သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNFC အဖွဲ့ဝင်အဖြစ်က KNU ခေတ္တရပ်ဆိုင်း


KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဇူလိုင်လကုန်ပိုင်းက NCCT အစည်းအဝေးတက်ရောက်နေစဉ်။
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဇူလိုင်လကုန်ပိုင်းက NCCT အစည်းအဝေးတက်ရောက်နေစဉ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကနေ ကရင် အမျိုးသား အစည်းအရုံး KNU က ယာယီနုတ်ထွက်လိုက်ပါတယ်။ ဖွဲ့စည်းပုံနဲ့ မူဝါဒပိုင်းဆိုင်ရာကွဲလွဲမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းအပြည့်အစုံကို တော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC ရဲ့ပထမဆုံးညီလာခံကို ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ကျင်းပနေပြီး အစည်းအဝေးရဲ့ လေးရက် မြောက်နေ့ဖြစ်တဲ့ သြဂုတ်လ ၃၁ ရက်နေ့မှာ KNU ကိုယ်စားလှယ်အဖွဲ့က အစည်းအဝေးကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ ဒီလို ထွက်ခွာတာဟာ အစည်းအဝေးတွင်း မကျေလည်မှုကြောင့် အစည်းအဝေးခန်းက ထွက်ခွာတာလို့ ပြောဆိုတာရှိသလို UNFC အဖွဲ့ကနေ နုတ်ထွက်တာလို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။

UNFC ညီလာခံကို ကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက်ခဲ့တဲ့ KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စောထာဒိုမှူးကတော့ UNFC အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ထားတာ ဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“ဒီလိုပါ၊ ကျနော်တို့က ဒီအစည်းအဝေးပွဲကနေ ထွက်ခွာသွားတယ်ပေါ့နော်၊ ရှင်းရှင်းပြောရရင်တော့ သူတို့ရဲ့ Institution နဲ့ KNU ရဲ့မဟာမိတ်ပိုင်းဆိုင်ရာ မူဝါဒနဲ့က ကွဲလွဲနေတဲ့အခါကျတော့ ကျနော်တို့ ဘယ်လိုမှ လက်ခံလို့မရဘူး။ အဲဒီအတွက်ကြောင့် ကျနော်တို့က ခန်းမထဲကနေ ထွက်သွားတယ်၊ ပြီးတော့ ကျနော်တို့ အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းမှ လောလောဆယ်မှာ ရပ်ဆိုင်းထားတာပေါ့နော်။”

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးက UNFC ညီလာခံ သဘာပတိအဖွဲ့ကို ပေးပို့တဲ့စာမှာတော့ လက်ရှိကျင်းပနေတဲ့ UNFC ညီလာခံကို KNU က ပေးပို့ထားတဲ့ ကိုယ်စားလှယ်၊ လေ့လာသူနဲ့ ရုံးအဖွဲ့ဝင်တွေကို ရုပ်သိမ်းလိုက်ကြောင်း၊ UNFC ကို KNU ကိုယ်စားလှယ်အဖြစ် ပေးပို့ထားတဲ့သူတွေကိုလည်း ရုပ်သိမ်းလိုက်ကြောင်းနဲ့ UNFC ရဲ့ ရှေ့ညီလာခံသက်တမ်းအတွက် တာဝန်ထမ်းဆောင်မယ့် ကိုယ်စားလှယ်ကိုလည်း စေလွှတ်တော့မှာ မဟုတ်ကြောင်း ဖော်ပြထားပါတယ်။

UNFC နဲ့ အဓိက သဘောထားကွဲလွဲတဲ့အချက်ကိုတော့ စောထာဒိုမှူးက အခုလို ဆက်ပြောပါတယ်။

“UNFC ရဲ့ ပေါ်လစီက ဘာဖြစ်သွားလဲ-ဆိုတော့ အဖွဲ့ဝင်အကုန်လုံးက ကိုယ်စားလှယ်တွေ ပို့တယ်၊ ပို့တဲ့ကိုယ်စားလှယ်ကနေပြီးတော့ ဥက္ကဋ္ဌကို ရွေးလိုက်တယ်။ အဲဒီ ဥက္ကဋ္ဌကနေ အကုန်လုံးကို အာဏာကို ကိုင်ထားတယ်ဆိုတဲ့ တကယ့် Institution ကြီးတခုပုံစံမျိုးနဲ့ ဖြစ်တဲ့အခါကျတော့ ကျနော်တို့ရဲ့မူအရ မဟာမိတ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ပတ်သက်တော့ လုံးဝ သွားဆန့်ကျင်သွားတယ်။ သူတို့ဟာက top-down ဖြစ်ပြီးတော့ ကျနော်တို့ကကျတော့ Horizontal ပုံစံမျိုးနဲ့အတူတကွ ဘယ်လိုပူးပေါင်းပြီး လုပ်ကိုင်ကြမယ်ဆိုတဲ့ အခြေခံနဲ့သွားတယ်။ အဲဒီမှာက အဓိကသွားကွဲတယ်ဗျ။ ကျနော်တို့ရဲ့အရေးအရာ- ကျနော်တို့ နှစ် ၆၀ မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ အခုလို အရေးကြီးတဲ့ အခြေအနေမျိုးမှာ ကျနော်တို့ရဲ့အရေးအရာကို UNFC လက်ထဲအပ်ပြီးတော့ UNFC ဆုံးဖြတ်သလို ကျနော်တို့လိုက်ရမယ်ဆိုတာ ကျနော်တို့က အဲဒီအပိုင်းကို ပြန်စဉ်းစားဖို့လိုပါတယ်။ အဲဒါကြောင့်ပဲ ဖြစ်ပါတယ်။”

KNU အနေနဲ့ UNFC က နုတ်ထွက်၊ မထွက်ဆိုတာကိုတော့ ဗဟိုကော်မတီအစည်းအဝေးကနေ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ KNU ရဲ့ဗဟိုကော်မတီအစည်းအဝေးကို စက်တင်ဘာလအတွင်းမှာ ကျင်းပဖို့ ရှိတယ်လို့လည်း ပြောပါတယ်။ KNU အနေနဲ့ အခုလို UNFC က လောလောဆယ် နုတ်ထွက်ထားပေမဲ့ KNU ပါဝင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နဲ့ ဖွ့ဲစည်းထားတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT မှာ ဆက်လက်ပါဝင်ပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ပူးပေါင်းပါဝင်သွားမယ်လို့လည်း ပြောပါတယ်။

UNFC ညီလာခံကို KNU က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်တွေဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်နဲ့ စောထာဒိုမှူးတို့ ကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက်ခဲ့ပြီး UNFC ဒုဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ KNU မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ပဒိုဒေးဗစ်တာကပေါနဲ့ UNFC တွဲဖက် အတွင်းရေးမှူး-၁ တာဝန်ယူနေတဲ့ ပဒိုမန်းမန်းတို့က လေ့လာသူတွေအဖြစ် ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့မှာတော့ KNU ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ခုလို သဘောထားကွဲလွဲတဲ့အပေါ် UNFC ကို တောင်းပန်ကြောင်းနဲ့ KNU ရဲ့ ၁၅ ကြိမ်မြောက် ညီလာခံက ချမှတ်ထားတဲ့အတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ခိုင်မာတဲ့တပ်ပေါင်းစု တည်ဆောက်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း စာရေးသား ပေးပို့ခဲ့ပါတယ်။

လက်ရှိ UNFC ရဲ့ အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟံသာကတော့ KNU ပြန်လည်ပါဝင်ရေးအတွက် တံခါးဖွင့်ထားကြောင်း ပြောပါတယ်။

“အပြတ်ကြီးတော့ မဟုတ်သေးဘူးဗျ။ သူတို့ကတော့ ဗဟိုကော်မတီမှာ ပြန်ပြီးတော့မှ ထိုင်ပြီးတော့မှ ဆွေးနွေးဆုံးဖြတ်ချက် ယူကြအုံးမှာလေ။ ကျနော်တို့ကတော့ တိုင်းရင်းသားအဖွဲ့အစည်းအားလုံးကို ကျနော်တို့ လမ်းဖွင့်ထားပေးမယ်လေ။”

ဒီကနေ့မှာ UNFC ရဲ့ညီလာခံ ပဉ္စမမြောက်နေ့ကို ဆက်လက်ကျင်းပခဲ့ပြီး ဖွဲ့စည်းပုံနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့သလို မပြီးပြတ်သေးတာတွေကို မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးသွားဖို့လည်း ရှိနေပါတယ်။

XS
SM
MD
LG