သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒေသ ပြန်လည် တည်ငြိမ်စပြု


ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသဘက်မှာ ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည်များ (ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅)
ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသဘက်မှာ ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည်များ (ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅)

တိုက်ပွဲတွေကြောင့် စစ်အုပ်ချုပ်ရေးကျင့်သုံးနေရတဲ့ လောက်ကိုင်မြို့ အခြေအနေတည်ငြိမ်လာပြီး ဒေသခံတွေနဲ့ အလုပ်သမားတွေ ပြန်ဝင် လာနေပြီလို့ မြန်မာ့တပ်မတော်က ပြောလိုက်ပါတယ်။ ကိုးကန့်ဒေသတလွှားမှာလည်း စစ်ရေးအခြေအနေတည်ငြိမ်နေပြီး ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ဘက်ကလည်း အပစ်ရပ်ရေးအတွက် ဆွေးနွေးဖို့ အဆင်သင့်ရှိတဲ့အကြောင်း ပြောပါတယ်။ ကိုးကန့်ဒေသ တလွှားက စစ်ရေးနဲ့ တည်ငြိမ်မှုအခြေအနေနဲ့ ရှမ်းပြည်မြောက်ပိုင်းတလွှားက မြန်မာအစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ကြား ထိပ်တိုက်တွေ့မှု အခြေအနေအရပ်ရပ်ကို မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

မြန်မာအစိုးရတပ်တွေနဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA တို့ကြား တိုက်ပွဲတွေကြောင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်မြို့ကို အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေး ကျင့်သုံး နေပါတယ်။ အခုအခါမှာတော့ လောက်ကိုင်ဒေသရဲ့အခြေအနေက စစ်အုပ်ချုပ်ရေးအောက်မှာ တည်ငြိမ်စပြုလာနေပြီး ဌာနေ ပြန်ဝင်လာသူတွေလည်း ရှိနေပြီလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ပြန်သူ့ဆက်ဆံရေး ဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းက ဗွီအိုအေကို ပြောပါတယ်။ ကိုးကန့်ဒေသစစ်ဆင်ရေး အခြေအနေတွေကိုတော့ အသေးစိတ်ပြောနိုင်မှာ မဟုတ်ဘူးလို့လည်း ဗိုလ်ချုပ်ကြီး အောင်ရဲဝင်းက အခုလို ပြောပါတယ်။

“ကျနော်တို့ ဟိုဟာ (စစ်အုပ်ချုပ်ရေး) ထုတ်ထားရတယ်ဗျ။ ဟိုတခါလည်း ကျနော်ပြောဖူးပါတယ်။ ကျနော်တို့ သီးခြားလေ၊ သီးခြားသတင်း ထုတ်ပြန်တာတော့ မရှိပါဘူးခင်ဗျ။ ပုံမှန်သတင်းထုတ်ပြန်တဲ့အဆင့်အတိုင်းပဲ ကျနော်တို့ ပြောနိုင်တာပါ။”

မေး။ ။ စစ်အုပ်ချုပ်မှုအောက်မှာ ငြိမ်းချမ်းမှုအနေအထားလေး သိချင်လို့ပါရှင်။

ဖြေ။ ။ အော်၊ အရင်ကနဲ့စာရင်တော့ အများကြီးတိုးတက်ပါတယ်။ ကျနော်တို့ခုနပြောသလိုပေါ့။ လောက်ကိုင်မြို့အနေအထားကလည်း အများကြီး တိုးတက်မှုရှိပါတယ်။ ပြန်လာတဲ့လူတွေရော၊ ရွှေ့ပြောင်းလုပ်သားတွေရော အများကြီး ပြန်ဝင်လာပါတယ်။

ကိုးကန့်ဒေသတွင်း တိုက်ခိုက်မှုတွေစတင်ပြီး ၄ ရက်အကြာ ဖေဖေဝါရီလ ၁၂ ရက်နေ့မှာ ပုဒ်မ ၁၄၄ တားမြစ်မိန့်ထုတ်ခဲ့တာပါ။ ဒါပေမယ့် အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုပြီး ကျယ်ပြန့်လာတာကြောင့် အုပ်ချုပ်ရေးလုပ်ငန်းတွေ မထိရောက်တော့ဘူးဆိုပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဖွဲ့စည်းပုံအရ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်မြို့ကို သမ္မတဦးသိန်းစိန်လက်မှတ်နဲ့ အရေးပေါ်အခြေအနေ ကြေညာထားတာ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေအရ စစ်အုပ်ချုပ်ရေးကို ရက်ပေါင်း ၉ဝ သတ်မှတ်ထားတာမှာ ဒီကနေ့ စနေနေ့အထိ စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတာ သီတင်းနှစ်ပတ်ထဲကိုရောက်ရှိလာပြီလည်း ဖြစ်ပါတယ်။ လောက်ကိုင်မြို့အပါအဝင် ကိုးကန့်ဒေသ တဝိုက်မှာတော့ စစ်ရေး အခြေအနေ ငြိမ်သက်နေတာ နှစ်ရက်ရှိသွားပြီ ဖြစ်ပါတယ်။ ကိုးကန့်လက်နက်ကိုင်တပ် MNDAA ကတော့ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်တွေ ရပ်သွားတာနဲ့ တိုက်ပွဲတွေ ငြိမ်းသွားတာဖြစ်တယ်လို့ပြောဆိုပြီး ကိုးကန့်လက်နက်ကိုင်တို့ဘက်ကတော့ အပစ်ရပ်ရေးဆွေးနွေးဖို့ အဆင့်သင့်ရှိနေကြောင်းလည်း MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ကျနော်တို့ ဒီတခေါက် အဓိက-က အိမ်ပြန်လာခြင်းဖြစ်ပါတယ်ခင်ဗျ။ အဲဒီတော့ ဆွေးနွေးတာကတော့ အချိန်မရွေးပါပဲခင်ဗျ။ အဲဒီတော့ အဓိက-ကတော့ တပ်မတော်ဘက်ကပါ။ ဆွေးနွေးချင်လား၊ မဆွေးနွေးချင်ဘူးလားဆိုတာ သူတို့အပေါ်မှာ မူတည်ပါတယ်။ ကျနော်ထင်တယ်၊ သူတို့ အမြဲပြောနေပါတယ်။ သူတို့ UPWC နဲ့ကတော့ အမြဲပြောတယ်-တဲ့။ ကိုးကန့်- MNDAA ၊ နောက် ကျနော်တို့ပါတီပေါ့။ ကျနော်တို့အဖွဲ့အစည်းအနေနဲ့က NCCT မှာလည်း ကိုယ်စားလှယ်လွှတ်ထားတယ်။ UNFC မှာလည်း အဖွဲ့ဝင်ဖြစ်ပါတယ်။ ဒါကတော့ အခေါက်ခေါက် အခါခါ ပြောဖူးပါတယ်။ တနိုင်ငံလုံးနဲ့ ကျယ်ကျယ်ဝန်းဝန်းပြောရမယ်ဆိုရင် နိုင်ငံတော်အဆင့်ထိကတော့ ကျနော် NCCT နဲ့ပဲ ဖြစ်ပါတယ်။ ပြီးတော့ UNFC ရဲ့မူအတိုင်းပဲ ကျနော်တို့လက်ခံပါတယ်။”

အခု မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA ဟာဆိုရင်၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာစစ်အစိုးရနဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ စစ်အစိုးရနဲ့ မပြေမလည်ဖြစ်ပြီး အပစ်ရပ်ရေးပျက်ခဲ့ရတာ ဖြစ်ပါတယ်။ ကိုးကန့်လက်နက်ကိုင်တပ်ဘက်ကတော့ အရင် အပစ်အခတ် ရပ်စဲခဲ့တာကို ထောက်ထားပြီး ပြန်လည်ဆွေးနွေးကြဖို့ သမ္မတဦးသိန်းစိန်ထံကို ဖုန်ကြားရှင်က အိတ်ဖွင့်ပေးစာတစောင်လည်း ပေးပို့ခဲ့ပေမယ့် မြန်မာ အစိုးရဘက်ကတော့ တစုံတရာတုံ့ပြန်ခဲ့တာ မရှိပါဘူး။

အခုလို ကိုးကန့်ဒေသဘက်မှာ ဒီရက်ပိုင်းတိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့် နှစ်ဘက် တင်းမာမှုတွေကတော့ ရှိနေဆဲ ဖြစ်တယ်လို့လည်း ကိုးကန့်လက်နက်ကိုင်တပ်ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။ ကိုးကန့်ဒေသဘက်မှာ စစ်ရေးတင်းမာနေတဲ့ တချိန်တည်းမှာပဲ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသဘက်မှာလည်း ဒီလ ၂၅ ရက်နေ့ကစလို့ မနေ့ ၂၇ ရက်နေ့ အထိ ၃ ရက်ကြာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG