သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှုအယူခံ နောက်ထပ်တလ တရားရုံးခွင့်ပြု


ထိုင်းနိုင်ငံ ကော့တောင် အပန်းဖြေကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ထိုင်းတရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ်ပေးခြင်းခံရတဲ့ မြန်မာရွှေ့ပြောင်း လူငယ် ၂ ဦးအတွက် အယူခံကို ၅ ကြိမ်မြောက်အဖြစ် နောက်ထပ်တလ ရက်ထပ်တိုးပေးဖို့ မြန်မာသံရုံးနဲ့အတူ ထိုင်းရှေ့နေများကောင်စီမှ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေတွေကနေ ဧပြီလ ၁၉ ရက်နေ့က လျှောက်ထားရာမှာ ထိုင်းအယူခံတရားရုံးက ခွင့်ပြုလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ကော့တောင် အပန်းဖြေကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၂ ဦးကို ထိုင်းတရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ်ချပြီးတဲ့ နောက်မှာတော့ သူတို့အတွက် အယူခံကို တလချင်းအလိုက် ရက်တိုးပေးဖို့ တောင်းဆိုခဲ့ရာမှာ ၅ လမြောက်အဖြစ် ထိုင်းအယူခံတရားရုံးက ခွင့်ပြုပေးခဲ့တာပါ။

တရားခံအဖြစ် စွပ်စွဲခံထားရသူတွေကို စစ်ဆေးမေးမြန်းဖို့အတွက် အကျဉ်းထောင်တွင်းမှာ မြန်မာနဲ့ ထိုင်းတတ်ကျွမ်းသူတွေကို ဘာသာပြန်နိုင်ဖို့အတွက် သူ့ကို ဘန်ခဝမ်အကျဉ်းထောင်ကနေ ခွင့်မပြုခဲ့တာကြောင့် တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေတွေဘက်က စစ်ဆေးမေးမြန်းမှုတွေ ထပ်လုပ်နိုင်ဖို့အတွက် နောက်ထပ် ရက်တိုးရနိုင်ဖို့ စီစဉ်ခဲ့တာပါ။ လာမယ့် မေလ ၂၃ ရက်နေ့ထိ အယူခံလျှောက်နိုင်ဖို့ ထပ်တိုးပြီး ခွင့်ပြုခဲ့ရတဲ့အခြေအနေနဲ့ ပတ်သက်လို့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေလည်းဖြစ်တဲ့ ဦးအောင်မျိုးသန့် က အခုလို ပြောပါတယ်။

“၂၃ ရက် ၅ လ ၂၀၁၆ အထိ ၁ လ ရက်ထပ်တိုးရပါတယ်ခင်ဗျ။ အခုကတော့ အယူခံတင်ဖို့ရက် ထပ်တိုးတောင်းတာတော့ ဒါနဲ့ဆို ၅ ကြိမ်မြောက်ပေါ့။ ပြီးခဲ့တဲ့တပတ်တုန်းက ရှေ့နေများကောင်စီနဲ့ ဘာသာပြန်နဲ့ အယူခံနဲ့ ပတ်သက်တဲ့ တချို့ အကြောင်းအရာလေးတွေကို တရားခံတွေနဲ့ မေးချင်တယ်ဆိုပြီးတော့ ဘန်ခဝမ်ထောင်ကို သွားကြပါတယ်။ အဲ့လိုသွားတဲ့အချိန်မှာ ဘန်ခဝမ်ထောင်က တာဝန်ရှိတဲ့ လူကြီးတွေကနေပြီးတော့ ထိုင်းရှေ့နေတွေကိုတော့ ပေးဝင်ခွင့်ပြုပြီးတော့ ဗမာဘာသာပြန်ကိုတော့ ပေးဝင်ခွင့် မပြုခဲ့ပါဘူး။ အဲ့လိုမပြုတဲ့အတွက်လည်း စာတင်ခဲ့တယ်။ ထိုင်းရှေ့နေများကောင်စီကနေပြီးတော့ စတင်ခဲ့တာလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ အဲ့လိုဟာကျတော့ ကလေးတွေဆီမှာ မေးမယ့်ဟာက ဗမာဘာသာကို ထိုင်းရှေ့နေများကောင်စီနဲ့ တိုက်ရိုက် ဘယ်လိုမှ မသိနိုင်တဲ့အတွက် ဒါကြောင့် ဘာသာပြန်ကိုခေါ်တာကို ခွင့်မပြုတဲ့အတွက်ကြောင့်မို့ အဲဒီတုန်းက ဆောင်ရွက်ရမယ့် အချက်တွေအားလုံးက ဆောင်ရွက်ခြင်းမရှိနိုင်ဘူး။ ဒါကြောင့်မို့လို့လဲ အခုလို အယူခံအချိန်မှာ အချိန်မီ မတင်နိုင်ဘူးဆိုတာ ဖြစ်သွားတာပါ။”

အယူခံတရားရုံးကတော့ ဒီလို အယူခံဖို့ရက်ကို ထပ်တိုးတောင်းဆိုမှုနဲ့ ပတ်သက်လို့ နောက်ဆုံးအကြိမ်အဖြစ် ခွင့်ပြုခဲ့တယ်လို့လည်း ဆက်ပြောပြပါတယ်။

“တရားရုံးကလည်း ပြောလိုက်ပါတယ်။ ဒီဟာက နောက်ဆုံးအကြိမ် ခွင့်ပြုတာပါလို့လည်း ပြောလိုက်ပါတယ်။ ဒါပေမဲ့ အန်ကယ်လ်တို့ဘက်က တင်ပြတဲ့ အကြောင်းရင်းကလည်း ခုနက ပြောသလိုပါပဲ အခု ဒီလို ထပ်ပြီး ရက်တိုးတောင်းရခြင်း အကြောင်းရင်းဟာ ဥပဒေအရ ဘာသာပြန် ခေါ်သွားခွင့်ရှိတဲ့ကိစ္စကို ထောင်ကနေပြီးတော့ ခေါ်ခွင့်မပြု ဘဲနဲ့ တားဆီးတဲ့အတွက်ကြောင့် လိုအပ်တဲ့အချက်တွေ တောင်းဆိုလို့မရခဲ့ဘူး။ ဆွေးနွေးခွင့်မရခဲ့ဘူး။ ဒါကြောင့်မို့လည်း ဒီလို ထပ်ပြီးတော့ အယူခံတောင်းတယ်လို့ တင်ပြထားတာကိုး။ ဒါကြောင့် တရားရုံးက လက်ခံတာပါ။ အဲဒါက အယူခံတရားရုံးပေါ့။”

အခုအယူခံရက် နောက်ထပ်တလ တိုးရတဲ့အတွက် တရားခံတွေဖြစ်တဲ့ မြန်မာလူငယ် ၂ ဦးကို စစ်ဆေးမေးမြန်းဖို့အတွက် ဘန်ခဝမ်အကျဉ်းထောင်ကို ထပ်မံသွားရောက်ဖို့ ရှိနေပြီး အကျဉ်းထောင်က ခွင့်ပြု မပြု အခြေအနေတွေတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“အဲဒီအခါမှာ ဘာသာပြန်ခေါ်ပြီးတော့ သွားမယ်။ ဒီတကြိမ်လည်း တားဦးမလား၊ မတားဘူးလားတော့ မသိဘူး။ ဒါပေမဲ့ သက်ဆိုင်ရာတွေကိုတော့ ရှေ့နေများကောင်စီက စာတင်ပြီးပါပြီ။ ဒီလိုမဖြစ်သင့်ဘူး၊ ဒါ ထိုင်းလူမျိုးမဟုတ်ဘူး။ ဗမာတရားခံဖြစ်တဲ့အတွက်ကြောင့်မို့ ဗမာတရားခံတယောက်ကို စကားပြောဖို့ဟာမှာ ဘာသာပြန်လိုတယ်ဆိုတဲ့အကြောင်းကို သူတို့ကို တင်ပြပြီးတော့ စာရေးထားပါပြီ။”

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှုကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ဝန်ခံပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။ ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ လူသတ်မှုနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး အခုနောက်ဆုံး တရားရုံးကနေ အမှု ၇ မှုနဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခဝမ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။ သူတို့လွတ်မြောက်ရေးနဲ့ တရားမျှတစွာ စီရင်နိုင်ဖို့အတွက် မြန်မာနိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်တွင်းက မြို့နယ် ၁၅ မြို့ကလည်း လူထုအင်အား ၁ သိန်းခန့် ထိုင်းဘုရင်မင်းမြတ်နဲ့ ထိုင်းအစိုးရကို လက်မှတ်ရေးထိုးထားတဲ့ မေတ္တာရပ်ခံစာတစောင်လည်း ပေးပို့ထားပါတယ်။

XS
SM
MD
LG