သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA ကို ကရင်လူထု ယုံရခက်


တနိုင်ငံလုံးအပစ်ရပ်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံကြစဉ်။
တနိုင်ငံလုံးအပစ်ရပ်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံကြစဉ်။

မနေ့က ရန်ကုန်မြို့မှာကျင်းပတဲ့KNU ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ကရင်တိုင်းရင်းသားပြည်သူတွေက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA ကိုသူတို့အနေနဲ့ သံသယရှိနေကြပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးအမြန်ဆုံးရဖို့လိုလားကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ကြပါတယ်။ ဒီအတောအတွင်းမှာပဲ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၇) ဖွဲ့လုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးမူအရ အောက်တိုဘာလအတွင်း NCA မှာ လက်မှတ်ရေးထိုးနိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းသွားမှာဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က စုံစမ်းတင်ပြပေးထားပါတယ်။

သြဂုတ်လ (၉) ရက်နေ့က NCA မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး နေပြည်တော်မှာ သမ္မတဦးသိန်းစိန်အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာတွေနဲ့ပတ်သက်ပြီး တိုင်းရင်းသားပြည်သူတွေကို ပြန်လည်ရှင်းလင်းတင်ပြဖို့ အတွက် ကရင်နဲ့ကချင် လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ KNU နဲ့ KIO ခေါင်းဆောင်တွေဟာ တိုင်းရင်းသား ပြည်သူတွေကို ရန်ကုန်မြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။

မနေ့က ရန်ကုန်မြို့မှာ လူထုနဲ့ တွေ့ဆုံပွဲကျင်းပခဲ့ရာမှာ KNU ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်နဲ့ အထွေထွေအတွင်းရေးမှူးပဒိုစောကွယ်ထူးဝင်းတို့ တက်ရောက် ခဲ့ကြပြီး တက်ရောက်လာကြတဲ့ တိုင်းရင်းသားတွေဘက်က အပစ်အခတ်ရပ်စဲရေး NCA စာချုပ်နဲ့ပတ်သက်လို့ သူတို့ရဲ့ စိုးရိမ်ချက်တွေကို ထုတ်ဖေါ်ပြောဆိုသွားတယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ပြောခွင့်ရတဦးလည်းဖြစ်၊ နေပြည်တော်တွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ တိုင်းရင်းသားအဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်လည်းဖြစ်တဲ့ နော်မေဦးက ပြောပါတယ်။

KNU ခေါင်းဆောင်တချို့ ရန်ကုန်မြို့မှာ ဒေသခံ ကရင်ပြည်သူများနဲ့တွေ့ဆုံပြီး သမ္မတနဲ့ဆွေးနွေးခဲ့သည်များကို ပြန်လည်ရှင်းလင်းတင်ပြစဉ်။ (စက်တင်ဘာ ၁၁၊ ၂၀၁၅၊ ဓာတ်ပုံ- စူစဲန်နာ စိုး)
KNU ခေါင်းဆောင်တချို့ ရန်ကုန်မြို့မှာ ဒေသခံ ကရင်ပြည်သူများနဲ့တွေ့ဆုံပြီး သမ္မတနဲ့ဆွေးနွေးခဲ့သည်များကို ပြန်လည်ရှင်းလင်းတင်ပြစဉ်။ (စက်တင်ဘာ ၁၁၊ ၂၀၁၅၊ ဓာတ်ပုံ- စူစဲန်နာ စိုး)

“လူထုကတော့ ဘယ်လိုပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးကိုတော့ လိုချင်ကြတာပေါ့။ ဒါပေမယ့် ငြိမ်းချမ်းရေးလိုချင်တယ်ဆိုပေမယ့်လည်း လူထုကလည်း အယုံအကြည်တော့ နည်းပါတယ်-အစိုးရအပေါ်မှာ။ အယုံအကြည်နည်းတော့ - ဒါကလည်း သူတို့အတွေ့အကြုံနဲ့ အယုံအကြည်နည်းတယ်။ အလျင်စလိုပဲလုပ်လိုက်လို့ရှိရင် တိုင်းရင်းသားအဖွဲ့ထဲက ဘယ်အဖွဲ့ကိုပဲဖြစ်စေ ဟိုတဖွဲ့ ဒီတဖွဲ့ချန်ထားလို့ရှိရင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုတာ မြောက်ပါ့မလား-ပေါ့။ ပြီးလို့ရှိရင် ဒီတဖွဲ့၊ ဟိုတဖွဲ့ချန်ထားခြင်းကော၊ အပစ်အခတ်တွေမရပ်ဘဲနဲ့ဆိုလို့ရှိရင် စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပါ့ မလား၊ အဲလိုမေးခွန်းလေးတွေ မေးတာတော့ရှိတယ်။ ဒါကလည်း ပြည်သူလူထုဘက်က သဘာဝကျကျ စိုးရိမ်ပူပန်မှု၊ မယုံကြည်မှု- ဒါတွေကို ဖော်ပြတယ်လို့ပဲ ကျမတို့မြင်တယ်လေ။”

အခုနောက်ဆုံးနေပြည်တော်က နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲမှာ NCA မှာ အားလုံးတညီတညွတ်တည်း လက်မှတ်ရေးထိုးနိုင်မယ့်အချိန်ကာလနဲ့ ပတ်သက်ပြီး ဆွေးနွေးချက်တွေကို နော်မေဦးက အခုလိုရှင်းပြသွားပါတယ်။

“အစိုးရဘက်ရော၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေဘက်ကရော နှစ်ဘက်စလုံး သဘောတူထားတာကတော့ အောက်တိုဘာလ ပထမအပတ်လောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက လိုလားတဲ့ အားလုံးပါဝင်ရေးမူကို နှစ်ဘက်စလုံးကနေပြီးတော့ - နှစ်ဘက်စလုံးဆိုတာက အစိုးရဘက်ကရော လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်ကရော ကြိုးစားလုပ်ဆောင်သွားမယ်ပေါ့လေ။ အောက်တိုဘာလ ပထမအပတ်မှာ လက်မှတ်ရေးထိုးနိုင်ဖို့၊ အားလုံးပါဝင်ရေးမူကို လက်တွေ့အကောင်အထည်ဖော်သွားနိုင်ဖို့ ကြိုးပမ်းသွားမယ်ဆိုတဲ့ သဘောတူညီချက်တော့ ရှိပါတယ်။”

သမ္မတဦးသိန်းစိန်အစိုးရဘက်ကတော့ ရွေးကောက်ပွဲမတိုင်ခင် NCA ကို အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ရေး သဘောထားရှိနေတာပါ။ တဘက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေး သဘောတူညီမှု အဆင့်ဆင့်ကို လက်တွေ့အကောင်အထည်ဖေါ် ဆောင်ရွက်တဲ့အပေါ်မှာ မူတည်နေတာကြောင့် NCA မှာ လက်မှတ်ရေးထိုးဖို့ အချိန်နဲ့ပတ်သက်လို့ အမာခံချက်မပေးနိုင်ပဲ ဖြစ်နေတယ်လို့ နော်မေဦးက ပြောပါတယ်။

KNU ခေါင်းဆောင်တချို့ ရန်ကုန်မြို့မှာ ဒေသခံ ကရင်ပြည်သူများနဲ့တွေ့ဆုံပြီး သမ္မတနဲ့ဆွေးနွေးခဲ့သည်များကို ပြန်လည်ရှင်းလင်းတင်ပြစဉ်။ (စက်တင်ဘာ ၁၁၊ ၂၀၁၅၊ ဓာတ်ပုံ- စူစဲန်နာ စိုး)
KNU ခေါင်းဆောင်တချို့ ရန်ကုန်မြို့မှာ ဒေသခံ ကရင်ပြည်သူများနဲ့တွေ့ဆုံပြီး သမ္မတနဲ့ဆွေးနွေးခဲ့သည်များကို ပြန်လည်ရှင်းလင်းတင်ပြစဉ်။ (စက်တင်ဘာ ၁၁၊ ၂၀၁၅၊ ဓာတ်ပုံ- စူစဲန်နာ စိုး)

အထူးသဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က လက်နက်ဖျက်သိမ်းရေး၊ လက်နက်ချရေးဆိုတဲ့သူရဲ့ သဘောထားကိုသတင်းမီဒီယာတွေကို ပြောဆိုခဲ့တာတွေနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်အပေါ် ယုံကြည်မှုတွေလျော့နည်းခဲ့တယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက တုံ့ပြန်ထားတာပါ။ ဒါနဲ့ပတ်သက်လို့ နေပြည်တော်တွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတယ်လို့ နော်မေဦးကဆိုပါတယ်။

“ဒီ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကနေပြီးတော့ နိုင်ငံတော်သမ္မတနဲ့တွေ့ဆုံဖို့ ညှိတဲ့အခါမှာ၊ တောင်းဆိုတဲ့အခါမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုပါ တွေ့ဆုံဖို့ဆိုတာ သဘောထားတင်ပြထားတာ ရှိပါတယ်။ နိုင်ငံတော်သမ္မတကြီးနဲ့အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုပါ တွေ့ဆုံဖို့၊ ဒါပေမယ့်လည်း ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံခြားခရီးစဉ်နဲ့ အပြင်ရောက်နေတယ်။ …ဆိုတော့ ကာကွယ်ရေးဦးစီးချုပ်မပါဘူးပေါ့။ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ၊ သူတို့ဘက်ကနေပြီးတော့ တပ်မတော်ရဲ့အခန်းကဏ္ဍမှာ သူတို့ရဲ့ရှိတဲ့ တင်ပြစရာရှိတာတော့ တင်ပြသွားတယ်။ အစိုးရဘက်ကလည်း ဖြေကြားသွားတာတွေ ရှိပါတယ်။ ဥပမာဆိုလို့ရှိရင် ကာကွယ်ရေးဦးစီးချုပ်က အမြဲတမ်းပြောနေတဲ့ လက်နက်ဖျက်သိမ်းရေးတို့၊ လက်နက်ချဖို့၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်း- ဒီကိစ္စတွေအပေါ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကနေပြီးတော့ သူတို့ရဲ့အမြင်တွေ၊ သူတို့ရဲ့သဘောထားတွေကို တင်ပြခဲ့ပြီးတော့ နိုင်ငံတော်အစိုးရဘက်ကို ရှင်းလင်းပေးဖို့ တောင်းဆိုတာ ရှိခဲ့တယ်။ နိုင်ငံတော်အစိုးရကလည်း ပြန်ရှင်းပါတယ်။ ဒီကိစ္စက နိုင်ငံတော်အစိုးရက လုပ်တယ်ဆိုတဲ့အခါမှာ တပ်မတော်ကလည်း သဘောထားတခုအနေနဲ့ ပါဝင်လာတယ်ဆိုတာကိုလည်း ပြောပြပါတယ်။”

တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကကြိုးပမ်းနေတဲ့ အောက်တိုဘာလအတွင်း NCA မှာ တညီတညွတ်တည်း အားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင် (၁၇) ဖွဲ့ကတော့ လက်ရှိ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကချင် KIO ၊ ကိုးကန့် MNDAA၊ တအောင်းပလောင် TNLA၊ ရခိုင်တပ်မတော် AA တို့အပါအဝင် KNU ၊ DKBA ၊ KPC ၊ CNF ၊ SSPP ၊ KNPP ၊ NMSP ၊ PNLO ၊ ALP ၊ ANC ၊ WNO ၊ LDU၊ PSLF စတဲ့ (၁၆) ဖွဲ့နဲ့ ကျောင်းသားတပ်မတော် ABSDF တို့ဖြစ်ကြပါတယ်။

XS
SM
MD
LG