သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုပါကြီးအမှု မိသားစုထွက်ဆိုချက် မပြေလည်သေး


ပြည်တွင်းထုတ် ဂျာနယ်တွေအတွက် နယ်စပ်သတင်းများကို ပေးပို့ခဲ့တဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး
ပြည်တွင်းထုတ် ဂျာနယ်တွေအတွက် နယ်စပ်သတင်းများကို ပေးပို့ခဲ့တဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး

သမ္မတ ညွှန်ကြားချက်နဲ့ ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် အသတ်ခံရမှု ဖြစ်စဉ်မှန် ဖော်ထုတ်နိုင်ဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ ကွင်းဆင်း စစ်ဆေးစုံစမ်းမှု အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။

အမှုမှာ ပါဝင်နေတဲ့ မှုခင်းရဲတပ်ဖွဲ့၊ စစ်တပ်အရာရှိတွေ၊ ကျန်းမာရေးဝန်ကြီးဌာန ရင်ခွဲစစ်ဆေးတဲ့ တာဝန်ရှိသူတွေကို ကွင်းဆင်း စစ်ဆေးမှု အပြီးသတ်ပေမဲ့ ကိုပါကြီး မိသားစုဘက်က လာရောက် သက်သေထွက်ဆိုဖို့ ပျက်ကွက်နေဆဲလို့ သိရပါတယ်။ ဘာကြောင့်များ ကာယကံရှင် မိသားစုဘက်က လူ့အခွင့်အရေး ကော်မရှင်ထံမှောက်မှာ သက်သေထွက်ဆိုချက်ပေးဖို့ ငြင်းဆန်ရပါသလဲဆိုတဲ့ အပြည့်အစုံကိုတော့ မဆုမွန် က တင်ပြထားပါတယ်။

တပ်မတော်က ပစ်ခတ်မှုနဲ့ သေဆုံးခဲ့ရတဲ့ ကိုပါကြီးရဲ့ အမှုကိစ္စ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဆောင်တဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ မွန်ပြည်နယ် မော်လမြိုင်မြို့ကို ဒုတိယအကြိမ်မြောက် သွားရောက်ပြီး ၃ ရက်ကြာ ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။ ဒီစစ်ဆေးမှုတွေအတွင်း အမှုဖြစ်ပွားခဲ့ရာနေရာ၊ သက်သေ၊ ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ၊ သေဆုံးမှုဖြစ်ခဲ့တဲ့ တပ်က တပ်မတော် အရာရှိတွေနဲ့အတူ ပြန်တူးဖော်ခဲ့တဲ့ ကိုပါကြီးရဲ့ အလောင်းကို ရင်ခွဲစစ်ဆေးခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို စစ်ဆေးခဲ့ကြတာပါ။ နောက်ဆုံးရရှိခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“အဲ့ဒီ ၄ ရက်နေ့ည အခင်းဖြစ်တဲ့နေရာမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အားလုံးကို ကျနော်တို့ စစ်ပါတယ်။ နောက် အရာရှိအဆင့်တွေရော၊ ဆရာအဆင့်တွေရော၊ ရဲဘော်အဆင့်တွေရော ကျနော်တို့ အားလုံး စစ်ပါတယ်။ အနီးကပ် တာဝန်ရှိတဲ့ အရာရှိတွေ၊ ဆရာတွေ၊ ရဲဘော်တွေ ကျနော်တို့ စစ်ပါတယ်။ ပြီးရင် ကွပ်ကဲမှုပိုင်းဆိုင်ရာမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေလည်း စစ်ဆေးတဲ့နေရာမှာ ပါပါတယ်။ နောက် တပ်မတော်က ဖွဲ့စည်းတဲ့ စုံစမ်းစစ်ဆေးရေး ခုံရုံးဥက္ကဌ ဗိုလ်မှူးကြီး တဦးကိုလည်း ကျနော်တို့ ခေါ်ယူပြီးတော့ ထွက်ဆိုချက်တွေ ကျနော်တို့ ရယူပါတယ်။ အချက်အလက်တွေ ပိုပြီးတော့ ခိုင်မာအောင် ကျနော်တို့ စစ်ဆေးတာ ဆောင်ရွက်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရင်ခွဲစစ်ဆေးချက် ကျနော်တို့ ရရှိပါတယ်။ နောက် မှုခင်းတပ်ဖွဲ့ရဲ့ ဓာတ်ခွဲစစ်ဆေးချက် အစီရင်ခံစာလည်း ကျနော်တို့ မိတ္တူ ရရှိပါတယ်။ ဆိုတော့ အဲ့ဒါတွေကို ကျနော်တို့ ကျွမ်းကျင်သူနဲ့ ဖတ်ပြီးတော့ ကျနော်တို့ ဘာသာပြန်တယ်၊ ဘာသာပြန်ပြီးတော့ ကျနော်တို့ ထွက်ဆိုချက် မှတ်တမ်းတင်တာ ဆောင်ရွက်နိုင်ပါတယ်။ ရင်ခွဲစစ်ဆေးချက်မှာတော့ရင် ရရှိတဲ့ သေနတ်ဒဏ်ရာ ၅ ချက်ကြောင့်မို့ သေဆုံးတယ်ဆိုတဲ့ အတည်ပြုချက်တခု ပါရှိတာ ကျနော်တို့ တွေ့ပါတယ်။”

အမှုဖြစ်ပွားခဲ့ရာ မွန်ပြည်နယ်ကို နှစ်ကြိမ်မြောက် သွားရောက် ကွင်းဆင်းစစ်ဆေးမှု လုပ်ခဲ့ပြီးနောက်မှာ စစ်ဆေးမှု အဆုံးသတ်တော့ ဖြစ်ပေမဲ့လို့ နိုင်ငံတော်သမ္မတကို တိုက်ရိုက်အစီရင်ခံစာ တင်ပြဖို့အရေး ကာယကံရှင် မိသားစုကို လာရောက် သက်သေထွက်ဆိုချက်ပေးဖို့ ဆင့်ခေါ်ခဲ့ပေမဲ့ အခုချိန်အထိ ပူးပေါင်းဆောင်ရွက်မှု မရှိသေးဘူးလို့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြောပါတယ်။

“ထွက်ဆိုချက်တွေကတော့ ကျနော်တို့အားလုံး ပေါင်းခြုံပြီးမှ ကော်မရှင်မှာ တင်ပြရမယ်ဗျ။ ကျနော်တို့ကတော့ နောက်ထပ်တော့ ထပ်သွားဖို့တော့ မရှိတော့ဘူးလို့ ထင်တယ်။ ကျနော်တို့ လိုတဲ့ သက်သေကိုတော့ ခေါ်ပဲစစ်မယ်လို့ ကျနော်တို့ ဟိုမှာလည်း တခါတည်းပြောခဲ့တယ်။ နောက်တခုက ကျနော်တို့ လက်ရှိ စစ်ဖို့ကတော့ ကျနော်တို့ကို တိုင်ကြားတဲ့ ကိုအောင်နိုင်ရဲ့ဇနီး ဒေါ်သန္တာကတော့ ကျနော်တို့ စာနဲ့ခေါ်တာ နှစ်ကြိမ်ရှိပြီ။ နောက် တယ်လီဖုန်းလည်း ဆက်ပါတယ်။ ဒါပေမဲ့ အခုအချိန်ထိတော့ လာရောက် ထွက်ဆိုတာ မရှိဘူး။ ဒီနေ့ ကျနော်တို့ စာတစောင် ထပ်ထွက်ပါတယ်။ အဲတော့ သက်သေထဲမှာတော့ အဓိကတော့ လောလောဆယ် စစ်ဖို့ ကျန်နေတာကတော့ ဒေါ်သန္တာ တယောက်ပဲ ကျန်ပါတယ်။ အစီရင်ခံစာနဲ့ စစ်ဆေးချက်တွေက သမ္မတကြီးဆီကို တင်ပြပါမယ်။ အဲ့ဒီအခါ တပြိုင်နက်တည်းပဲ ကျနော်တို့ အစီရင်ခံစာ အကျဉ်းချုပ်ကိုတော့ ပြည်သူကို တင်ပြတဲ့အနေနဲ့ ထုတ်ပြန်သွားဖို့ ရှိပါတယ်။”

ဒါဆိုရင် အခုလို အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဘက်က လာရောက် သက်သေထွက်ဆိုချက်ပေးဖို့ ကာယကံရှင် မိသားစုဘက်က ဘာကြောင့်ငြင်းပယ်ရပါသလဲ ဆိုတာကိုတော့ ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာအတွက် တရားလို အကျိုးဆောင်ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးရော်ဘတ်စန်းအောင်က အခုလို ပြောပြပါတယ်။

“သူတို့ အခြေခံထားတာက အလွတ်တန်းသတင်းထောက် ကိုပါကြီး ခေါ် ကိုကျော်အောင်နိုင်ကို သတင်းစာတွေထဲမှာ ပါတဲ့အတိုင်း KKO က ဗိုလ်ကြီးအောင်နိုင်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ စစ်ဆေးမှာဖြစ်တော့ လမ်းကြောင်းမမှန်နိုင်ဘူးလို့ မသန္တာက ခံစားတယ်။ ဒါ နံပါတ်တစ်အချက်၊ နံပါတ်နှစ်အချက်အနေနဲ့ ကျနော်တို့ ပထမတကြိမ်တုန်းက ခေါ်စာက နေ့လည် ၁၂ နာရီလောက်မှရောက်တယ်။ ၁ နာရီအရောက် သွားသော်လည်းပဲ မသန္တာသည် နှလုံးရောဂါနဲ့ အင်းစိန်ထောင်တုန်းက ခဏခဏ ပြင်ပကို ဆေးကုထွက်ရတယ်။ ကျောက်ကပ်ရောဂါလည်းရှိတယ်။ လတ်တလော လင်ဖြစ်သူက ရက်ရက်စက်စက် အသတ်ခံထားရတဲ့အတွက် ခံစားချက် ပြင်းထန်နေတဲ့ အချိန်မှာ သူနဲ့ ရှေ့နေဖြစ်တဲ့ ကျနော့်ကိုပဲ ခွင့်ပြုမယ်၊ သူ့အတွက် အမျိုးသမီးအဖော်အဖြစ်နဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက မီးမီးတို့၊ နီလာသိန်းတို့ကိုလည်း လက်မခံဘူး။ နောက် ကျနော့်ရဲ့ လက်ထောက်ရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးသက်ကိုလည်း လက်မခံဘူးလို့ ပြောတဲ့အတွက် အဆင်မပြေမှုတွေ ဖြစ်နေတာ။ အခု ဟိုရက်ပိုင်းက ခေါ်ပြန်တယ်ဆိုတုန်းကလည်း မသန္တာ အပေါင်း တစ် ဆိုတော့ ခေါ်ယူမှုဟာ ပွင့်လင်းမှုမရှိဘူးလို့ မသန္တာက ခံစားနေရတယ်။ အဲ့ဒီလို အခြေခံ ပြဿနာမှာကိုက အငြင်းပွားမှုဖြစ်တာ။”

မိသားစုဘက်က အခုလို အကြောင်းပြချက် ပေးတဲ့အပေါ် ဗွီအိုအေက လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူးကို မေးမြန်းတဲ့အခါမှာ- DKBA ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ KKO အဖွဲ့ရဲ့ ပြန်ကြားရေးအဆင့်ရှိတဲ့ ဗိုလ်ကြီးအောင်နိုင်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်နဲ့ အလွတ်သတင်းထောက်အဖြစ် မိသားစုဘက်က တင်ပြထားတဲ့ အချက် နှစ်ဘက်စလုံးကို သေချာ စုံစမ်းစစ်ဆေးနိုင်ဖို့က ကာယကံရှင်ဘက်က ကိုယ်တိုင် လာရောက် ထွက်ဆိုချက်ပေးမှ အမှုစုံစမ်းစစ်ဆေးမှုမှာ တိတိကျကျ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

XS
SM
MD
LG