သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလိပ်ကျွန်း လူသတ်မှု တရားလိုပြ သက်သေထွက်ဆိုချက်ကွဲလွဲ


ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာလှည့်ခရီးသွား ၂ ဦး သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ တရားလိုပြ သက်သေတွေထဲက နောက်ဆုံး သက်သေဖြစ်တဲ့ ကော့ဖငန်ကျွန်း ရဲစခန်းက ဒုတိယတာဝန်ရှိတဲ့ ရဲမှူးကိုစစ်ဆေးရာမှာတော့ တရားရုံးကိုတင်ပြထားတဲ့ မှုခင်းဆရာဝန်ရဲ့ ဆေးစာကို ပြင်ဆင်ထားချက်တွေ အပါအဝင် ကွဲလွဲချက်တွေ ထပ်မံ တွေ့ရှိရတယ်လို့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေက ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ ကမ္ဘာလှည့်ခရီးသွား ၂ ဦး သတ်ဖြတ်ခံရမှုမှာ တရားခံတွေအဖြစ် မြန်မာလူငယ် ၂ ဦးဟာ စွပ်စွဲခံထားရပြီး အမှုရင်ဆိုင်နေရတာ တနှစ်နီးပါးရှိပြီ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှာတော့ တရားလိုပြ သက်သေတွေထဲက နောက်ဆုံးသက်သေဖြစ်တဲ့ ကေ့ာဖငန်ကျွန်း ရဲစခန်းက ဒုတိယရဲမှူးကို စစ်ဆေးခဲ့ရာမှာ တရားရုံးက တင်ပြခဲ့တဲ့ မှုခင်းဆရာဝန်ရဲ့ ဆေးစာကို အမှုစစ်ရဲတဦးက ပြင်ဆင်ထားတဲ့ အချက်အပါအဝင် ကွဲလွဲချက်တွေ ထပ်မံတွေ့ရတယ်လို့ တရာခံတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် ဆိုပါတယ်။

“နောက်ဆုံးသက်သေပါပဲ။ သူ့စစ်ချက်တွေက ပြောရမယ်ဆိုရင် သူက အမှုနဲ့ပက်သက်လို့ စစ်ဆေးတယ်ဆိုပေမဲ့ အထက်က သူ့ကိုစစ်ဆေးပါဆိုတဲ့ စာရွက်စာတမ်း တရားရုံးမှာ တင်ပြနိုင်တာ မရှိသေးဘူး။ တယ်လီဖုန်းအရ အထက်ကပြောလို့ စစ်တယ်ပုံစံမျိုးတွေပါတယ်။ ကလေးတွေကို ဖမ်းဆီးထားနိုင်ဖို့အတွက် တရားရုံးမှာ ဝရမ်းတောင်းတဲ့အခါမှာ ဝရမ်းစာရွက်ထဲမှာ ပေါက်တူးနဲ့ ပေါက်တယ်လို့မပါဘဲနဲ့ တူနဲ့ထုပြီးတော့ သတ်တယ်။ အင်္ဂလိပ်နှစ်ယောက်ကို သတ်တယ်၊ ဒါကြောင့်မို့လို့ ဒီကလေးနှစ်ယောက်ကို ဖမ်းထားပါရစေ ဆိုပြီးတော့ တရားခွင်ကို ဝရမ်းတောင်းတဲ့ဟာလည်း ပါတယ်။ အဲဒီတော့ အလွဲလွဲအချော်ချော် ဖြစ်တယ်ဆိုတဲ့သဘောလေ။ အဆိုးဆုံးကတော့ မှှုခင်းဌာနဆရာဝန်တွေက ပေးပို့လာတဲ့ ဆေးစာအပေါ်မှာ သူတော့မဟုတ်ဘူး ဒီပြင် အမှုစစ်ရဲတယောက်က ပြင်ထားတဲ့ဟာကို တရားခွင်ရဲ့ အမှုတွဲမှာ တွေ့ရတယ်။ အဲတော့ ဆရာဝန်ရဲ့ ဆေးစာကို ဘယ်သူမှ ပြင်နိုင်ခွင့်မရှိဘဲနဲ့ အမှုစစ်ရဲက ပြင်တယ်ဆိုတာ ဥပဒေအရ လုံး၀ လွဲမှားတာကို တွေ့မြင်ရတာပေါ့နော်။”

မှုခင်းဆရာဝန်ရဲ့ဆေးစာကို အမှုစစ်ရဲက ပြင်ဆင်ထားချက်တွေထဲမှာ ဘယ်လိုအချက်တွေကို အဓိက ပြင်ဆင်ထားသလဲ ဆိုတာကိုလည်း မေးကြည့်ခဲ့ပါတယ်။

“ပြင်တယ်ဆိုတာက အဓိကကတော့ ပထမစစ်ချက်တွေမှာ ဥပမာဆိုပါတော့ နို့အုံပေါ်မှာဆိုတဲ့ ကိစ္စမျိုး ပါကောင်းပါမယ်။ တန်ဆာပေါ်မှာ ဆိုတာ အများဆုံးပါကောင်းပါမယ်။ သို့သော်သူက သုတ်ရည်၊ သုတ်ပိုးတွေ့ဖို့အတွက်ကို၊ စအိုမှာပါ ဒဏ်ရာ ဒဏ်ချက်မျိုး ရှိတယ်ဆိုတဲ့ ပုံစံမျိုးရေးစေချင်တာ။ ပိုလေးနက်အောင်လို့။ အဲဒါမျိုး ပါမလာတဲ့ အခါမှာကျတော့ အဲဒါမျိုး အောက်ကနေပြီးတော့ ရွေးပြီးတော့ သူက လက်မှတ်ထိုးထားတာမျိုး တွေ့တာပေါ့။ အဲဒါမျိုး တရားခွင်ရဲ့ စာရွက် ကိစ္စတွေမှာ တွေ့ရတယ်။”

နောက်ဆုံးတရားလိုပြ သက်သေဖြစ်တဲ့ ကော့ဖငန်ကျွန်း ရဲစခန်းက ဒုတိယရဲမှူးကတော့ အခင်းဖြစ်ပွားခဲ့တဲ့ နေရာတွေကို ရိုက်ကူးထားတဲ့ ဗိွီဒီယိုသက်သေတခုကိုလည်း တရားရုံးမှာ တင်ပြခဲ့ပါတယ်။ အခုဆိုရင် တရားလိုပြသက်သေ ၆၀ ကျော် တင်ပြထားမှုတွေထဲက ၃၅ ဦးခန့်ကို စစ်ဆေးမေးမြန်းခဲ့တာ ဖြစ်ပါတယ်။ တနှစ်နီးပါးကြာတဲ့အထိ သက်သေတွေကို စစ်ဆေးမေးမြန်းရာမှာ တရားလိုပြ သက်သေတွေ စစ်ဆေးမေးမြန်းခွင့်ကိုတော့ စက်တင်ဘာ ၁ ရက်နေ့ထိသာ တရားရုံးက ခွင့်ပြုထားပါတယ်။ နောက်နေ့မှာတော့ တရားခံဘက်က သက်သေတွေကို စတင်စစ်ဆေးတော့မှာပါ။

ကော့တောင်ကျွန်းလူသတ်မှုဟာ ပြီးခဲ့တဲ့ နှစ်စက်တင်ဘာလ ၁၅ ရက်နေ့မှာဖြစ်ပွားခဲ့ပြီး အဲဒီကျွန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာလူငယ်၂ ဦးဟာ တရားခံတွေအဖြစ် စွပ်စွဲခံထားရပြီး ကော့စမွေအကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ မြန်မာသံရုံး အပါအဝင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့၊ ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ထိုင်းရှေ့နေများကောင်စီ၊ ထိုင်းလူ့အခွင့်ရေးအဖွဲ့တို့ကတော့ တရားခံအဖြစ် စွပ်စွဲခံရသူတွေ လွတ်မြောက်ရေးအတွက် လိုက်ပါဆောင်ရွက်ပေးနေတာ ဖြစ်ပါ တယ်ရှင်။

XS
SM
MD
LG