သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု တရားရုံး စစ်ဆေးမှု ပြီးဆုံး


ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ စွပ်စွဲပြီး ဖမ်းဆီးခံထားရသူ မြန်မာအလုပ်သမားနှစ်ဦးဖြစ်တဲ့ ကိုဇော်လင်း (ဝဲ) နဲ့ ကိုဝင်းဇော်ထွန်း (ယာ)
ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ စွပ်စွဲပြီး ဖမ်းဆီးခံထားရသူ မြန်မာအလုပ်သမားနှစ်ဦးဖြစ်တဲ့ ကိုဇော်လင်း (ဝဲ) နဲ့ ကိုဝင်းဇော်ထွန်း (ယာ)

တစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်ကမ္ဘာလှည့်ခရီးသွားနှစ်ဦး အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်လို့ တရားရုံးကနေ တရားခံတွေဘက်ကိုရော၊ တရားလိုဘက်ကိုပါ စစ်ဆေးမေးမြန်းချက်တွေကတော့ အောက်တိုဘာလ ၁၁ ရက် နေ့မှာ ပြီးဆုံးသွားပါပြီ။ လာမယ့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ အမှုကို စီရင်ချက်ချမှာဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ အပြည့် အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်း အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့ အောက်တိုဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ ကော့စမွေတရားရုံးကနေ တရားခံအဖြစ် စွပ်စွဲခံထားရသူ မြန်မာ လူငယ်နှစ်ဦးရဲ့အမှုကို အပြီးသတ် စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးမှုပြီးဆုံးခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့မှာ စီရင်ချက်ချဖို့ တရားရုံးက ဆုံးဖြတ် ခဲ့ကြောင်း တရားခံအဖြစ် စွပ်စွဲခံရသူနှစ်ဦးရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“၂၄ ရက်၊ ၁၂ လ၊ ၂၀၁၅ မှာ နောက်ဆုံးအမိန့်ချမယ်။ ဝေဖြိုး (ခေါ်) ဝင်းဇော်ထွန်းလေးကို ပြီးအောင်စစ်လိုက်ရတယ်ပေါ့။ နှစ်ချက်ကတော့ သူတို့ ကိုယ်တိုင်၊ ကလေးတွေကိုယ်တိုင်က ပြစ်မှုကျူးလွန်တာ မဟုတ်တဲ့အခါကျတော့ သူတို့ရဲ့ဖြစ်ရပ်မှန်ကို တရားခွင်မှာ စီကာပတ်ကုံးနဲ့ အမှန်အတိုင်း ထွက်ဆိုသွားနိုင်ကြပါတယ်။ ဒါပေမယ့် အစိုးရရှေ့နေဘက်ကတော့ DNA တူတဲ့ကိစ္စလည်း သိပ်မမေးတော့ပါဘူး။ ပြီးတော့ CCTV ပုံရိပ်တွေ အကြောင်းလည်း သိပ်မမေးတော့ပါဘူး။ အခုမေးတာကတော့ ဝန်ခံတဲ့အချက်နဲ့ပတ်သက်ပြီးတော့ ၁၀ ရက်၊ ၁၀ လ၊ ၂၀၁၄ က ဝန်ခံချက်နဲ့ ၆ ရက်၊ ၁၁ လ၊ ၂၀၁၄ က ဝန်ခံချိန်မှာလည်း အကျဉ်းဦးစီးထဲမှာရောက်နေရဲ့သားနဲ့ ဝန်ခံတယ်ဆိုတဲ့အချက်တွေကို သတိထားပြီးတော့ မေးသွားတာဖြစ်ပါတယ်။”

ဒီအမှုနဲ့ပတ်သက်လို့ စွပ်စွဲခံရသူ မြန်မာလူငယ်ဘက်က တရားခံပြသက်သေတွေအဖြစ် ထိုင်းလူ့အခွင့်အရေးအဖွဲ့က တာဝန်ရှိသူတွေ၊ ထိုင်းနိုင်ငံ အမျိုးသားမှုခင်း စစ်ဆေးရေးဌာန တာဝန်ရှိသူတွေ၊ မြန်မာသံရုံးက တာဝန်ရှိသူတွေ၊ ထိုင်းနိုင်ငံ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထွက်ဆိုချက် အသီးသီးပေးအပြီးမှာ မြန်မာလူငယ်နှစ်ဦးက ဒီလူသတ်မှုကို ကျူးလွန်းခဲ့ခြင်းမရှိဘူးဆိုတာ အထောက်အထားတွေနဲ့ သက်သေပြနိုင်ခဲ့တာကြောင့် အမှုသွားအမှုလာ အခြေအနေကောင်းမွန်တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ဥပဒေနားလည်တဲ့ တရားစစ်အဖွဲ့က စွဲဆိုထားတဲ့အချက်က နှစ်ချက်ရှိပါတယ်။ တစ်ချက်ကတော့ ဝန်ခံချက်ပေးတယ်ဆိုတဲ့အချက်၊ နောက် ဒုတိယအချက်ကတော့ DNA တူတယ်ဆိုတဲ့အချက်။ ဒါတွေနဲ့ပေါင်းပြီးတော့ CCTV ကပုံတွေနဲ့ တရားခံတွေကို တရားစွဲခဲ့တာပါ။ အဲဒီတော့ ဒီအချက်တွေနဲ့ပတ်သက်လို့လည်း အမှုတွဲတောက်လျှောက်မှာ တရားခံပြသက်သေစစ်ပြီးတဲ့အခါမှာ DNA ကိစ္စဆိုတာ ရှင်းသွားပါပြီ။ လူသတ် လက်နက်ဖြစ်တဲ့ပေါက်တူးရိုးပေါ်မှာ DNA တွေ့တယ်။ သို့သော် တရားခံတွေရဲ့ DNA မဟုတ်ဘူးဆိုတာကြောင့် DNA နဲ့ပတ်သက်လို့ ရှင်းသွားပါပြီ။ CCTV နဲ့ပတ်သက်လို့ ပြောမယ်ဆိုရင် ကလေးတွေရဲ့ပုံဟာ တရားလိုဘက်က ဝေဖြိုးပုံပါ-လို့ ပြောချင်တယ်။ ဒါပေမယ့် CCTV ရဲ့မိတ္တူကို မြန်မာနိုင်ငံက technician ပညာရှင်တွေနဲ့ စစ်ဆေးကြည့်တဲ့အခါမှာ ဝေဖြိုးမဟုတ်ဘူးဆိုတဲ့ ၂၅ ရက်၊ ၉ လ၊ ၂၀၁၅ ထွက်ဆို ချက်ပါ …ဆိုရင် ဒီအချက်ကလည်း ရှင်းသွားပါပြီ။ ပြီးတော့ ဝန်ခံချက်နဲ့ပတ်သက်လို့လည်း ဒီအချိန်မှာ ရှေ့နေမရှိဘူး။ နောက်တရားခံတွေရဲ့ ဆွေမျိုးသားချင်းမရှိဘူး၊ ဒါကြောင့်မို့လို့ တရားမဝင်ဘူးလို့ ပြောခဲ့တယ်။ ဒါတင်မကသေးဘူး၊ တရားရုံးကိုရောက်တော့ ဒီ (၆) ချက်ကို ပြန်ပြီးတော့ တရားဝင် … ဆိုတာ ရှင်းသွားပါတယ်။”

မြန်မာရွှေ့ပြောင်းအလုပ်သမား (၄) ထောင်ခန့် အလုပ်လုပ်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ခဲ့ပြီး ရက်ပိုင်း အတွင်း တရားခံတွေအဖြစ် လက်ရှိ စွပ်စွဲခံရသူ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို တခြား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့အတူ သံသယရှိသူတွေအဖြစ် ရဲတွေက DNA ရယူ စစ်ဆေးခဲ့တာပါ။ အဲဒီအချိန်တုန်းက DNA တူညီမှုမရှိဘူးဆိုပြီး ပြန်လွှတ်ပေးခဲ့ပြီးမှ သီတင်းနှစ်ပတ်ကြာပြီးတဲ့နောက် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းမှာ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့နှစ်ယောက်ကို လူသတ်မှုနဲ့ပြန်လည်ဖမ်းဆီးပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ တရားခံအဖြစ် စွပ်စွဲခံထားရသူ မြန်မာလူငယ်နှစ်ဦးကတော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကစလို့ အခုချိန်ထိ ထိုင်းနိုင်ငံ၊ ကော့စမွေအကျဉ်းထောင်ထဲမှာ ချုပ်နှောင်ခံထားရပြီး ဒီအမှုကို ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG