သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တွေ့ဆုံဆွေးနွေးမှု အမြန်လုပ်ဖို့ KNU တိုက်တွန်း


KNU နဲ့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ မြဝတီမြို့မှာ တွေ့ဆုံခဲ့စဉ်။ (သြဂုတ်လ ၅၊ ၂၀၁၂)။
KNU နဲ့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ မြဝတီမြို့မှာ တွေ့ဆုံခဲ့စဉ်။ (သြဂုတ်လ ၅၊ ၂၀၁၂)။
KNU ကရင်အမျိုးသားအစည်းအရုံး နဲ့ မြန်မာအစိုးရ တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေသေးတာကြောင့် ငြိမ်းချမ်းရေး အတွက် နောက်ထပ် တွေ့ဆုံမှုတွေ မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ KNU က ပြောလိုက်ပါတယ်။ KNU နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ အကြား နောက်ထပ် တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေပေမဲ့ ဖြစ်မလာသေးတာကြောင့် KNU က အခုလို တိုက်တွန်းလိုက်တာပါ။ အသေးစိတ်ကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်တဲ့ အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့အကြား တနင်္လာနေ့မှာ တတိယအကြိမ် ထပ်မံ တွေ့ဆုံဖို့ ပြောဆိုထားပေမဲ့ မြန်မာအစိုးရဘက်က အဆင်မပြေသေးတာကြောင့် ရက်ရွှေ့ဆိုင်းလိုက်တာ ဖြစ်တယ်လို့ KNU က ဒီကနေ့ ပြောဆိုခဲ့တာပါ။ နှစ်ဘက်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးထားပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတာကြောင့် ဒီကိစ္စကို ပိုပြီး ခိုင်မာအောင် ကရင်ပြည်နယ် ဘားအံမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ မူလက စီစဉ်ထားတာဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့် ရှိသူ နော်မေဦး က ပြောပါတယ်။

"သြဂုတ်လ ၅ ရက်နေ့က ကျမတို့ မြဝတီမှာ ကြိုတင်ညှိနှိုင်းအစည်းအဝေးဆိုပြီး လုပ်ခဲ့တာရှိပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ကျမတို့က ဘယ်နေရာမှာတွေ့မယ်။ ဘယ်နေ့မှာတွေ့မယ်။ ဘယ်အကြောင်းတွေ ပြောမယ်ဆိုတာကို ဆွေးနွေးခဲ့တာဖြစ်တယ်။ ဆုံးဖြတ်ချက် တွေ ချခဲ့တာဖြစ်တယ်။ ၂၇ ရက်နေ့မှာ မနက်ဖြန်ပေါ့လေ တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲဟာ သြဂုတ်လ ၅ ရက်နေ့တုန်းက ကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲရဲ့ အဖြေဖြစ်ပါတယ်။"

ဒါပေမဲ့လည်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း ကတော့ နှစ်ဘက်ကိုယ်စားလှယ်တွေအကြား တနင်္လာနေ့ တွေ့ဆုံမှာ မဟုတ်သလို ထပ်မံတွေ့ဆုံမယ့် ရက်ကို ညှိနှိုင်းရဦးမယ်လို့ အခုလို ပြောပါတယ်။
"ကျနော်သိထားတာကတော့ - မြဝတီမှာ တွေ့စဉ်ကာလတုန်းက အဲ့ဒီရက်ပိုင်းလောက် ဖြစ်ချင်ဖြစ်နိုင်တယ်။ မနက်ဖြန် ဆိုတာကိုတော့ သေသေချာချာ သတ်မှတ်ခဲ့တာ မဟုတ်သေးပါဘူး။ နှစ်ဘက်စလုံးက အဆင်ပြေတဲ့ရက်ကို ပြန်ညှိမယ်လို့ပဲ ပြောတာ၊ ရက်ရွှေ့လိုက်တာ မဟုတ်ပါဘူး။ ညှိနှိုင်းကတည်းက ၂၇ မှာ တွေ့မယ်ဆိုတဲ့ အတိအကျ အဲ့လို သတ်မှတ်ခဲ့တာ မဟုတ်ပါဘူး။ အခုကတော့ မနက်ဖြန် တွေ့ဖို့ အစီအစဉ် မရှိပါဘူးခင်ဗျ။ တွေ့ဖို့ကတော့ နှစ်ဘက်စလုံးက အခြေအနေပေးတဲ့ အချိန်မျိုးဖြစ်ပါလိမ့်မယ်။ ဟိုဘက်မှာလည်း အဆင်ပြေမယ့်ရက်၊ ဒီဘက်မှာလည်း ပြည်ထောင်စုဝန်ကြီးတွေက အလုပ်ကိစ္စလေးတွေ သူတို့ ရှိနေတဲ့အခါကျတော့ ရက်ကို ပြန်ညှိကြရလိမ့် မယ်နဲ့ တူပါတယ်။"

KNU ကတော့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး မရှိသေးသ၍ ကရင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမှာမို့ - ဒီလ ၅ ရက်နေ့က မြဝတီမြို့မှာ လုပ်ခဲ့တဲ့ ကြိုတင်ညှိနှိုင်း အစည်းအဝေးအတွင်း ပြည်သူလူထုဘ၀ လုံခြုံရေး အာမခံနိုင်မယ့်ကိစ္စကို အဓိကထား ဆွေးနွေးဖို့ ရှိတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ နော်မေဦး က အခုလို ဆက်ပြောပြပါတယ်။

"ကျမတို့က တတိယအကြိမ်မှာ ပြည်သူ့လူထုဘ၀ လုံခြုံရေးဆိုတဲ့အချက်ရဲ့အောက်မှာ အဓိက အချက်ကြီး ၂ ချက်ကို ဆွေးနွေးဖို့အတွက် ဆုံးဖြတ်ချက်ချထားပါတယ်။ ဒါက နှစ်ဦးနှစ်ဘက် အသိပေးထားပြီးသား၊ သဘောတူထားပြီးသား။ ဘာတွေလဲဆို ရင် ပြည်သူလူထုဘ၀ လုံခြုံရေး အာမခံနိုင်ဖို့အတွက် တပ်နေရာ ပြန်လည်ချထားရေးနဲ့ နှစ်ဦးနှစ်ဘက် လိုက်နာရမယ့် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ကျင့်ဝတ်များဆိုတဲ့ ဒီနှစ်ချက်ကို ဆွေးနွေးဖို့အတွက် ဆုံးဖြတ်ထားပါတယ်။"

အခုလို တတိယအကြိမ် ဆွေးနွေးပွဲ မဖြစ်မြောက်သေးပေမဲ့ - အစိုးရ နဲ့ ကေအန်ယူအကြား တဖက်နဲ့တဖက် ယုံကြည်မှု တည်ဆောက်နေ တာမှာ - အပြန်အလှန် နားလည်မှုနဲ့ ငြိမ်းချမ်းရေးရအောင် ဆွေးနွေးနိုင်တဲ့အဆင့်မှာတော့ ရှိတယ်လို့ ကေအန်ယူက အသိအမှတ်ပြုခဲ့ ပါတယ်။ ဒါကြောင့်လည်း ကရင်ပြည်နယ်တွင်းမှာ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်နိုင်ဖို့အတွက် အမြန်ဆုံး တွေ့ဆုံကြဖို့ကို KNU က တိုက်တွန်းခဲ့ပါတယ်။

မြန်မာအစိုးရနဲ့ KNU အကြားမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့က ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးနဲ့ ဧပြီလ ၆ ရက်နေ့က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြတာပါ။ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပထမဆုံးအကြိမ် KNU နဲ့ ငြိမ်းချမ်းရေးအတွက် အခုလို လက်မှတ်ရေးထိုးနိုင်တဲ့အထိ သမိုင်းဝင် ဖြစ်ခဲ့ပြီး - KNU အနေနဲ့လည်း တော်လှန်ရေးကာလ ၆၃ နှစ်တာ အတွင်းမှာ ဒီဆွေးနွေးမှုတွေဟာ ပွင့်လင်းမြင်သာပြီး တန်းတူရည်တူ မျှတမှုရှိတာကို တွေ့ရတယ်လို့ မှတ်ချက်ချခဲ့ပါတယ်ရှင်။
XS
SM
MD
LG