သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်း အကြမ်းဖက် နှိပ်ကွပ်မှု KIO ရှုတ်ချ


ကချင်လွတ်မြောက်ရေးတပ်မတော် အလံတော်အောက်တွင် တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင်စဉ်။
ကချင်လွတ်မြောက်ရေးတပ်မတော် အလံတော်အောက်တွင် တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင်စဉ်။
အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးနေဆဲဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က လက်ပံတောင်း တောင် စီမံကိန်းကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ သံဃာတော်တွေနဲ့ ဒေသခံပြည်သူတွေ ကို အကြမ်းဖက် ဖြိုခွဲလိုက်တဲ့ အပေါ်မှာ ကန့်ကွက်ကြောင်း ဒီကနေ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ လက်ပံတောင်းတောင် အရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲက ပထမဆုံး ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါ တယ်။ လတ်တလောထုတ်ပြန်လိုက်တဲ့ KIO ရဲ့ သဘောထားနဲ့ ကချင်ပြည်နယ် အတွင်းက နိုင်ငံရေး၊ စစ်ရေး နောက်ဆုံးအခြေအနေတွေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က အခုလို တင်ပြ ထားပါတယ်။

လက်ပံတောင်းတောင်အရေးမှာ အစိုးရက အကြမ်းဖက် နှိပ်နင်းခဲ့တာကြောင့် ပြည်တွင်းပြည်ပက ကန့်ကွက်ဆန္ဒပြတာတွေ တိုးမြှင့်လာနေချိန်မှာပဲ KIOက အစိုးရရဲ့ လုပ်ရပ်အပေါ် ရှုတ်ချကြောင်း သဘောထားထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

လက်ပံတောင်း အရေးအပေါ် အဖွဲ့အစည်းရဲ့ သဘောထားကိုတော့ KIOအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က အခုလို ပြောပါတယ်။

“အစိုးရဖက်က ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ ကိစ္စအပေါ်မှာ ဝတ်ထားတဲ့ အဝတ်တွေ ပြောင်းလဲတဲ့ပုံစံကိုပဲ တွေ့ရတယ်။ ရုပ်အသွင်သဏ္ဍာန်ပဲ ပြောင်းလဲတယ်။ အတွင်းပိုင်းမှာရှိတဲ့ ပေါ်လစီပိုင်းဆိုင်ရာနဲ့ ပတ်သက် လို့တော့ ဘာမှ ပြောင်းလဲတာ မတွေ့သေးဘူး။ မြန်မာနိုငံမှာလွန်ခဲ့တဲ့ စစ်အစိုးရခေတ်မှာလည်း ဒီကိစ္စတွေက တော်တော် များများဖြစ်ခဲ့ဖူးတယ်။ ဒီလက်ပံတောင်းတောင်ကိစ္စမှာတော့ ပိုပြီးတော့ ဆိုးသွမ်းတဲ့ကိစ္စက ဘာလဲ ဆိုတော့ လူထု အပါအဝင် သံဃာတော်တွေအတော်များများဟာ မြင်တွေ့ရတဲ့ပုဂ္ဂိုလ်အားလုံး အံသြမင်သက် ကြောက်ရွံထိတ်လန့်တဲ့ ပုံသဏ္ဍာန်ဖြစ်ရအောင် အကြမ်းဖက်နှိမ်နင်းတဲ့အပေါ်မှာ ကျနော်တို့ KIO ကတော့ လုံး၀ လက်မခံနိုင်တဲ့ ကိစ္စတခုပါ။”

မြန်မာနိုင်ငံအတွင်းမှာ လက်ပံတောင်းတောင်လို့ လူထုလက်မခံတဲ့ စီမံကိန်းတွေ အများအပြားရှိနေကြောင်းနဲ့ လူထုက ဒီစီမံကိန်းတွေကို ဆန့်ကျင်ဆန္ဒပြလို့ အစိုးရက အကြမ်းဖက်နှိမ်နင်းမယ်ဆိုရင် KIO က ဆက်လက် ကန့်ကွက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
လောလောဆည်မှာတော့ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေပြီး ဒီရက်ပိုင်းအတွင်းမှာ ပိုမို ပြင်းထန်လာနေတယ်လို့ ဦးလာနန်က ဆက်ပြောပါတယ်။

“အစိုးရစစ်တပ်တွေကတော့ နိုဝင်ဘာလ လယ် ကနေစပြီးတော့ တပ်ရင်းတွေ တော်တော်များများပြန်တိုးတယ်။ စစ်ဆင်ရေးတွေသူတို့ လုပ်နေကြတယ်။ ထူးထူးခြားခြား လုပ်နေတဲ့ကိစ္စကတော့ ဝိုင်းမော်မြို့နယ်နဲ့ ဆဒုံးမြို့နယ် အတွင်းမှာ တိုက်ပွဲတွေက အခု ၃ရက်- ၄ရက် ဆက်တိုက်ဖြစ်သွားပြီ။ သူတို့ကတော့ စခန်းသိမ်းတိုက်ပွဲတွေ အတော်များများ လုပ်လာကြတယ်။ အင်အားကတော့ ကျနော်တို့ ခန့်မှန်းတာတော့ ၅၀၀ထက် မနည်းတဲ့အင်အားတွေသူတို့ လုပ်နေကြတယ်။ ခလရ၁၃တို့ ခလရ ၃၁၆တို့ပေါ့ဗျာ။ နောက်ပြီးတော့ မနေ့က ညနေပိုင်းကဆိုရင် ဝိုင်းမော်ဖက်ကနေပြီးတော့ အင်အား ၁၅၀လောက် ထပ်ပို့တာမျိုးတွေလုပ်တယ်။ နောက်ပြီးတော့ လားရှိုးဖက်ကနေ တက်လာတဲ့ တပ်မ၉၉ လက်အောက်ခံတွေ တက်လာတာမျိုးရှိတယ်။ အဲဒီမှာလည်း အင်အား ၂၀၀ကျော်လောက်ရှိတယ်။ မနေ့က သူတို့ ကချင်ပြည်နယ် မန်စီကို ဝင်ရောက်သွားကြပြီ။”

တချိန်တည်းမှာတော့ ဖားကန့်ဒေသဖက်မှာ တပ်အင်အားတိုးလာတာတွေရှိနေသလို ပန်ဝါဒေသဖက်မှာလည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ ပြောပါတယ်။

KIOနဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်က တရုတ်နိုင်ငံရွှေလီမြို့မှာ နောက်ဆုံးတွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ဆောင်ရွက်ဖို့ နှစ်ဖက်သဘောတူထားတာပေမဲ့ နောက်တကြိမ်ထပ်မံတွေ့ဆုံဖို့ဟာ မရေမရာရှိနေဆဲ ဖြစ်ပါတယ်။

“ အောက်တိုဘာ ၃၀ရက်နေ့မှာ နိုင်ငံရေးဆွေးနွေးဖို့ စပြီးလုပ်ကြဖို့ ပြောတာပါ။ ဘယ်တော့ပြန်လုပ်မယ်ဆိုတဲ့ ကိစ္စကတော့ အဲဒီဆွေးနွေးပွဲမှာ ယတိပြတ်ဆုံးဖြတ်ခဲ့တာမျိုး ဘာမှ မရှိခဲ့ဘူး။ ဘယ်နေရာမှာ လုပ်မယ်။ ဘယ်တော့ လုပ်မယ်ဆိုတဲ့ဟာမျိုး ဘာမှ ဆုံးဖြတ်ချက်မရှိခဲ့ဘူး။ ဆွေးနွေးပွဲက ၂နာရီအတော အတွင်းနဲ့ပဲ ပြီးသွားတဲ့ ကိစ္စပါ။ ဒါကြောင့် ဒီ ဘယ်တော့ ပြန်တွေ့ဆုံကြမယ်။ ဘယ်တော့လုပ်ကြမယ်ဆိုတဲ့ ကိစ္စကတော့ ပြောဖို့ စောသေးတယ်ခင်ဗျ။”

KIOအဖွဲ့ဟာ ၁၉၉၄ခုနှစ်ကနေ ၁၇နှစ် ကြာ အပစ်အခတ်ရပ်စဲခဲ့တဲ့နောက် ပြီးခဲ့တဲ့နှစ်ဇွန်လက တိုက်ပွဲတွေ ပြန်စခဲ့တာဖြစ်ပါတယ်။ တနှစ်ကျော်ကြာ စစ်ပွဲအတွင်းမှာတော့ ပြည်နယ်အဆင့်နဲ့ ၃ကြိမ်၊ ပြည်ထောင်စုအဆင့်နဲ့ ၄ကြိမ်၊ အလွတ်သဘော ၃ကြိမ်လောက် ဆွေးနွေးခဲ့ပေမဲ့ အခုချိန်ထိတော့ တိကျတဲ့ သဘောတူညီချက်မရသေးဘဲ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်။
ဒီတိုက်ပွဲတွေကြောင့် ဒေသခံ ၁သိန်းလောက်ဟာ တရုတ်မြန်မာနယ်စပ်နဲ့ မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော် စတဲ့မြို့တွေမှာ ရှောင်တိမ်းခိုလှုံနေကြရပါတယ်။
XS
SM
MD
LG