သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖွဲ့အားလုံးပါဝင်မှ NCA ကို KNU လက်မှတ်ထိုးမည်


ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နှင့် ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် နော်စီဖိုးရာစိန် (ယာ)
ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နှင့် ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် နော်စီဖိုးရာစိန် (ယာ)

လက်ရှိ မြန်မာအစိုးရနဲ့ ညှိုနှိုင်းဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၇)ဖွဲ့လုံးပါမှ KNU အနေနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးသွားမှာ ဖြစ်တယ်လို့ ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ပြောပါတယ်။ ဒါ့အပြင် NCA မှာလက်မှတ်ထိုးပြီးတာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ လက်နက်တွေကို ဖျက်သိမ်းရမယ်ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောဆိုချက်ကို သူတို့အနေနဲ့လက်မခံကြောင်း နော်စီ ဖိုးရာစိန်က ဗွီအိုအေကိုပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

အပစ်အခတ်ရပ်စဲရေးစာချုပ် NCA အတွက် မြန်မာအစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၅) ဖွဲ့ကို သြဂုတ်လ (၁၁) ရက်နေ့က သီးခြားကမ်းလှမ်းခဲ့ပြီးနောက် ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ဒီမိုကရေစီအကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KPC) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့က NCA စာချုပ်မှာ သဘောတူလက်မှတ်ရေးထိုးသွားမယ်ဆိုတဲ့ကြေညာချက် သြဂုတ်လ (၁၇) ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။

ဒါပေမဲ့ KNU အနေနဲ့ ဒီလို တိုင်းရင်းသားအဖွဲ့ သုံးလေးဖွဲ့ထဲနဲ့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့အစီအစဉ်မရှိဘဲ အားလုံးပါဝင်နိုင်ရေး ဦးဆောင်ကြိုးပမ်းနေကြောင်း KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“အဲဒါကတော့ ကျမတို့ လေးဖွဲ့လား၊ ငါးဖွဲ့လားထိုးထားတာတော့ ကျမတို့ ဆုံးဖြတ်ချက်မရှိပါဘူး။ ကျမတို့ကတော့ အခြား တိုင်းရင်းသားအဖွဲ့တွေလည်း အတူတကွထိုးမယ်လို့ပဲ အဲဒါ ဆုံးဖြတ်တာရှိတယ်။ ဒါပေမယ့် ဒီလေးဖွဲ့လောက်ပဲ၊ ငါးဖွဲ့လောက်ပဲ ထိုးတာတော့ ကျမတို့ ဒါ ဆုံးဖြတ်ချက်မရှိဘူး။”

ဟုတ်ကဲ့။ တဘက်မှာ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေဖိုးကိုယ်တိုင် မြန်မာအစိုးရနဲ့ NCA မှာ လက်မှတ်ရေးထိုးဖို့ သဘောတူတယ် ဆိုပြီးတော့ လက်မှတ်ရေးထိုးထုတ်ပြန်ထားပါတယ်။ အဲဒါဆိုတော့ KNU ထဲမှာ ဆရာမတို့အချင်းချင်း သဘောထားကွဲနေတယ်တို့ ယူဆနိုင်မလားရှင့်။

“ကျမတို့ဆုံးဖြတ်ချက်ကတော့ ထိုးမယ်လို့ သဘောထားရှိတယ်ပေါ့လေ။ ဒါပေမယ့် အခြားတိုင်းရင်းသားတွေနဲ့ အတူတကွထိုးမယ်လို့ သဘောထား ရှိတာပေါ့။ ဒါပေမယ့် တဖွဲ့ချင်း၊ သုံးလေးဖွဲ့-အဲဒါကတော့ မရှိပါဘူး၊ အဲဒီ မရှိတဲ့အပေါ်မှာတော့ ကျမတို့က ဘယ်လို ဘယ်နှစ်ဖွ့ဲ ရှိမလဲဆိုတာတော့ ဆွေးနွေးသွားမှာဖြစ်တယ်။”

ဒီအတောအတွင်းမှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာ Andrew Silas Patrick နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NCA မှာ လက်မှတ်ရေးထိုးပြီးရင် သူတို့ရဲ့ လက်နက်တွေကို ဖျက်သိမ်းရမယ်ဆိုတဲ့သဘောထားပြောဆိုခဲ့ပါတယ်။ ဒီသဘောထားကို သူတို့အနေနဲ့လက်မခံနိုင်ကြောင်း နော်စီဖိုးရာစိန်ကပြောပါတယ်။

“အဲဒါကတော့ ကျမတို့က လက်မခံဘူးပေါ့။ SSR နဲ့ DDR အမြဲပဲ ဒီလိုပြောတာပေါ့။ လုပ်မယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့။ လက်မခံဘူးပေါ့။”

KNU အပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ NCA စာချုပ်မှာ အားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သြဂုတ်လ (၂၁) ရက်နေ့ကနေ (၂၃) ရက်ထိ သုံးရက်တာဆွေးနွေးညှိနှိုင်းနေကြပါတယ်ရှင်။

XS
SM
MD
LG