သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး ဆွေးနွေးဖို့ အရပ်သားတွေ ပါဝင်တဲ့ အဖွဲ့ KIO ဖွဲ့စည်း


ကချင်လွတ်မြောက်ရေး တပ်မတော် အလံအောက်တွင် တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင်စဉ်။
ကချင်လွတ်မြောက်ရေး တပ်မတော် အလံအောက်တွင် တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင်စဉ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO က နိုင်ငံရေး ဆွေးနွေးပွဲတွေ အတွက် အရပ်သား ခေါင်းဆောင်တွေ ပူးပေါင်းပြီး အကြံပေးအဖွဲ့ တရပ်ဖွဲ့စည်းနိုင်ဖို့ ဒီရက်ပိုင်း အတွင်းမှာ ဖြစ်မြောက်ရေးကော်မတီ တရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။

KIO အနေနဲ့ အစိုးရသစ်လက်ထက် နိုင်ငံရေးဆွေးနွေးပွဲကို ဖိတ်ခေါ်ရင် တက်ရောက်ဖို့ရှိပေမဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရာမှာတော့ အားလုံးပါဝင်ရေးမူကို ဆက်လက်ကိုင်စွဲထားဆဲရှိပါတယ်။ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဘာသာရေးနဲ့ အရပ်သားခေါင်းဆောင် ၃၀ လောက်ကို လိုင်ဇာမြို့ကို ဖိတ်ခေါ်ပြီး နိုင်ငံရေးအကြံပေးအဖွဲ့ ဖွဲ့စည်းနိုင်ဖို့အတွက် ဒီလ ၂၁ ရက်ကနေ ၂၃ ရက်နေ့အထိ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဆွေးနွေးခဲ့ပြီးတဲ့နောက် ဖြစ်မြောက်ရေးကော်မတီတရပ်ကို KIO နဲ့ အရပ်သားတွေ ပူးပေါင်းဖွဲ့စည်းခဲ့တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးအင်ရှန်ဆန်အောင် က ပြောပါတယ်။

“ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ့်အခါမှာ အကြံပေးနိုင်ဖို့ အကြံပေးအဖွဲ့ ဖွဲ့စည်းနိုင်ဖို့အရေးကို ဖြစ်မြောက်ရေးကော်မတီတခုလုပ်တယ်။ အကြံပေးကော်မတီကတော့ မဖွဲ့ရသေးဘူး။ ဖြစ်မြောက်ရေးကော်မတီပဲရှိတယ်။ အဲဒါကတော့ ဖွဲ့စည်းပြီးသွားပြီ ၊ ၁၇ ယောက်နဲ့ပါ။ KIO ဘက်က ၅ ယောက် ၊ အရပ်ဘက်က ၁၂ ယောက်။ အစိုးရအသစ် မဖြစ်ခင်ကို ဖွဲ့စည်းဖြစ်သွားမှာပါ။ ဖေဖဝါရီလကုန်လောက်မှာ ဖွဲ့စည်း ဖြစ်သွားမှာပါ။ အဲဒီလိုပဲ မျှော်လင့်ရပါတယ်။”

KIO အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပါဝင်ဖို့ ဖိတ်ခေါ်လာရင် တက်ရောက်ဖို့ အသင့်ရှိနေပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA ကို လက်မှတ် ရေးထိုးပြီးမှ တက်ရောက်ရမယ်ဆိုရင်တော့NCA ကို လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရေးမူအရ ဆောင်ရွက် သွားဖို့ ပြင်ဆင်ထားကြောင်းလည်း ဦးအင်ရှန်ဆန်အောင်က ဆက်ပြောပါတယ်။

“အစိုးရအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ တခါတည်းလုပ်မယ်ဆိုရင်တော့ အကုန်လုံးပါဝင် တက်ရောက်လို့ရတာပေါ့။ ဒါပေမယ့် ပစ်ခတ်ရပ်စဲရေး အရင်လုပ်ရမယ်ဆိုရင်တော့ တနိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်ရပ်စဲရေး လို့ပြောတဲ့အတိုင်းပဲ တနိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်ရပ်စဲရေး ကို သူတို့က လက်မှတ်ရေးထိုး ချင်တယ်လို့ပြောပါတယ်။”

NCA လက်မှတ်မထိုးချိန်မှာ အစိုးရသစ်က နိုင်ငံရေး ဆွေးနွေးပွဲကို လေ့လာသူ အဖြစ်နဲ့ ပါဝင်တက်ရောက်ဖို့ ဖိတ်ခေါ်မယ်ဆိုရင် KIO ဖက်ကတော့ မရှိကြောင်းလည်း ပြောပါတယ်။ လက်ရှိအစိုးရက ဒီလ ဒုတိယပတ်က နိုင်ငံရေး ဆွေးနွေးပွဲအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပရာမှာလည်း KIO က ပါဝင်တက်ရောက်တာမရှိခဲ့ပါဘူး။

အခုလို အရပ်သားတွေ ပါဝင်တဲ့ နိုင်ငံရေးအတိုင်ပင်ခံ အဖွဲ့ ဖွဲ့စည်းဖို့ ပြင်ဆင်လာတာနဲ့ ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေး ကွန်ယက်က ဒေါ်ခွန်ဂျာက ကြိုဆို လိုက်ပါတယ်။

“နိုင်ငံရေးအတိုင်အပင်ခံက အရပ်သားအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး ဖွဲ့စည်းထားတယ်ဆိုရင် အရမ်းကောင်းတယ်လို့ယူဆတယ်။ ဘာဖြစ်လို့လဲဆိုရင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လုပ်သလိုမျိုးပေါ့၊ ခေါင်းစဉ် အမျိုးမျိုးကနေ ကျွမ်းကျင်သူများပါ ပါဝင်ခွင့်ရမယ်ပေါ့။ ပြီးရင် မူဝါဒ အားဖြင့် လက်ရှိ ဒီငြိမ်းချမ်းရေး ညှိနှိုင်းတာ တင်မကဘဲနဲ့ ရေရှည် အတွက်ပါ၊ အနာဂတ်အတွက်ပါ ထည့်သွင်းစဉ်းစားပြီးတော့မှ ဒီလိုဦးဆောင်နိုင်တယ် ဆိုရင် အင်မတန်ကောင်းပါတယ်ရှင့်။ ကျမကတော့ အရပ်ဘက် အဖွဲ့အစည်းတွေ ပြည်သူလူထုကနေပြီးတော့မှ ပိုပြီးတော့မှ မဟာဗျူဟာမှာရော၊ နည်းဗျူဟာမှာရော လက်တွေ့လုပ်ဆောင်ရာမှာရော ပိုပြီးတော့ ပွင့်လာမယ်လို့ ယူဆတယ်ရှင့်။”

နိုင်ငံရေးအကြံပေးအဖွဲ့ ဖြစ်မြောက်ရေးကော်မတီမဖွဲ့စည်းခင် ဒီလ ဒုတိယပတ် အတွင်းမှာတော့ KIO ဗဟိုကော်မတီအစည်းအဝေး ကျင်းပခဲ့ပါတယ်။ ဗဟိုအစည်းအဝေးမှာ ထိပ်ပိုင်းခေါင်းဆောင်တွေ ထူးထူးခြားခြား အပြောင်းအလဲမရှိပေမဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ရဲ့ အရင် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကိုတော့ KIO ရဲ့ ဒု- ဥက္ကဋ္ဌ အဖြစ် ရွှေ့ပြောင်းခဲ့သလို ဒု-စစ်ဦးစီးချုပ် ၂ ဦးကို အစားထိုး ခန့်ထားခဲ့ပါတယ်။

လောလောဆည် မှာတော့ KIO အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ဟာ NCA ခေါ် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်ခံထားပေမဲ့ အားလုံးမပါဝင်တာကြောင့် လက်မှတ်ရေးထိုးမထားသေးပါဘူး။

XS
SM
MD
LG