် လာနိုင်တယ်လို့လည်း ကေအိုင်အေ ဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ က ပြောပါတယ်။

“ဒီလိုပြောတာ အင်မတန်ကောင်းပါတယ်။ အခုဟာ ကျနော်တို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဦးတည်နေတဲ့အချိန်အခါ ဖြစ်တဲ့အတွက်ကြောင့် ယုံကြည်မှုတည်ဆောက်ရေးက အရေးကြီးနေတယ်။ မယုံကြည်မှုတွေ ပပျောက်ပြီးတော့မှ အချင်းချင်းယုံကြည်မှုရှိရှိနဲ့ စားပွဲဝိုင်းကို အတူတူ ချီတက်သွားပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးဖို့ရှိတာကိုး။ ဒါကြောင့်မိုလို့ ဒီလိုပြောဆိုတဲ့ဥစ္စာက ကျနော်ကတော့ အတိုင်းထက်အလွန် ဝမ်းသာတာပေါ့။ ကချင်တွေက တနည်းနဲ့မဟုတ်တနည်းတော့ အမျိုးတွေဖြစ်နေကြတာကိုး။ အမျိုးတွေဖြစ်နေကြတော့ မြို့ပေါ်ကလူတွေနဲ့ တောကလူတွေ၊ အဖွဲ့အစည်းကလူတွေ ဆိုတာကလည်း နိုင်ငံရေးမပါပေါ့။ တော်လှန်ရေးသဘော အသွင်မဆောင်ဘဲနဲ့ လူမှုရေးအရ ဆက်သွယ်နေတာလည်း ရှိတာပဲ။ အဲဒါကို တခါတည်း ဟိုဘက်ကနေ အပြစ်ရှိတယ်ဆိုပြီးတော့ ဖမ်းဆီးထားတဲ့ သူတွေလည်း ဒုက္ခသည်စခန်းမှာလည်း ရှိတယ်လို့ သိရတယ်။ ဒါကြောင့်မိုလို့ ဝန်ကြီးက အဲဒီလို သဘောထားကြီးကြီး ပြောဆိုတယ်ဆိုတာကတော့ ဒါ အင်မတန်ကောင်းပါတယ်။ ဒါမှလည်း ဒုက္ခသည်စခန်းကလူတွေ လည်း နေရထိုင်ရတာ သူတို့ချောင်လည်မယ်လေ။ ပိုပြီး စိတ်ပျော်ကြမှာပေါ့။ မဟုတ်ရင် သံသယစိတ်တွေနဲ့ လွှမ်းမိုးထားလို့ရှိရင် သူတို့ နေရထိုင်ရတာ ပိုပြီးတော့ ကျပ်တည်းတယ်ဗျ။”

အာဏာပိုင်တွေဘက်က မတရားအသင်းလို့ သတ်မှတ်ထားတဲ့ ကေအိုင်အို ကို
မတရားအသင်းက ပယ်ဖျက်လိုက်ရင် ကေအိုင်အေနဲ့ဆက်နွယ်မှု အပါအဝင် မတရားအသင်းနဲ့ဆက်နွယ်မှုနဲ့ ထောင်ကျနေသူ အားလုံး ပြန်လွတ်လာနိုင် တယ်လို့ လည်း ကချင်အရေးလေ့လာသူတွေက သုံးသပ်နေကြတာပါ။

တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို အရင်စစ်အစိုးရလက်ထက်က
မတရားအသင်း၊ တရားမဝင်အသင်းလို့ သတ်မှတ်ပြီးတော့ သူတို့နဲ့ပတ်သက်ပြီး
နိုင်ငံရေးလုပ်တဲ့သူတွေကို ၁၇/၁ လို့ခေါ်တဲ့ မတရားအသင်းနဲ့ဆက်နွယ်မှု၊
၁၃/၁ လို့ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးရဲ့ နယ်စပ်ဖြတ်ကျော်မှု ဆိုတဲ့ အမှုတွေနဲ့ တရားဆွဲဆို ထောင်ချလေ့ရှိတယ်လို့လည်း နိုင်ငံရေး အမှုတွေကိုလိုက်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

ကေအိုင်အိုအဖွဲ့ဟာ ၂၀၀၆ ခုနှစ်မှာ အမျိုးသားညီလာခံ တက်ရောက်ပြီး ၁၇ နှစ်ကြာ တဘက်နဲ့တဘက်အကြား အပစ်အခတ်တွေမရှိဘဲ နေထိုင် လာခဲ့ရာကနေ ၂၀၁၁ နှစ်ကုန်ပိုင်းလောက်မှာ ကေအိုင်အေ ကို အစိုးရရဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ကြိုးစားရာကနေ နှစ်ဘက် တင်းမာမှုတွေ ရှိခဲ့ပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့သလို အစိုးရက လည်း ကေအိုင်အို ကေအိုင်အေ ကို မတရားအသင်းအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနား ဒေသခံတွေကလည်း စိတ်အားထက်သန်စွာနဲ့
ကြိုဆိုတာတွေ့ရသလိုပဲ၊ စစ်တပ်ထိန်းချုပ်တဲ့ နယ်မြေတွေထဲက ဒုက္ခသည်တွေရော၊ ကချင်ဘက်က ထိန်းချုပ်ထားတဲ့ ဒုက္ခသည်စခန်းတွေ ဘက်က ဒုက္ခသည်တွေရောကပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပေါ်မှာ မျှော်လင့်ချက်ကြီးကြီးထားခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG