သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ မကြာခင် ထပ်မံကျင်းပမည်


မြစ်ကြီးနားမြို့မှာ ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
မြစ်ကြီးနားမြို့မှာ ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
မကြာခင်သီတင်းပတ်တွေအတွင်းမှာပဲ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ မြစ်ကြီးနားမြို့မှာ ပြန်ပြီးတော့ ဆုံတွေ့ကြဖို့ ရှိတယ်လို့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ တချိန်တည်းမှာပဲ ကချင်တပ်နဲ့ မြန်မာစစ်တပ်ကြား နယ်မြေတွင်း စစ်တပ်အပြောင်းအလဲနဲ့ စစ်တပ်အင်အား တိုးချဲ့လာမှုတွေ ရှိနေပြီး ကချင်ဒုက္ခသည်စခန်းတွေမှာလည်း စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ ကြုံနေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ အသေးစိတ်ကို မဆုမွန် က ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ပြည်တွင်းမှာ ပထမဆုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်ပြီးနောက်ပိုင်းမှာပဲ ကချင်တပ်နဲ့ မြန်မာအစိုးရကြား ညှိနှိုင်းစရာတွေ ကျန်ရှိနေသေးတဲ့အတွက် KIO ဘက်က ကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး မြန်မာအစိုးရ ကိုယ်စားလှယ်တို့ မြစ်ကြီးနားမြို့မှာ လာမယ့် သီတင်းပတ်တွေ အတွင်းမှာ ပြန်ပြီးတော့ ဆုံတွေ့ကြဖို့ စီစဉ်နေကြတယ်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ဗွီအိုအေကို ပြောပါတယ်။

“နှစ်ဘက်ခေါင်းဆောင်တွေ သဘောတူထားတာကတော့ သိပ်မကြာဘူးပေါ့နော်။ နှစ်ပတ် သုံးပတ်လောက်အတွင်းမှာ KIO ရဲ့ Technical Team တစ်ဖွဲ့ မြစ်ကြီးနားကို လာဖို့ ပြင်ဆင်နေတယ်လို့ပဲ ကျနော် နားလည်ပါတယ်။ အဲ့ဒါပြီးရင်တော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ Technical Team နဲ့ မြစ်ကြီးနားမှာပဲ ကျနော်တို့ ဒါ အသေးစိတ်တွေ ဆွေးနွေးဖို့ဆိုတဲ့ သဘောတူထားတာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ နှစ်ပတ် သုံးပတ်အတွင်းမှာ ဒီဆွေးနွေးပွဲတွေ ရှိမယ်။ ဒါပြီးသွားရင်တော့လည်း လူကြီးတွေ နှစ်ဘက်ခေါင်းဆောင်တွေပါတဲ့ ဆွေးနွေးပွဲတစ်ခု ပြန်ပြီးတော့ ဆောင်ရွက်နိုင်မယ်။ အဲ့ဒီဆွေးနွေးပွဲမှာတော့ အပစ်အခတ် ရပ်စဲနိုင်သည်အထိပေါ့လေ ကျနော်တို့ ဆောင်ရွက်နိုင်မယ်လို့ ယူဆပါတယ်။”

ပြီးခဲ့တဲ့လက မြန်မာအစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ခေါင်းဆောင် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ခေါင်းဆောင်တဲ့ ကချင်လက်နက်ကိုင်အဖွဲ့တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံခဲ့ကြပြီးနောက် လုံးဝ အပစ်အခတ် ရပ်စဲရေး မဟုတ်တဲ့ တိုက်ပွဲတွေ လျော့ကျရေး အပါအဝင် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆောင်ရွက်နိုင်ရေး သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။

နယ်မြေတွင်း ကချင်တပ်နဲ့ မြန်မာစစ်တပ် အောက်ခြေတပ်တွေမှာ ဖြစ်နေတဲ့ စစ်ရေးတင်းမာနေမှုတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်ဘက်ကဆိုပါတယ်။

“ယေဘုယျအားဖြင့်တော့ ကချင်ပြည်နယ်ထဲမှာတော့ ပစ်ခတ်မှုဖြစ်စဉ်ပေါ့နော် ပဋိပက္ခဖြစ်တဲ့ ပွဲတွေ ဖြစ်တာ၊ လုံး၀ မရှိသလောက်ပဲဗျ။ ဒါပေမဲ့ အရှေ့မြောက်ဘက်မှာတော့ အနည်းငယ်ပေ့ါလေ ကျနော်တို့ တိုက်ပွဲတွေ ရှိခဲ့တယ်လို့တော့ ကျနော်တို့ ကြားမိတယ်။ အရှေ့မြောက်မှာဖြစ်တာကတော့ တခြား တဘက်နဲ့တဘက် နားလည်မှု လွဲတဲ့ကိစ္စတွေလည်း ရှိနိုင်ပါတယ်။ အသေးစိတ်တော့ ကျနော်တို့ မသိသေးဘူး။ ကျနော်တို့သိတာနဲ့ အဲ့ဒီဆွေးနွေးပွဲမှာ နှစ်ဘက် သဘောတူထားတာကတော့ နှစ်ဘက် စစ်ရေး တင်းမာမှုတွေ လျှော့ချဖို့၊ တိုက်ပွဲတွေ မဖြစ်ဖို့၊ ပြီးရင်တော့ Technical Team တွေ ပြန်တွေ့ဖို့၊ ပြီးရင်တော့ နောက်တဆင့်အနေနဲ့ ဆောင်ရွက်နိုင်ဖွယ်ရှိရင်တော့ အပစ်အခတ်ရပ်စဲရေး သွားနိုင်ဖို့ ဆိုတာတွေ ရှိပါတယ်။”

KIO နဲ့ မြန်မာစစ်တပ်ကြား နှစ်ဘက်တိုက်ပွဲတွေ အရှိန်လျော့ချပြီး ငြိမ်းချမ်းရေး တွေ့ဆုံမှုတွေကနေ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဖော်ဆောင်နိုင်ဖို့ စီစဉ်ပြင်ဆင်နေကြတယ်လို့ အစိုးရဘက်က ပြောဆိုချိန်မှာပဲ မြန်မာစစ်တပ်ဘက်ကတော့ တပ်အပြောင်းအလဲတွေလုပ်တာ စစ်အင်အား တိုးချဲ့ ချထားတာတော့ ရှိတယ်လို့ KIO ပြောခွင့်ရ ဦးလာနန်က VOA ကို ပြောပါတယ်။

“အစိုးရတပ်တွေဘက်က တပ်အပြောင်းအလဲတွေတော့ ရှိကြတယ်။ သူတို့ နဂိုရှိပြီးသား တပ်တွေ ပြန်ပြီးတော့ အပြောင်းအလဲ လုပ်တာမျိုးပေါ့နော် လုပ်တာက ဒါ ရွှေလီ တွေ့ဆုံပွဲ နောက်ပိုင်းမှာ သိသိသာသာလေး ထိန်းထိန်းသိမ်းသိမ်းဖြစ်သွားတဲ့ ကိစ္စပါ။ ဒါကြောင့် ဒီ မြစ်ကြီးနား တွေ့ဆုံမှုရဲ့နောက်ပိုင်းမှာ နှစ်ဘက် တိုက်ပွဲတွေ လျှော့ချရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေးပွဲမှာ တော်တော်များများ ပြောခဲ့လို့ ဖြစ်တဲ့ကိစ္စလို့ပဲ ပြောလို့ရတယ်။”

အစိုးရနဲ့ KIO ကြား ဆွေးနွေးပွဲတွေမှာ ဒီ့ထက်ပိုပြီးတော့ ပွင့်လင်းမြင်သာမှုတွေ ရှိဖို့ လိုအပ်နေပြီးတော့ ကချင်ပြည်နယ်တွင်းမှာ အစိုးရတပ်ဘက်က စစ်အင်အားတွေ တိုးချဲ့ ချလာတာတွေ စစ်ရေးတင်းမာမှုတွေ ရှိနေသေးတဲ့အတွက် ငြိမ်းချမ်းရေး အစစ်အမှန် ရဖို့ ရှေ့အလားအလာတွေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကချင်အရေးလှုပ်ရှားသူ ဒေါ်ဘောက်ဂျာ ကလည်း သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

“ငြိမ်းချမ်းရေးကို ဖော်ဆောင်ချင်တယ် စစ်ကို လျှော့ချချင်တယ်ဆိုရင် ရှေ့ပိုင်းရောက်နေတဲ့ စစ်သားတွေကို ရှေ့မတိုးခိုင်းဘဲနဲ့ အကုန်လုံး ဆုတ်ခိုင်းလိုက်မယ်ဆိုရင် ဒါ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးက ဖြစ်နိုင်ချေ ရှိပါတယ်။ အခုက အဲ့လိုမျိုး မဟုတ်ဘဲနဲ့ တဘက်ကတော့ ငြိမ်းချမ်းရေးပြောပြီးမှ တဘက်ကတော့ နည်းလမ်းမျိုးစုံနဲ့ ပုန်းလျှိုးကွယ်လျှိုးပြီးတော့ သွားနေတယ်။ စစ်ဖြစ်နေတယ် ဆိုကတည်းက ဒါ ရိုးသားမှု မရှိဘူးလို့ ကျမ မြင်ပါတယ်။”

စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်စစ်ပြေး ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ ကြုံနေရပြီးတော့ လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေပြီး ဒုက္ခသည်စခန်းတွင်းက ဒုက္ခသည်ကလေးတွေအတွက် လိုအပ်နေတဲ့ ပညာရေးအတွက် စီစဉ်ဆောင်ရွက်နေကြရတယ်လို့ ကချင့်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
XS
SM
MD
LG