သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတပ်သားတဦး ကိုးကန့်တပ် ဖမ်းမိ


ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA တပ်သားတဦးကို တွေ့ရစဉ်။
ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA တပ်သားတဦးကို တွေ့ရစဉ်။

ကိုးကန့်လက်နက်ကိုင်တပ်နဲ့ မြန်မာအစိုးရတပ်တို့ကြား လတ်တလောကာလမှာ လော်ကွာချိုင်းဒေသတဝိုက်နဲ့ ရှင်ကုတ်ထန်ဒေသတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒီကနေ့မှာတော့ တိုက်ပွဲတွေ မရှိပေမယ့် နှစ်ဘက် အသင့်အနေအထားမှာရှိနေပါတယ်။ နောက်ပြီး ဒီလ (၉) ရက်နေ့က လုံထန်တဝိုက်နဲ့ ဆီကော်ရန်ကျေးရွာအနီး နှစ်ဘက်တိုက်ပွဲတွေအတွင်း မြန်မာ့တပ်မတော်ဘက်က တပ်သားတဦးကို အရှင်ဖမ်းမိထားပြီး စစ်သုံ့ပန်းအဖြစ် ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားတယ်လို့လည်း ကိုးကန့်လက်နက်ကိုင်တို့ရဲ့ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ဒီကနေ့မှာ ပြောပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းချိန်မှာ သူက အခုလို စပြောပြပါတယ်။

ဦးထွန်းမြတ်လင်း။ ။ တဦးရှိပါတယ်။ လွှတ်မယ့်အချိန်ကျရင် ကျနော်တို့ ကြေညာမှာပါ။ သူ့ကို ပြန်ခိုင်းတာ သူတောင် မပြန်ဘူး။ သူ မပြန်ရဲဘူး-တဲ့။ သူက တပ်မ (၆၆) အောက်ကပဲ ထင်တယ်။ ဘယ်တပ်ရင်းကလဲ- ကျနော်တောင် မေ့နေပြီ။ နာမည်လည်း ကျနော်မေ့သွားပြီ။ သူ့အကြောင်းနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ Official blog မှာ၊ နောက်ထပ် ၂ ရက်၊ ၃ ရက်လောက်ဆို တင်မယ်။ ကျနော်တို့သူ့ကို နည်းနည်း အင်တာဗျူး လုပ်ထားပါတယ်ခင်ဗျ။ အင်တာဗျူး လုပ်ထားတယ်ဆိုတာ သူ့နာမည်ရယ်၊ ဥပမာ- ကိုယ်ပိုင်နံပါတ်ရယ်၊ ပြီးတော့ အိမ်ထောင်ရေးအခြေအနေရယ်၊ ပြီးတော့ တပ်က သူတို့ ဘာကြောင့် ဒီလိုရောက်လာလဲ။ ဘာကြောင့်မို့လို့ တိုက်နေလဲ၊ သိလားဆိုတော့ ၊ ‘မသိဘူး၊ ကျနော်တို့က တရုတ်ပြည်ကဝင်ပြီးတော့ ကျူးကျော်တယ်-တဲ့။ အဲဒါနဲ့ လာပြီးတော့ တိုက်ခိုင်းတာပါ-တဲ့။’ - သူကတော့ အဲဒီလို ပြောတယ်ဗျ။ အရာရှိတွေက၊ ပြီးတော့ ဒီ ကိုးကန့်မှာရှိတဲ့လူတွေက အရမ်းဆိုးတယ်ပေါ့။ အဲဒီတော့ အပြတ်ချေမှုန်းရမယ်-ပေါ့။ သူ့အသက်အရွယ်က ၂၀ ကျော်ထင်တယ်ဗျ။ တပ်သားပါ၊ တပ်သားပါ။

ဒါကတော့ ကိုးကန့်တပ်တို့ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းဖြစ်ပါတယ်။ တလခွဲနီးပါး ကြာမြင့်လာပြီဖြစ်တဲ့ ကိုးကန့်ဒေသ စစ်ရေးအခြေအနေကို လွှတ်တော်ဘက်ကရော သဘောထားမှတ်ချက် ဘယ်လိုရှိသလဲဆိုတာကိုတော့ လွှတ်တော်အမတ်တဦးလည်းဖြစ်၊ တိုင်းရင်းသား ငြိမ်းချမ်းရေးကော်မတီရဲ့အတွင်းရေးမှူးလည်းဖြစ်တဲ့ ဒေါ်ဒွဲဘူကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူက အခုလို ပြောပါတယ်။

ဒေါ်ဒွဲဘူ။ ။ ဒီကဏ္ဍကို ထဲထဲဝင်ဝင်ဆွေးနွေးတာတော့ မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ အခုက တိုင်းရင်းသားဘက်မှာလည်း အခုဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆွေးနွေးတာလည်း ဒီ ကိုးကန့်နဲ့ပတ်သက်တဲ့ဖြစ်စဉ်၊ ဒီခေါင်းစဉ်ကို သူတို့ ထည့်သွင်းဆွေးနွေးခြင်း မရှိတဲ့အတွက် ကျမတို့ကလည်း လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အဲဒါကို စောင့်ကြည့်နေတာပါ။ သူတို့အနေနဲ့ ဒီကိစ္စကိုတော့ သီးသန့်ဆွေးနွေးသွားမယ်လို့ သိရတယ်ရှင့်။ ဘယ်နည်းဘယ်ပုံနဲ့ သီးသန့်ဆွေးနွေးမယ်ဆိုတာ ကျမတို့ကလည်း သိချင်ပါတယ်။ ဘာလို့လဲဆိုတော့ လက်နက်ကိုင်ကတော့ များသောအားဖြင့် တပ်မတော်နဲ့သက်ဆိုင်တာမို့လို့ တပ်မတော်အပိုင်းရယ်၊ ဟိုဘက်က လက်နက်ကိုင် တိုင်းရင်းသားတွေလည်း ဒီဏ္ဍအပေါ်မှာ ဘယ်လို သူတို့ ဆောင်ရွက်လာမယ်ဆိုတာ ကျမတို့ကတော့ နည်းနည်းစောင့်ကြည့်ဖို့ လိုပါတယ်။

လက်ရှိ ကိုးကန့်ဒေသဘက်က စစ်ရေးတင်းမာမှု အခြေအနေတွေကတော့ ငြိမ်းချမ်းမယ့်အလားအလာ မရှိသေးပါဘူးရှင်။

XS
SM
MD
LG