သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Koh Tao အမှု တရားခံ စတင်စစ်ဆေး


ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ပြီးခဲ့တဲ့နှစ်က သတ်ဖြတ်ခံရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးနဲ့ပတ်သက်လို့ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးထဲက ကိုဇော်လင်းကို ထိုင်းရှေ့နေများကောင်စီ ကော့စမွေတရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ လိပ်ကျွန်းမှာ သတ်ဖြတ်ခံရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးနဲ့ပတ်သက်လို့ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ဲ့ ကိုဇော်လင်းကို ဒီကနေ့မှာပဲ ကော့စမွေတရားရုံးမှာ စတင် စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးမှုတွေ မပြီးဆုံးသေးပေမဲ့ ဒီကနေ့ ထွက်ဆိုချက်အရ တရားခံအဖြစ် စွပ်စွဲခံရသူဟာ ပြစ်မှုမကျုးလွန်ကြောင်း ထွက်ဆိုခဲ့တယ်လို့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် က ဆိုပါတယ်။

“အဓိကကတော့ ပြစ်မှုနဲ့ပတ်သက်လို့ ကျူးလွန်ခြင်း မရှိဘူးဆိုတဲ့ အကြောင်းအရာလေးတွေကို သူက ပြောတာပါ။ နောက်ပြီးတော့ ဝန်ခံတယ်ဆိုတဲ့ အချိန်တုန်းကလည်း ဘာမှမသိဘဲနဲ့ လက်မှတ်ထိုးခိုင်းတာတို့၊ နှိပ်စက်ညှဉ်းပန်းတယ်ဆိုတဲ့ အကြောင်းအရာတွေကို အားလုံး ဒီမှာ ရှင်းပြပြီး ပြောပြတာပေ့ါ။ အခု ဒီနေ့မှာတော့ ကျနော်တို့ ဒီ ရှေ့နေများကောင်စီကနေ ခေါ်လာတဲ့ ဘာသာပြန် ပါလာပါတယ်။ တရားခံဘက်ကနေ ကူညီပေးမယ့် ရှေ့နေရှိရဲ့သားနဲ့ ရဲကနေ အဲဒီရှေ့နေကို အသုံးပြုခွင့် မပေးဘဲနဲ့ သူတို့နဲ့ပါလာတဲ့ ရှေ့နေကိုသာ သုံးခွင့်ပြုခြင်းဟာလည်း ဥပဒေအရ လွဲမှားတယ်ဆိုတဲ့ အချက်တွေ ကိုဇော်လင်းက ပြောတာပါခင်ဗျ။ အကျဉ်းဦးစီးဌာနထဲမှာ ရဲကခေါ်လာတဲ့ သက်သေပါတယ်။ ဒါပေမဲ့ ကိုဇော်လင်း လက်မှတ်ထိုးထားတဲ့ ရှေ့နေအမျိုးသမီးလည်း အဲဒီ အကျဉ်းဦးစီးထဲကို ဘာသာပြန်နဲ့ ရောက်လာတယ်။ ဒါပေမဲ့ ရဲက အဲဒီဘာသာပြန်နဲ့ သူ့ရဲ့ရှေ့နေမကို သုံးခွင့်မပြုဘဲနဲ့ ရဲကခေါ်လာတဲ့ ရှေ့နေကိုပဲ သုံးခွင့်ပြုခြင်းဟာ ဥပဒေအရ လွဲမှားတာ တွေ့ရပါတယ်။ ဘယ်အချက်တွေဆိုတာကို တရားသူကြီးက မှတ်တမ်းတင်ထားပါတယ်။”

တရားခံ (၁) အဖြစ် စွပ်စွဲခံထားရတဲ့ ကိုဇော်လင်းကို ထိုင်းရှေ့နေများကောင်စီကနေ စစ်ဆေးရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့တုန်းကတော့ ထိုင်းနိုင်ငံရဲ့ တရားမျှတရေးဝန်ကြီးဌာနက တာဝန်ရှိသူ ၂ ဦးဟာ တရားခွင်မှာပဲ စွပ်စွဲခံထားရသူ ၂ ဦးရဲ DNA မျိုးရိုးဗီဇကို စစ်ဆေးဖို့အတွက် တံတွေးတွေကို ရယူသွားခဲ့ပါတယ်။ ဒီစစ်ဆေးမှုကို ထိုင်းနိုင်ငံက DNA စစ်ဆေးရာမှာ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီး ဒေါက်တာ ပွန်ထစ်ဆီမှာ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ ဒီစစ်ဆေးမှုနဲ့ ပတ်သက်လို့တော့ လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့မှာတော့ အဖြေသိရမယ်လို့ ဆိုပါတယ်။ တရားလိုပြ သက်သေတွေ ထွက်ဆိုချက်တွေမှာ ကွဲလွဲချက်တွေရှိတဲ့အတွက် အမှုအခြေအနေအရ ကောင်းမွန်ပြီး တရားဥပဒေအတိုင်းသာ မှန်မှန်ကန်ကန် ဆုံးဖြတ်မယ်ဆိုရင် အမှုပျက်ပြယ်မယ့် အခြေအနေ ရှိတယ်လို့ ရှေနေ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

“ကျနော်တို့ ဒီနေ့ ကလေးတွေ စစ်ချက်ကတော့ ကိုယ်ကိုယ်တိုင် မကျူးလွန်ဘူးဆိုတာ ဆက်ပြောစရာမရှိပါဘူး။ ဒါပေမဲ့ မနေ့က တနေ့လုံးစစ်ခဲ့ရတဲ့ ည ၁ နာရီခွဲအထိ စစ်ခဲ့ရတဲ့ ဒီအမှုမှာပါဝင်တဲ့ ဒုရဲမှူးကြီး စစ်ချက်တွေမှာ အမှုနဲ့ပတ်သက်လို့ ဥပဒေအရ မလျော်ညီတဲ့အချက်တွေ ၁၀ ချက်ကျော်ကျော်လောက် တွေ့ရပါတယ်။ အဲဒီအချက်တွေဟာ ကျနော်တို့ အမှုနဲ့ ပတ်သက်လို့ ပျက်ပြယ်နေတဲ့ အနေအထားမှာရှိပြီးတော့ အဲဒီအတိုင်းဆိုလို့ရှိရင် ဥပဒေအရသာ စီရင်ဆုံးဖြတ်မယ်ဆိုရင် အပြစ်ပေးလို့မရတဲ့ အကြောင်းကို ကျနော်တို့ တွေ့ရှိပါတယ်။”

မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀၀ ခန့် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာ လက်ရှိ တရားခံတွေအဖြစ် စွပ်စွဲခံရသူ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို တခြားရွှေ့ပြောင်း အလုပ်သမားတွေနဲ့အတူ သံသယရှိသူတွေအဖြစ် ရဲတွေက DNA စစ်ဆေးခဲ့တာပါ။ အဲဒီအချိန်တုန်းက DNA တူညီမှု မရှိဘူးဆိုကာ ပြန်လွှတ်ပေးခဲ့ပြီး စက်တင်ဘာလကုန်ပိုင်းမှာပဲ နောက်တကြိမ် ပြန်လည် ဖမ်းဆီးခဲ့ကာ သူတို့ကိုယ်တိုင် ကျူးလွန်ကြောင်း ဝန်ခံခဲ့တယ်လို့ပြောဆိုပြီး ရဲတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG