သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘဲလ် ငြိမ်းချမ်းရေးဆု အပေါ် ကိုကိုကြီး အမြင်


နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ ကျင်းပ တဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုပေးပွဲ အခမ်းအနားကို ဧည့်သည်တော် အဖြစ် တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီး။ သတင်းဓာတ်ပုံ- Credit to ( Audun Aagre - Norwegian Burma Committee)
နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ ကျင်းပ တဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုပေးပွဲ အခမ်းအနားကို ဧည့်သည်တော် အဖြစ် တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီး။ သတင်းဓာတ်ပုံ- Credit to ( Audun Aagre - Norwegian Burma Committee)

ဒီမိုကရေစီထွန်းကားရေး အတွက် ကြိုးပမ်းကြတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်တဲ့ အတွက် တဦးတယောက်တည်းအတွက်ကိုသာမက သူ့လူ့အဖွဲ့အစည်းတခုလုံးအတွက်ပါ အထောက်အကူဖြစ်စေတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီးက ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့က နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပတဲ့ နိုဘဲလ်ဆုပေးပွဲ အခမ်းအနားကို ဧည့်သည်တော်အဖြစ် ဦးကိုကိုကြီး တက်ရောက် ခဲ့သလို၊ နော်ေ၀၀န်ကြီးချုပ်ဟောင်းတဦးနဲ့လည်း လက်ရှိ မြန်မာနိုင်ငံ ရဲ့ ရွေးကောက်ပွဲလွန်ကာလ အခြေအနေတွေ နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ ပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပါမယ်။

ကမ္ဘာ့ နိုင်ငံ တော်တော်များများမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီထွန်းကားရေးအတွက် လုပ်ဆောင်သူတွေနဲ့ အဖွဲ့အစည်းတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ နော်ဝေနိုဘဲလ်ဆု ရွေးချယ်ရေး ကော်မတီ ကနေ နှစ်စဉ် ရွေးချယ်ပြီး ငြိမ်းချမ်းရေးနိုဘဲလ်ဆု ပေးအပ်ချီးမြှင့်တဲ့အတွက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေ ပိုမို ရရှိလာပြီး ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေမှာ အထောက်အကူ ဖြစ်စေတယ်လို့ - နော်ဝေနိုဘဲလ်ဆုပေးပွဲကျင်းပရေးကော်မတီရဲ့ ဖိတ်ကြားချက်နဲ့ ကြာသပတေးနေ့ က နော်ဝေနိုင်ငံ အော်စလိုမြို့ တော်မှာ ကျင်းပတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆု ပေးပွဲ အခမ်းအနားကို ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီး ပြောပါတယ်။

“များသောအားဖြင့် ကျနော်တို့ ဒီ အာဏာရှင် နိုင်ငံတွေကနေပြီးတော့ ဒီမိုကရေစီ ထွန်းကားအောင်လုပ်တဲ့ ဖြစ်စဉ်တွေမှာ နိုင်ငံတကာ မိသားစုရဲ့ အာရုံစိုက်မှု၊ ပံ့ပိုးကူညီမှုတွေ ရဖို့အတွက် ဒီနိုဘဲလ်ဆုချီးမြှင့်တာဟာ အများကြီး အထောက်အကူဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံ ဆိုရင်လည်း နိုင်ငံတကာ မှာ ပြောကြစို့ ဆိုရင် မထင်မရှား နိုင်ငံလေးပါ။ အဲ့လိုနိုင်ငံလေးရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို တကမ္ဘာလုံးက အာရုံစိုက်လာအောင် ကြိုးပမ်းတဲ့အခါမှာ နိုဘဲလ်ငြိမ်းချမ်းရေးဆုဟာ အများကြီး အထောက်အကူ ဖြစ်ခဲ့ပါတယ်။ အခုလည်းပဲ ဒီ တူနီးရှားဆိုလို့ရှိရင် အာရပ်နွေဦးလှုပ်ရှားမှုကို စတင်ခဲ့တဲ့ နိုင်ငံ၊ ဒါပေမဲ့ လုပ်ကြံတာတွေ၊ လူမှုရေးမငြိမ်မသက် ဖြစ်တာတွေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် ဟာ ပြန်ပြီးတော့ နောက်ပြန်ဆုတ်သွားတော့မလို၊ ပျက်စီးတော့မလို၊ ဖြစ်တဲ့အချိန်မှာ ဒီအဖွဲ့ ၄ ဖွဲ့ကနေ ပေါင်းပြီးတော့ တမျိုးသားလုံး တွေ့ဆုံဆွေးနွေးမှုတွေဖြစ်အောင် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အစိုးရပေါ်လာအောင် ကြိုးစားခဲ့တဲ့ သူတို့ရဲ့ ဖြစ်စဉ်ပေ့ါလေ အဲဒါကို အခုလို ငြိမ်းချမ်းရေးဆု ပေးလိုက်တဲ့ အတွက်ကြောင့် အခြား ဒီမိုကရေစီကြိုးပမ်းနေတဲ့ နိုင်ငံတွေအတွက်ပါ အများကြီး ခွန်အားဖြစ်စေပါတယ်။”

ဖိတ်ကြားလွှာ
ဖိတ်ကြားလွှာ

ဒီနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုကိုတော့ - တူနီးရှားနိုင်ငံမှာ ၂၀၁၁ ခုနှစ်က လူထုအုံကြွမှုနောက်ပိုင်း ဒီမိုကရေစီ ထူထောင်ရေးအတွက် ကူညီကြိုးပမ်းပေးခဲ့ကြတဲ့ Tunisian National Dialogue Quartet အဖွဲ့က ရရှိခဲ့တာပါ။

တူနီးရှား အထွေထွေ အလုပ်သမားသမဂ္ဂ၊ တူနီးရှား စက်မှု၊ ကုန်သွယ်ရေးနဲ့ လက်မှုလုပ်ငန်းအသင်း၊ တူနီးရှားလူ့အခွင့်အရေးအဖွဲ့ချုပ်နဲ့ တူနီးရှားရှေ့နေများအဖွဲ့ ၄ ဖွဲ့တို့ကနေ စုပေါင်းဖွဲ့စည်းထားတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ညွန့်ပေါင်းအဖွဲ့ကနေ ကြာသပတေးနေ့က အော်စလိုမှာ ဆုကို လက်ခံရယူခဲ့ပြီး - ဒီအဖွဲ့ကို တိုင်းပြည်မှာ အာဏာရှင်အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် အများပါဝင်ခွင့်ရနိုင်မယ့် ဒီမိုကရေစီစနစ် ထူထောင်ရာမှာ ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့တာကြောင့် နိုဘဲလ်ဆုရွေးချယ်ရေးကော်မတီကနေ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဒီဆုပေးပွဲအခမ်းအနားအပြီးမှာတော့ ၈၈ မျိုးဆက် ခေါင်းဆောင် ဦးကိုကိုကြီးဟာ နော်ေ၀၀န်ကြီးချုပ်ဟောင်း ခဲ မာဂနာ ဗိုနာဗစ် (Kjell Magne Bondevik) နဲ့ Oslo Center မှာ ၁ နာရီကြာ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲလွန်ကာလ အခြေအနေတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။

“အဓိကကတော့ နော်ဝေနိုင်ငံမှာ ညွန့်ပေါင်းအစိုးရဖွဲ့တာတွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ နောက်ပြီး ကျနော်တို့နိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေ အဲဒါတွေကို ကျနော်တို့ ပြောဖြစ်၊ ဆွေးနွေးဖြစ်တာပါ။”

မေး - ဟုတ်ကဲ့ရှင့် ဆိုတော့ ဦးကိုကိုကြီးအနေနဲ့ ပါတီထောင်မယ့် ကိစ္စကိုရော ဆွေးနွေးဖြစ်သေးလား။

“အဓိကကတော့ ကျနော်တို့က ကျနော်တို့နိုင်ငံရဲ့ အခြေအနေဆိုရင် ကျနော်တို့ ကိုယ်တိုင်က ဒီအချိန်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အာဏာလွှဲပြောင်းနိုင်ဖို့ နိုင်ငံရေး အပြောင်းအလဲက အဓိကကျနေတော့ ကျနော်တို့ကတော့ ဒီဟာကိုပဲ အာရုံစိုက်ပြီးတော့ ဆောင်ရွက်နေကြတာပါ။”

မြန်မာ့အရေးမှာ အရင်ကတည်းက တစိုက်မတ်မတ် ကူညီပေးခဲ့ သလို၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့အတွက်ကိုလည်း အဓိက ကူညီပေးနေတဲ့ Norwegian Burma Committee ကနေ ဦးကိုကိုကြီးကို ရွေးကောက်ပွဲ အလွန်ကာလနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ အတွက်ကိုလည်း ဖိတ်ကြားခဲ့တာပါ။ ဒီဖိတ်ကြားချက်နဲ့ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၈ ရက်အထိ ဥရောပ ၄ နိုင်ငံခရီး ထွက်ခွာလာတာ ဖြစ်ပါတယ်။

ဒီဥရောပခရီးစဉ်အတွင်း နော်ဝေ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်တို့ကို သွားရောက်မှာဖြစ်ပြီး၊ အဲဒီမှာရှိတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံကာ လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၊ ငြိမ်းချမ်းရေးကိစ္စ စတာတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ကျရင်တော့ အော်စလိုမြို့ရဲ့ House of Literature မှာ ဦးကိုကိုကြီး၊ ဦးခိုင်ဝင်း၊ KNU ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌ နော်စီဖိုးရာစိန် တို့ကနေ အစိုးရသစ် မတိုင်ခင်နဲ့ အစိုးရသစ်တက်ပြီးနောက် ကြုံတွေ့ရမယ့် မြန်မာနိုင်ငံ ရဲ့ အဓိက စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေ၊ ပြီးတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လှုပ်ရှားမှုတွေအကြောင်းကို အပြန်အလှန် ဆွေးနွေးကြမှာဖြစ်ပါတယ်။

XS
SM
MD
LG