သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ရေးထက် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ KIA တောင်းဆို


ကချင်လွတ်လပ်ရေးအဖွဲ့ KIO က မူလတောင်းဆိုချက်အတိုင်း အပစ်အခတ်ရပ်စဲရေးထက် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေးက ပိုအရေးကြီးကြောင်းအဆိုကို ဒီကနေ့ နည်းပညာအကြံပေးအဖွဲ့ (Technical Team) ရုံးဖွင့်ပွဲ အခမ်းအနားမှာ ထပ်မံ ပြောကြားလိုက်ပါတယ်။ အစိုးရဘက်ကတော့ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲကျင်းပဖို့ အစီအစဉ်ရှိကြောင်းကို ထည့်သွင်းပြောခဲ့ပြီး Technical Teamတွေကို စနစ်တကျ ဖွဲ့စည်းပြီးတဲ့နောက် နှစ်ဘက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ လွယ်ကူ မြန်ဆန်လာမှာဖြစ်ကြောင်း ပြောပါတယ်။ အပြည့်အစုံကို ကိုမိုးဇော် က သတင်းပေးပို့ခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ နည်းပညာအကြံပေးအဖွဲ့ (Technical Team) ရုံးကို အင်္ဂါနေ့ မနက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်လိုက်ပြီး ရုံးဖွင့်ပွဲ အခမ်းအနားမှာ နှစ်ဘက်ခေါင်းဆောင်တွေက သူတို့ရဲ့ အမှာစကားမှာ ဒီလို မူဝါဒ လမ်းစဉ်တွေကို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အခမ်းအနား တက်ရောက်လာတဲ့ KIO ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က အဖွင့်မိန့်ခွန်း ပြောကြားရာမှာ အလေးထားပြောဆိုသွားတဲ့ အချက်ကိုတော့ KIO နည်းပညာအကြံပေးအဖွဲ့ ပြောခွင့်ရသူ ဆရာဒေါင်ခါးက အခုလို ပြောပါတယ်။

“အခု ဗမာပြည်ရဲ့ ရှေ့ဆက်မယ့် ခြေလှမ်းတွေက နိုင်ငံရေးအရ ဖြေရှင်းဖို့ လိုပါတယ်ဆိုတဲ့အကြောင်းပေါ့။ ပြီးရင် ဒီဗမာပြည်ရဲ့ ဖွဲ့စည်းပုံအရ nature အရ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ပုံစံဖြစ်ဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းတွေပေါ့ ဒါတွေ ပြောပါတယ်။ ဒီဥစ္စာက အစကတည်းကနေ KIA ရဲ့ တောင်းဆိုချက်၊ လိုလားချက်ပေါ့။ အပစ်အခတ်ရပ်စဲရေး ဆိုတဲ့ဟာက ဒီကနေ့မှာ ဟိုမှာ လုပ်ထားပြီးသား အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အခုချိန်ထိ လက်နက်တွေနဲ့ ပစ်တုန်း ခိုက်တုန်း သတ်တုန်း။ ဆိုတော့ ဒါတွေက မျက်မြင်သက်သေတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ အပစ်အခတ်ရပ်စဲရေး ဆိုတာထက် နိုင်ငံရေးအရ ဖြေရှင်းဖို့က ပိုအရေးကြီးတယ် ဆိုတဲ့အကြောင်း ပြောပါတယ်။”

အခမ်းအနားကို တက်ရောက်လာတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းကလည်း နိုင်ငံတော်သမ္မတရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှင်းလင်းပြခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်မှာတော့ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတရပ် ကျင်းပဖို့ ရည်ရွယ်ထားကြောင်းကို ထည့်သွင်းပြောကြားပါတယ်။

လောလောဆယ်မှာတော့ KIO အဖွဲ့ရဲ့ နည်းပညာအကြံပေးအဖွဲ့ကို KIO အဖွဲ့ဝင် ၅ ယောက်၊ အရပ်သားပညာရှင် ၁၀ယောက်နဲ့ ဖွဲ့စည်းထားပြီ ဖြစ်ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာတော့ အဓိက ညှိနှိုင်းဆောင်ရွက်ရမယ့် အချက်တွေကို သူတို့အဖွဲ့တွင်းမှာ ဆွေးနွေးပြီးတဲ့နောက် မြန်မာငြိမ်းချမ်းရေးစင်တာက နည်းပညာ အကြံပေး အဖွဲ့နဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီလို နည်းပညာ အကြံပေးအဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်နိုင်တာကြောင့် နောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ ပိုမိုလွယ်ကူ မြန်ဆန်လာမယ်လို့ ယုံကြည်ထားပါတယ်။

“Technical Team တွေကတော့ ရုံးဖွင့်ပြီးတဲ့နောက်ပိုင်းမှာ တောက်လျှောက် ဆွေးနွေးလို့ ရပါပြီ။ သူတို့ အဲ့ဒီမှာ ဆွေးနွေးတဲ့အချက်တွေကို ကျနော်တို့ လူကြီးတွေကို တင်ပြမှာပေါ့ဗျာ။ လူကြီးတွေကနေမှ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကျရင် သူတို့အတွက် လွယ်ကူသွားတာပေါ့။ အစည်းအဝေးကျမှ ဆွေးနွေး ငြင်းခုံနေတာထက်စာရင် Technical Team ဆိုတာ တခါတည်း ပါပြီးသား ဖြစ်လာမှာပေါ့ဗျာ။ အဲ့ဒီအတွက် ကျနော်တို့အတွက် အများကြီး အထောက်အကူ ဖြစ်တယ်။ လုပ်ငန်းတွေ ပိုပြီးတော့ လျှင်မြန်လာမယ်လို့လည်း ကျနော်က အဲ့ဒီလို တွက်လို့ရပါတယ်။”

မြစ်ကြီးနားမြို့ စီတာပူက မဂျွယ်ခန်းမမှာ ကျင်းပတဲ့ ရုံးဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဇွန်ငန်ဆိုင်း၊ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့နဲ့အတူ စုစုပေါင်း လူ ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

KIOရဲ့ နည်းပညာအကြံပေးအဖွဲ့ ရုံးဖွင့်လှစ်တဲ့နေ့မှာပဲ အစိုးရက မြန်မာပြည်အဝှမ်းမှာ အကျဉ်းသားတွေကို လွှတ်ပေးခဲ့ပါတယ်။ မြစ်ကြီးနားထောင်က အကျဉ်းသား ၁၃ ယောက် လွှတ်ပေးခဲ့တဲ့အထဲမှာ ဒီလ ၁၈ ရက်နေ့က မတရားသင်း ဥပဒေပုဒ်မ ၁၇ (၁) နဲ့ ထောင်ဒဏ် ၂ နှစ်ကျခံထားရတဲ့ ဦးလထော် ဘရန်ရှောင် ကို ပြန်လည် လွှတ်ပေးခဲ့ပါတယ်။
XS
SM
MD
LG