သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ သံတမန်ရေးကြိုးပမ်း


ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်နှစ်ဦးကို ထိုင်းနိုင်ငံ ကော့တောင် အပန်းဖြေကျွန်းမှာ သတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ သေဒဏ်ချမှတ်ခံလိုက်ရတဲ့ မြန်မာအလုပ်သမား ၂ ဦး ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ တရားစီရင်ရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နေ့စဉ်ဆက်တိုက် ဖြစ်လာနေချိန်မှာ အခြေအနေကို အေးအေးဆေးဆေး ထိန်းသိမ်းကြဖို့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။

ဒီအမှုကို အခြေခံပြီး အရှိန်မြင့်လာတဲ့ ထိုင်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြောင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို မထိခိုက်စေချင်ဘူးလို့လည်း နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေက ပြောဆိုပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့် ခရီးသွားနှစ်ယောက်ကို သတ်မှုနဲ့ မြန်မာအလုပ်သမား နှစ်ယောက်ကို သေဒဏ်စီရင်ထားတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တယ်လီဖုန်းဆက် ပြောဆိုခဲ့တဲ့အကြောင်း မနေ့က သတင်းထောက်တွေကို ပြောပါတယ်။ ဒီအမှုမှာ ထိုင်းတရားရုံးရဲ့အမိန့်ဟာ နောက်ဆုံး ဆုံးဖြတ်ချက် မဟုတ်သေးတဲ့အတွက် အယူခံ ဆက်ဝင်ဖို့ ရှိနေတာကို သူ့အနေနဲ့ နားလည်တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြန်ပြောပြပါတယ်။

ဆန္ဒပြပွဲတွေကြောင့် ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံး ကောင်စစ်ဝန်ဌာန ယာယီ ပိတ်ထားရပြီး ဗီဇာလျှောက်တာနဲ့ ခရီးသွားလာခြင်းဆိုင်ရာ လုပ်ငန်းတွေ ရပ်နားထားရပါတယ်။ ဆန္ဒပြသူတချို့က မြန်မာနိုင်ငံသား ၂ ယောက်အပေါ် ချမှတ်ထားတဲ့ တရားရုံးဆုံးဖြတ်ချက်ကို ပြန်မပြင်ဘူးဆိုရင် ထိုင်း ကုန်ပစ္စည်းတွေကို သိပိတ်မှောက်မယ် ဆိုပြီးတော့တောင် ခြိမ်းခြောက်နေပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ကတော့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ငဲ့ပြီး မြန်မာလူငယ် ၂ ယောက်ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ထိုင်းတရားရုံးက ပြန်လည် စဉ်းစားမယ်လို့ မျှော်လင့်တဲ့အကြောင်း မနေ့က ထိုင်းရှေ့နေများကောင်စီ အဖွဲ့ဝင်တွေနဲ့ မြန်မာသံရုံးက ဖွဲ့စည်းထားတဲ့ အထူးကော်မတီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချိန်မှာ အခုလို ပြောဆိုပါတယ်။

“အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်။ နှစ်နိုင်ငံအစိုးရချင်းလည်း ရင်းရင်းနှီးနှီးရှိတယ်။ အဲဒါကြောင့်မို့ ဒီကလေးတွေဟာ တနည်းအားဖြင့်ပြောရင် နိုင်ငံခြားသား အလုပ်သမားဖြစ်တဲ့အတွက် ဒီအယူခံမှာ ဒီဥစ္စာတွေကိုလည်း နှစ်နိုင်ငံချစ်ကြည်ရေးကို ထောက်ရှုပြီးတော့ ထည့်သွင်း စဉ်းစားသွားလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”

ထိုင်းဝန်ကြီးချုပ်ကတော့ ဆန္ဒပြဖိအားပေးတာတွေကြောင့် ထိုင်းအစိုးရအနေနဲ့ ပြစ်ဒဏ်ကို ပြင်ပေးမှာ မဟုတ်တဲ့အကြောင်း ခုခံပြောဆိုထားပြီး ထိုင်းတရားဥပဒေ နည်းလမ်းအရ အယူခံဝင်နိုင်ခွင့် ရှိတဲ့အကြောင်း လမ်းဖွင့်ပေးထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သံအမတ်ကြီး ဦးဝင်းမောင်က ပြောဆိုပါတယ်။

“ထိုင်းနိုင်ငံ အစိုးရနဲ့ ထိုင်းဥပဒေအရ ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် အယူခံဝင်နိုင်ကြောင်း လမ်းခင်းပေးတဲ့အတွက် ကျနော်တို့ ဆက်လက် အယူခံဝင်ပြီးတော့ ကျနော်တို့ ဒီကလေးတွေရဲ့ မျှော်လင့်ချက်ကို ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ထိုင်းရှေ့နေများကောင်စီဥက္ကဋ္ဌ Dej Udom ကတော့ ထိုင်းဥပဒေအရ ရက်သုံးဆယ်အတွင်း အယူခံဝင်မှာ ဖြစ်ပေမဲ့ ဒီအမှုနဲ့ ပတ်သက်လို့ အသေးစိတ် စစ်ဆေးဖို့ ကော်မတီတရပ် ဖွဲ့စည်းထားတဲ့အကြောင်းနဲ့ အယူခံဝင်ခွင့် သတ်မှတ်ရက် ထပ်တိုးပေးဖို့ တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံသားနှစ်ဦးရဲ့ အယူခံကို ထိုင်းအယူခံတရားရုံးက လက်ခံစဉ်းစားဖို့ တနှစ်ကနေ သုံးနှစ်အထိ ကြာနိုင်တယ်” - လို့လည်း ထိုင်းရှေ့နေများကောင်စီဥက္ကဋ္ဌ Dej Udom ပြောဆိုပါတယ်။

ဒီအတောအတွင်း အဂါၤနေ့က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Pisanu Suvanajata ဟာ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး အမှုနဲ့ပတ်သက်လို့ ထိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ မိတ္တူတွေကို ပေးအပ်ခဲ့ပါတယ်။ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း ထိုင်းတရားရေး လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ အယူခံ အဆင့်ဆင့် တက်သွားမယ့်အကြောင်း ပြောဆိုတာကို မြန်မာအစိုးရပိုင် သတင်းတွေမှာ ဖော်ပြပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မြန်မာဘက်က တာဝန်ရှိသူတွေအနေနဲ့ ထိုင်းအာဏာပိုင်တွေနဲ့ ထိတွေ့ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့ မြန်မာသမ္မတ ဦးသိန်းစိန်က ညွန်ကြားထားသလို မြန်မာနိုင်ငံသား နှစ်ဦးအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ပြန်လည် စဉ်းစားပေးဖို့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ထိုင်းနိုင်ငကို သဝဏ်လွှာပေးပို့ထားပါတယ်။

တနှစ်ကျော်ကြာ စစ်ဆေးခဲ့တဲ့ကာလအတွင်း ဒီအမှုကို စီရင်ချက် မချခင်ကတည်းက မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော်ခေါင်းဆောင်တွေ ထိုင်းအာဏာပိုင်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့တဲ့ အချိန်ကလည်း မြန်မာနိုင်ငံသား ၂ ယောက်ကို စွပ်စွဲခံထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရေး ဥပဒေဘောင်ထဲကနေ ကူညီဖို့ ထိုင်းအာဏာပိုင်တွေကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မေတ္တာရပ်ခံခဲ့ဖူးပါတယ်။

လောလောဆယ် ထိုင်းရှေ့နေများကောင်စီက မြန်မာနိုင်ငံသားတွေကို ကူညီဖို့အတွက် အဖွဲ့ဝင် ၂၁ ဦးပါ ကော်မတီ ဖွဲ့စည်းထားပါတယ်။ ဒီရှေ့နေများအဖွဲ့၊ မြန်မာလူမှုကူညီရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထောက်ရှုသောအားဖြင့် ထိုင်းနိုင်ငံဘက်က ပြစ်ဒဏ်လျော့ပေါ့ရေး စဉ်းစားပေးဖို့၊ ဥပဒေဘောင်ထဲက အယူခံဝင်မှာဖြစ်သလို၊ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကလည်း သံတမန်ရေးဆိုင်ရာ လုပ်ငန်းအဆင့်ဆင့် အနီးကပ် ပါဝင်ကူညီမှာ ဖြစ်တဲ့အကြောင်း အမှုနဲ့ ပတ်သက်လို့ လွှတ်တော်အတွင်း ကြားနာပွဲတွေမှာ မြန်မာအစိုးရတာဝန်ရှိသူတွေ ဖြေကြားထားပါတယ်။

XS
SM
MD
LG