သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး လမ်းလျှောက်ပွဲမှာ ကိုကိုကြီး မိန့်ခွန်းပြောကြား


နိုင်ငံတကာ လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေး လမ်းလျှောက်ပွဲမှာ ပါဝင် ဆင်နွှဲနေတဲ့ ပြင်သစ်ရောက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး (ယာ)။( အောက်တိုဘာလ ၁၃ ရက်၊ ၂၀၁၂)။ (ဓာတ်ပုံ - ကိုထင်ကျော်၊ ပဲရစ်)။
နိုင်ငံတကာ လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေး လမ်းလျှောက်ပွဲမှာ ပါဝင် ဆင်နွှဲနေတဲ့ ပြင်သစ်ရောက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး (ယာ)။( အောက်တိုဘာလ ၁၃ ရက်၊ ၂၀၁၂)။ (ဓာတ်ပုံ - ကိုထင်ကျော်၊ ပဲရစ်)။
လူ့အခွင့်အရေး ဆိုတာ နယ်နိမိတ် အကန့်အသတ် မရှိတဲ့အတွက် နိုင်ငံတကာနဲ့ လက်တွဲ ဆောင်ရွက်ရင် မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ခြေလှမ်းတွေ ပိုပြီး မြန်ဆန် လာနိုင်တယ်လို့ ဥရောပနိုင်ငံ ၅ နိုင်ငံ စုပေါင်း ကျင်းပတဲ့ နိုင်ငံတကာ လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေး လမ်းလျှောက်ပွဲမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက မိန့်ခွန်း ပြောကြားခဲ့သလို မြန်မာနိုင်ငံနဲ့ လက်တွဲ ဆောင်ရွက်ကြဖို့ပါ ပန်ကြားခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ကို ရောက်နေတဲ့ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကို ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်းတဲ့ အခါ အခုလို စပြောပါတယ်။

“ပြင်သစ်နိုင်ငံရောက်နေတဲ့ မြန်မာလူငယ်တွေ၊ သူတို့ကလည်း ကျနော်နဲ့ သီးခြားတွေ့ဖို့အတွက် စီစဉ်ထားတဲ့ တချိန်တည်းမှာ ရောက်ရောက်ချင်း နိုင်ငံတကာ လွတ်လပ်ခြင်းနဲ့ လူ့အခွင့်အရေး လမ်းလျှောက်ပွဲပေါ့လေ။ ၅ နိုင်ငံ စုပေါင်းလုပ်တယ်။ အဲဒီမှာ ကျနော့်ကို ဖိတ်တာနဲ့ အီဖယ် မျှော်စင်ရဲ့ရှေ့၊ လူ့အခွင့်အရေး ရင်ပြင်ကို လမ်းလျှောက်ပြီးတော့၊ စတာကတော့ လစ်ဘာတီ ရုပ်ထုရှေ့ကနေ စတာပေါ့။ စပြီးတော့ အဲဒီ အီဖယ် မျှော်စင်ရှေ့ လူ့အခွင့်အရေး ရင်ပြင်မှာ ကျနော်တို့ အလှည့်ကျပေါ့လေ၊ နိုင်ငံအလိုက် စကားပြောကြတဲ့ အစီအစဉ်ပါ။ အဲဒီမှာ ကျနော် ဝင်ပြီးတော့ ပါဝင်ခဲ့တာ။”

ဦးကိုကိုကြီး အနေနဲ့ ပြည်ပကို ရောက်လာတဲ့ ပထမဆုံးလာတဲ့အချိန်၊ ဒီမှာ ပြည်ပက လူငယ်တွေနဲ့လည်း တွေ့ရတယ်၊ ဒီလိုအချိန်မှာ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်အတွက် ဘာတွေ မိန့်ခွန်းထဲမှာ ပြောခဲ့လဲ သိပါရစေရှင့်။ -

“ကျနော်တို့ နိုင်ငံမှာ လွတ်လပ်ခွင့်အတွက် တိုင်းရင်းသား ပြည်သူတွေရဲ့ လွတ်လပ်ခွင့် အတွက်၊ နောက်တခါ ကျနော်တို့ ပြည်သူတွေ ရင်ထဲမှာ၊ ကျနော်တို့ ကိုယ်တိုင် ရင်ထဲမှာကိုပဲ ထိန်လန့်စိုးရွံ့မှုတွေကို ဖယ်ရှားရင်းနဲ့ အကျဉ်းထောင်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ကြရတယ်။ ဆိုတော့ ဒီအကြောက်တရားတွေကို ဖယ်ရှားဖို့နဲ့၊ လူ့အခွင့်အရေး တွေအတွက် ဆောင်ရွက်ရင်းနဲ့ လက်ရှိလည်း ထောင်ထဲမှာ တချို့ ကျန်နေသေးတယ်။ တခါ ကျနော်တို့ လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့လည်း ခုချိန်ထိပေါ့လေ။ သူတို့ကို ပြန်လည် ထူထောင်ရေး ကိစ္စတွေ မလုပ်နိုင်သေးဘူး ဆိုတဲ့အကြောင်း။ နောက်တခုကတော့ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပြီဆိုရင် ချိုးဖောက်ခံရတဲ့သူတွေရော၊ ချိုးဖောက်တဲ့ ကိစ္စတွေမှာ ပါဝင်ခဲ့တဲ့ သူတွေ အားလုံးဟာ တနည်းမဟုတ် တနည်းနဲ့ စိတ်ပိုင်းဆိုင်ရာ အနာတရတွေ ဖြစ်ခဲ့ကြတယ်။ အဲဒါတွေကို ကျနော်တို့ ကုစားဖို့လည်း လိုတဲ့အကြောင်းပေါ့လေ။ နောက်တခုကတော့ လူ့အခွင့်အရေး ဆိုတာဟာ နယ်နိမိတ် အကန့်အသတ် မရှိဘူး။ အဲဒီတော့ လူ့အခွင့်အရေး ကိစ္စ ဆောင်ရွက်တဲ့အခါမှာ၊ လွတ်မြောက်ခြင်းအတွက် ဆောင်ရွက်တဲ့နေရာမှာ တယောက်နဲ့ တယောက် လက်ချင်းတွဲပြီးတော့ အခြား နိုင်ငံ အသီးသီးနဲ့ ချိတ်ဆက်ပြီး လုပ်ခြင်းအားဖြင့် ကျနော်တို့ရဲ့ ခြေလှမ်းတွေဟာ ပိုပြီးတော့ မြန်ဆန်လာမယ်၊ ပိုပြီးတော့ ခိုင်မာလာမယ် ဆိုတဲ့အကြောင်း နိုးဆော်ရင်းနဲ့ နိုင်ငံတကာမှာ လူ့အခွင့်အရေး၊ လွတ်လပ်ခြင်းနဲ့ ပတ်သက်လို့ ရင်ဆိုင်နေရတဲ့ သူတွေအားလုံးကို လက်တွဲဆောင်ရွက်ကြဖို့ ကျနော် နိုးဆော်ခဲ့တာပါ။”

အခု ကိုယ်တိုင် ကြုံလာရတဲ့ ပြည်ပက လူ့အခွင့်အရေး အနေအထားနဲ့ လက်ရှိ မြန်မာနိုင်ငံထဲက အခြေအနေနဲ့ ယှဉ်ပြီးတော့ ပြောပြပေးပါလား။ -

“ဒီပွဲမှာ ထူးခြားတာက ပြင်သစ်နိုင်ငံရဲ့ ဒီမိုကရေစီ အခြေအနေကို ကျနော်ကိုယ်တိုင် လက်တွေ့ လေ့လာခွင့် ရခဲ့တာပေါ့လေ။ မိုးရွာထဲမှာပဲ ကျနော်တို့ လမ်းလျှောက်ပြီးတော့ ဆန္ဒထုတ်ဖော် ကြမယ်ဆိုတဲ့ အချိန်မှာ မော်တော်ဆိုင်ကယ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကနေ အားလုံးနဲ့ ဆန္ဒပြမယ့် သူတွေနဲ့ ရင်းရင်းနှီးနှီးပဲ ပြောဆို ဆက်ဆံကြပြီးတော့ သူတို့က တောက်လျှောက် လုံခြုံရေး ယူပေးတယ်၊ လမ်းကြောတွေကို ရှင်းပေးတယ်။ တားပေးတယ်။ အားလုံးကလည်း စည်းကမ်းတကျနဲ့ လူ့အခွင့်အရေး ရင်ပြင်အထိ ချီတက်သွားကြတယ်။ ကားတွေကလည်း သူတို့ကို တားထားရင် ရပ်ပြီးတော့ စောင့်ကြတယ်။ ဒီ လူအုပ် ဖြတ်သန်းပြီးတဲ့အထိ ပေါ့လေ။ လူငယ်တွေက သီချင်းတွေ၊ အကတွေနဲ့ performance တွေပါ ပါတာပေါ့လေ။ အဲဒါမျိုး သူတို့ ဆန္ဒပြတာဟာ တကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူတို့လိုလားချက်တွေကို သိသာမြင်သာအောင် ပြသသွားတာတွေဟာ ဒါ ကျနော်တို့အတွက်တော့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကူညီစောင့်ရှောက်မှုရော၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြ လမ်းလျှောက်တဲ့သူတွေ ကြားမှာရှိတဲ့ ဆက်ဆံရေးကိုရော၊ ကျနော့်အနေနဲ့တော့ ကိုယ်တွေ့မျက်မြင်ပေါ့လေ ဒါ ကျနော် လေ့လာခွင့် ရခဲ့ပါတယ်။”

ပြည်ပနိုင်ငံကို ပထမဆုံး ခရီးထွက်လာတဲ့ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးဟာ ပြင်သစ်ကနေ ချက်သမ္မတနိုင်ငံ ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။
XS
SM
MD
LG