သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရတပ်ကျည်ဆံ တရုတ်မြေထိမှန်ခဲ့ဟု ကိုးကန့်စွပ်စွဲ


ကိုးကန့်တပ်ဖွဲ့ဝင်များ။
ကိုးကန့်တပ်ဖွဲ့ဝင်များ။

တရုတ်-မြန်မာနယ်စပ်နားက လင်ချန်းမြို့ကိုကျခဲ့တဲ့လက်နက်ကျည်ဟာ ကိုးကန့်တပ်ဖွဲ့ရဲ့ လက်နက်ကျည်မဟုတ်ကြောင်း ကိုးကန့်တပ်ဖွဲ့က ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။ လင်ချန်းမြို့မှာကျတဲ့ လက်နက်ကျည်ကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရခဲ့တာကို စုံစမ်းစစ်ဆေးသွားမယ်လို့ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်အစိုးရကိုအကြောင်းပြန်ထားချိန်မှာ ကိုးကန့်တပ်ဖွဲ့က အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ကြာသပတေးညက ယူနန်ပြည်နယ် လင်ချန်းမြို့၊ ဖုန်ချန်ဟိုတယ်နား ကျရောက်ပေါက်ကွဲပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်ဆိုတဲ့ လက်နက်ဟာ သူတို့ ကိုးကန့်တပ်ဖွဲ့ကပစ်တဲ့ လက်နက်ကျည်မဟုတ်ဘူးလို့ MNDAA ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။

“ကျနော်တို့က နယ်စပ်မျဉ်းကို ကျောပေးပြီးတော့ ရှေ့ကလာတဲ့ ရန်သူကို ခုခံနေရပါတယ်။ အဲဒီတော့ ကျနော်တို့ ပစ်တဲ့လက်နက်တွေ အားလုံး .. သေနတ်တို့၊ RPG တို့က နယ်စပ်ရဲ့ အနောက်ဘက်ခြမ်းကိုပဲ ရောက်ပါမယ်။…ဆိုတော့ မြန်မာ့တပ်မတော်ကနေပစ်တဲ့ဟာပဲ ဒီ တရုတ်ထဲကိုဝင်ဖို့ဟာ ရှိပါတယ်။ နောက်ပြီးတော့ ကျနော် ကြားတာ သူတို့ရဲ့ အဲဒီလက်နက်က ၁၀၅ မမ ဆိုတာရှိပါတယ်တဲ့၊ ကျနော်တို့ဆီမှာ အဲလို လက်နက် မရှိပါဘူး။”

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း မြန်မာနယ်စပ်နဲ့ထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို လက်နက်ကြီးကျည်ကျခဲ့လို့ နှစ်နိုင်ငံပူးတွဲအဖွဲ့က စုံစမ်း စစ်ဆေးမှုတွေလုပ်အပြီးမှာ မြန်မာ့တပ်မတော်ရဲ့ လက်နက်ကျည်ဖြစ်တယ်လို့ အတည်ပြုခဲ့တာကြောင့် မြန်မာအစိုးရက တရုတ်နိုင်ငံကို တောင်းပန်ခဲ့ရ ပါတယ်။

အခုတကြိမ် ယူနန်ပြည်နယ်ထဲကျတဲ့ လက်နက်ကျည်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ့်အကြောင်းနဲ့ အကယ်၍ မြန်မာအစိုးရတပ်တွေက ပစ်ခတ်တဲ့ လက်နက်ကျည်ဖြစ်ခဲ့ရင် လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေလုပ်သွားမယ်လို့ မြန်မာအစိုးရနိုင်ငံခြားရေးဒုဝန်ကြီးက VOA ကို မနေ့က ဖြေကြားခဲ့ပါတယ်။

အခုလို တဘက်နိုင်ငံထဲ လက်နက်ကျည်ကျရတာဟာ တရုတ်မြန်မာနယ်စပ်နား ဖြစ်နေတဲ့ ကိုးကန့်တိုက်ပွဲကြောင့်ပဲ ဖြစ်ပါတယ်။ ဒီ ကိုးကန့်တိုက်ပွဲမှာ ကိုးကန့်တပ်တွေ အခိုင်အမာခြေကုပ်ယူထားတဲ့ လောက်ကိုမြို့မြောက်ဘက်နားက တောင်ကုန်းအမှတ် ၂၂၀၂ ကို မြန်မာ့ တပ်မတော်က သိမ်းနိုင်ခဲ့တယ် လို့ အစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့မှာလည်း တောင်ကုန်းအမှတ် ၂၀၇၁ ကို ထပ်သိမ်းနိုင်ခဲ့တယ်လို့ မြန်မာ့တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒီကနေ့မှာ တိုက်ပွဲတွေ ဆက်ရှိနေပေမယ့် အရင်နေ့တွေကလောက် ပြင်းထန်ခြင်းမရှိဘူးလို့ MNDAA ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ဒီနေ့မနက် ၉ နာရီလောက်ကနေ ၁၂ နာရီလောက်အထိပေါ့ အဲဒီ သေနပ်သံတွေကြားသေးတယ် ပြောတယ်။ သေနပ်သံတို့ လက်နက်ကြီးကျည် ကျတဲ့အသံတို့ပေါ့ ၊ အဲဒါက နမ်တင်းမန် ရှမ်းဒေသပါပဲ ။ အဲဒီ သူတို့ပြောတဲ့ ပွိုင့်ကုန်း ၂၂၀၂ ပေါ့ .. အဲဒီ တကြောပေ့ါဗျာ။ မနေ့ည အထိကတော့ လက်နက်ကြီးနဲ့ အဓိက ပစ်တယ်။ ဒါပေမယ့် သိပ်တော့ မပြင်းထန်ဘူးပေါ့နော့။”

အခုလို တိုက်ပွဲအရှိန် အနည်းငယ်လျော့လာပေမယ့် မြန်မာအစိုးရတပ်တွေရဲ့ စစ်လက်နက်အင်အား လူအင်အား ချထားပုံတွေကိုကြည့်ခြင်းအားဖြင့် နောင်လာမယ့် ရက်တွေမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်လာမယ်လို့ ခန့်မှန်းမိကြောင်း ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက VOA ကို ပြောပါတယ်။

XS
SM
MD
LG