သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ မျိုးဆက် ကိုဌေးကြွယ် ဝါရှင်တန်ဒီစီ မြန်မာ မိသားစုနဲ့တွေ့


၈၈ မျိုးဆက်ခေါင်းဆောင် ကိုဌေးကြွယ် ဝါရှင်တန်ဒီစီ ဒေသတဝိုက် မြန်မာမိသားစုများနဲ့ တွေ့ဆုံစဉ်။ (မတ်လ ၁၆ ရက်၊ ၂၀၁၃)။
၈၈ မျိုးဆက်ခေါင်းဆောင် ကိုဌေးကြွယ် ဝါရှင်တန်ဒီစီ ဒေသတဝိုက် မြန်မာမိသားစုများနဲ့ တွေ့ဆုံစဉ်။ (မတ်လ ၁၆ ရက်၊ ၂၀၁၃)။
အမေရိကန်ပြည်တောင်စုကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်တဲ့ ကိုဌေးကြွယ်ဟာ အခုမနက်ပိုင်း အသံလွှင့်နေချိန်မှာပဲ ဝါရှင်တန်ဒီစီ ဧရိယာမှာရှိတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲဖြစ်ဖို့ အတွက်ရော၊ သူအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက်ကိုပါ နိုင်ငံခြားမှာရောက်နေတဲ့ မြန်မာတွေ ဝိုင်းဝန်းတောင်းဆိုခဲ့ကြတာကို အဓိက ကျေးဇူးတင်စကားပြောချင်တယ်လို့ ကိုဌေးကြွယ်က ပြောပါတယ်။ သူ့အနေနဲ့ အမေရိကရောက် မြန်မာမိသားစုတွေဆီကရော ဘယ်လိုစကားတွေကြားချင်သလဲ။ ဘယ်လိုမျှော်လင့်ချက်တွေ ရှိသလဲဆိုတာကိုတော့ ကိုဌေးကြွယ်ကို ဆက်သွယ်မေးထားတဲ့ မစုမြတ်မွန်က တင်ပြထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေ သွားရောက် တင်ပြခဲ့ပြီးနောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်တဲ့ ကိုဌေးကြွယ်ဟာ
အမေရိကန်ပြည်ထောင်စုမှာ မတ်လ လ ၁၃ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီ မြို့တော်ဝန်းကျင်မှာရှိတဲ့ မြန်မာမိသားစုတွေကို စနေနေ့က မတွေ့ဆုံခင်မှာ ကိုဌေးကြွယ်ကို ဆက်သွယ်ပြီး သူ့အနေနဲ့ ဘာတွေကြားရဖို့ မျှော်လင့်သလဲ ဘယ်လိုအကြောင်းအရာတွေကို ပြောဖို့ရှိသလဲဆိုတာကို မေးကြည့်ပါတယ်။

“ပြောဖို့ကတော့ ကျနော်တို့က အားလုံးက တသားတည်းဖြစ်တယ်၊ ကျနော်တို့က ပြည်တွင်းမှာ ကျနော်တို့ တတ်နိုင်သလောက် လုပ်ကိုင်ပေးတဲ့အခြေအနေမှာပဲ ပြည်ပမှာရောက်ရှိနေ တဲ့ နိုင်ငံသားအရေး၊ ဒီမိုကရေစီ လုပ်ဖော်ကိုင်ဖက်တွေဟာ အမြဲတမ်းပဲ မြန်မာ့နိုင်ငံရေး အတွက် မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးအတွက် လိုအပ်တဲ့ အခင်းအကျင်းမှန်သမျှကို အင်တိုက်အားတိုက် ဝိုင်းပြီးဆောင်ရွက်ခဲ့ကြတဲ့အရာတွေကို ကျေးဇူးတင်တယ် ဆိုတာကိုလည်း ပြောချင်တယ်။

"ပြီးတော့ ကျနော်တို့ ထောင်ထဲမှာရှိနေတဲ့အချိန်ပေါ့လေ။ အားလုံးဟာ ကျနော်တို့တိုင်းပြည်တွင်းက ကျနော်တို့ ပြည်သူတွေအားလုံး ဝိုင်းဝန်းတောင်းဆိုခဲ့ကြ သလိုပဲ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ ကျနော်တို့ မြန်မာအသိုင်းအဝိုင်းတွေဟာ တခဲနက်ကို ကျနော်တို့ရဲ့ ပြန်လည်လွတ်မြောက်ရေး အတွက်ကိုလည်း ဝိုင်းဝန်းပြီးတော့ ကြိုးပမ်းခဲ့ကြတယ်။ ကျနော် ဒီကနေ့ ဒီနေရာကိုရောက်နေခြင်းကသည်ပင်လျင် ဒီ ကျနော်တို့ မိတ်ဆွေအားလုံးတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုကြောင့်၊ ဒီမိတ်ဆွေအားလုံးရဲ့ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် ကျနော်တို့ ရောက်ရှိနေခြင်းဖြစ်တယ် ဆိုတာကိုလည်း ကျနော် ပြောချင်တယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ဒီကနေ့ရှိနေတဲ့ နိုင်ငံရေးအခြေအနေ၊ နိုင်ငံရေးအခင်းအကျင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်လဲဆိုတာကိုလည်း နားထောင်ချင်ပါတယ်။ ပြီးတော့ သူတို့ သိရှိလိုတဲ့အကြောင်းအရာတွေကိုလည်း ကျနော်ဖြေကြားဖို့ ရှိပါတယ်။”

အခု သူ့ရဲ့အမေရိကန်ခရီးစဉ်အတွင်းမှာ ၈၈ ကျောင်းသားတွေရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် ကိစ္စတွေကိုလည်း ပြောနိုင်သလောက် ပြောသွားဖို့ရှိတယ်လို့ဆိုပါတယ်။

“အခုလက်ရှိလုပ်ကိုင်နေတဲ့ဟာတွေကို ကျနော်တို့ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ လုပ်ကိုင်နေသလဲဆိုတာတွေ၊ ရှေ့ဆက်ပြီးတော့ မြန်မာ့နိုင်ငံရေးမှာ ဘယ်လိုပတ်သက်သွားဖို့ရှိတယ် ဆိုတဲ့ဟာတွေကိုလည်း ကျနော် တတ်နိုင်သလောက် ပြောနိုင်သလောက်ကို ပြောသွားဖို့ရှိပါတယ်။”

အခု ဝါရှင်တန်ဒီစီကနေ ပြီးသွားရင် နယူးယောက်နဲ့ ဆန်ဖရန်ဆစ္စကိုမြို့တွေကိုလည်း ခရီးဆက်ဖို့ရှိတယ်လို့ သိရပါတယ်။ အဲဒီမြို့တွေမှာရော ဘာအစီအစဉ်တွေ ရှိပါလဲ။ -

“အဲဒီမြို့တွေမှာလည်း ကျနော်တို့ မြန်မာအသိုင်းအဝိုင်းတွေနဲ့လည်း ကျနော်တို့ ဆက်လက်ပြီးတော့ ဆုံသွားဖို့ရှိပါတယ်။ အထူးသဖြင့်ကတော့ ကျနော်တို့အားလုံး ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ကျနော်တို့အားလုံး ဝိုင်းဝန်းပြီးတော့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ရမယ့်သူတွေ ဖြစ်တယ်။ ပြီးတော့ အခြေအနေကြောင့် တိုင်းပြည်ရဲ့ပြင်ပမှာ နေနေရပေမဲ့လို့ မြန်မာနိုင်ငံကို တကယ် ပြုပြင်ပြောင်းလဲချင်တဲ့ သူတွေ ဖြစ်တယ်ဆိုတာကိုလည်း ကျနော်တို့သိတယ်။ ဒီလူတွေ တကယ်တမ်း တိုင်းပြည်ကို ပြန်လည်ပြီးတော့ ဝင်ရောက်ခဲ့မယ်ဆိုလို့ရှိရင်လည်း သူတို့အတွက် တကယ်ကို အာမခံချက်ရှိတဲ့၊ တကယ်ကို လုပ်သာကိုင်သာရှိတဲ့ အခြေအနေမျိုးတွေ ဖြစ်အောင်လည်း ကျနော်တို့ ဝိုင်းဝန်းပြီးတော့ ဖန်တီးရမယ်ဆိုတဲ့ဟာကိုလည်း ကျနော် သိတယ်။ အဲဒီဟာတွေကိုလည်း ကျနော် သူတို့ကို ဒီသတင်းစကားတွေကိုလည်း ပြောချင်ပါတယ်။

"ပြီးတော့ အထူးသဖြင့်ပေါ့လေ ကျနော်တို့နိုင်ငံမှာ အခု ရှိနေတဲ့ အခြေအနေကနေပြီးတော့ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးအထိကို ရောက်အောင် ကျနော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ အတူ ခရီးဆက်သွားမယ်ဆိုတဲ့ဟာကိုလည်း ပြောချင်ပါတယ်။ နောက်တခု ရှိတာက နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့လည်း ကျနော် ဆုံဖို့ရှိပါတယ်။ ပြီးတော့ ကျနော် ဒီ အမေရိကန်မှာ အရှေ့ပိုင်းရော၊ အနောက်ပိုင်းရော ကျနော်ရောက်တဲ့အချိန်လေးအတွင်းမှာ ကျနော် တတ်နိုင်သလောက် ထိစပ်ဖို့၊ ပြီးတော့ ကျနော် နားထောင်ဖို့၊ ဒီဘက်က အကြံဉာဏ်တွေကအစ၊ ဒီဘက်ကအမြင်တွေကအစ ကျနော် လေ့လာသွားဖို့ရှိပါတယ်။”

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုဌေးကြွယ်ဖြစ်ပါတယ်။ မတ်လ ၂၂ ရက်နေ့ကျရင်တော့ နယူးယောက်မြို့က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ရှိပြီး၊ နယူးယောက်မြို့ကနေ ဆန်ဖရန်ဆစ္စကိုမြို့ကို ခရီးဆက်မယ်လို့ ပြောပါတယ်။
XS
SM
MD
LG