သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNFC က ခွဲထွက်ရေး KNU ပြန်လည်ဆွေးနွေးမည်


(ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)
(ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့အရေးပေါ်အစည်းအဝေးကို တပတ်ကြာ ကျင်းပခဲ့ပြီးတဲ့နောက် အမြင်ကွဲလွဲမှုတွေရှိနေတဲ့ ကော်သူလေတပ်မတော် ဖွဲ့စည်းရေးနဲ့ UNFC ကနေ ခွဲထွက်ရေးကိစ္စတွေဟာ အချေအတင် ဆွေးနွေးခဲ့ရပြီး ညီညွတ်ရေးအရ မဲခွဲဆုံးဖြတ်ရတဲ့ အခြေအနေထိ မရောက်ခဲ့ဘဲ အားလုံးလက်ခံနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးရဲ့ ၁၅ ကြိမ်မြောက် ကွန်ဂယက်အပြီးမှာ ၃ ကြိမ်မြောက်ဖြစ်တဲ့ အရေးပေါ်အစည်းအဝေးကို ဘားအံခရိုင် လေးဝါး ဆိုတဲ့ KNU ဌာနချုပ်မှာ ဗဟိုကော်မတီ ၄၇ ဦးနဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာတော့ အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေဖြစ်တဲ့ ကော်သူလေတပ်မတော် ဖွဲ့စည်းခြင်းကို မူအရ သဘောတူခဲ့ပြီး UNFC က ခွဲထွက်ရေးကိုတော့ ပြန်လည် ဆွေးနွေးကြဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ကြောင်း KNU ရဲ့ တွဲဘက်အတွင်းရေးမှူး ၂ ပဒိုမန်းမန်းက ပြောပါတယ်။

“မဲနဲ့ဆုံးဖြတ်ရတဲ့အဆင့်တော့ မရောက်ဘူး။ မဲနဲ့ ဆုံးဖြတ်ဖို့အတွက် တင်ပြတဲ့ ကိုယ်စားလှယ် ၁ ဦးလောက်ပဲ ရှိပါတယ်။ အခုတော့လည်းပဲ ကျနော်တို့ကတော့ မဲနဲ့ဆုံးဖြတ်တာထက်စာရင်တော့ အများလက်ခံနိုင်တဲ့ အများသဘောတူနိုင်တဲ့ ဆုံးဖြတ်ချက်မျိုးကို ကျနော်တို့ ရှာလိုက်တဲ့အခါကျတော့ KF မှာပဲဖြစ်ဖြစ်၊ UNFC နဲ့ ပတ်သက်တဲ့ ကိစ္စမှာပဲဖြစ်ဖြစ်၊ ဒီနှစ်ခုရဲ့ ပြန်လည်ပေါင်းစည်းရေးနဲ့ ခွဲထွက်ရေးဆိုတဲ့ ကိစ္စနှစ်ခုကြားမှာကိုပဲ ဒီအခြေခံပေါ်မှာကိုတော့ ကျနော်တို့ သတ်မှတ်ထားတဲ့ အချိန် အတိုင်းအတာထက် ကျနော်တို့ ပိုမိုပြီးတော့မှ ငြင်းခုန်ပြောဆို ဆွေးနွေးရတဲ့ အပေါ်မှာတော့ ဆက်လက်ပြီးတော့မှ ကျနော်တို့ UNFC နဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့ဆိုတာကို ကျနော်တို့ အလွတ် ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီ ကရင့်လက်နက်ကိုင်အဖွဲ့များ စည်းလုံးညီညွတ်ရေးကော်မတီဆိုတာကို ဖွဲ့စည်းထားတဲ့အတွက် ဒီအပေါ်မှာပဲ အခြေခံ စဉ်းစားပြီးတော့မှ ပြန်လည် စုစည်းနိုင်ဖို့၊ ဒီအဖွဲ့တရပ်အနေနဲ့ ကရင့်လက်နက်ကိုင်အဖွဲ့တွေ ပြန်လည်ပေါင်းစည်းနိုင်ဖို့ဆိုတာ လုပ်ငန်းတရပ်အနေနဲ့ ချမှတ်ထားတဲ့အပေါ်မှာတော့ KF နဲ့ပတ်သက်တဲ့ စုစည်းမှုကို အခြေခံတဲ့အတွက် ပြန်လည်ပေါင်းစည်းမှုကို အခြေခံတဲ့အတွက် မူအရ အစည်းအဝေးမှာ သဘောတူ လက်ခံခဲ့ပါတယ်။”

တကယ်တော့ KNU အတွင်းမှာ ဗဟိုခေါင်းဆောင်တွေကြား အမြင်ကွဲလွဲမှုတွေနဲ့ အချေအတင် ဖြစ်နေရာကနေ အခု အရေးပေါ် အစည်းအဝေးမှာတော့ ပွင့်လင်းမှုနဲ့ ညီညွတ်စွာ သဘောထားပေးခဲ့ကြတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ဆိုပါတယ်။

အစည်းအဝေးထဲမှာ နောက်ထပ် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တခုကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲဖို့က လက်ရှိ အဟန့်အတားဖြစ်နေတဲ့ အချက်တွေကို ပြေလည်မှုရမှသာ လက်မှတ်ထိုးနိုင်ဖို့ ကိစတွေကိုလည်း ဆွေးနွေး ဆုံးဖြတ်ချက် ချခဲ့တယ်လို့ ဆိုပါတယ်။

“တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့မှ NCCT နဲ့ UPWC တို့ရဲ့ ညှိနှိုင်းမှုမှာ တစ်ဆို့နေတဲ့ အခြေခံအချက်တွေ ၄၊ ၅ ချက်လောက်ရှိပါတယ်။ ဒီအပေါ်မှာကိုလည်းပဲ အဓိကကျတဲ့ အခြေခံအချက်တွေ ဖြစ်တဲ့အတွက် ဒီတွေ့ဆုံဆွေးနွေးရေးကို လက်မှတ်ထိုးနိုင်ဖို့က ဒီအချက်အလက်တွေကို ကျော်လွှားပြီးမှသာလျှင် လက်မှတ်ထိုးမယ်ဆိုတဲ့ အနေအထားပေ့ါနော် ဒါကိုလည်းပဲ သဘောထား တင်ပြရယူနိုင်ခဲ့တယ်ပေါ့လေ။”

KNU ဟာ နှစ်ပေါင်း ၆၀ ကျော် မြန်မာအစိုးရကို လက်နက်ကိုင် တိုက်လာတဲ့ အဖွဲအစည်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်းမှာ မြန်မာအစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတာပါ။ တပ်ပေါင်းစုတိုင်းမှာ ကမကထလုပ် ဦးဆောင်မှုပေးခဲ့တဲ့ အတွေ့အကြုံရှိခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ မကြာသေးခင်တုန်းက KNU အတွင်းမှာ ခေါင်းဆောင်တွေကြား အမြင်ကွဲလွဲမှုတွေနဲ့ ပတ်သက်လို့ ညီညွတ်စွာ လုပ်ဆောင်ကြဖို့နဲ့ ကရင်လက်နက်ကိုင်တပ်တွေ ပူးပေါင်းတာကို ကြိုဆိုခဲ့ပြီး UNFC ကနေ ခွဲမထွက်ဖို့ နိုင်ငံတကာရောက် ကရင်အမျိုသားအစည်းအရုံး အပါအဝင် ကရင်လူထု အခြေပြု အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

XS
SM
MD
LG