သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်စစ် မြန်မာစစ်တပ် အထိအခိုက်များ


စစ်လက်နက်ပစ္စည်းတွေ စစ်ဆေးနေတဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ။
စစ်လက်နက်ပစ္စည်းတွေ စစ်ဆေးနေတဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ။

အစိုးရတပ်နဲ့ ကိုးကန့်တပ်တို့ကြား အခုရက်ပိုင်းအတွင်းမှာကို တိုက်ပွဲတွေ အတော်လေးပြင်းထန်ပြီး စစ်ရှိန်မြင့်နေတဲ့ ကိုးကန့်ဒေသထဲ မြန်မာတပ်ဘက်က စစ်အင်အားအလုံးအရင်း ထပ်ချလာတဲ့အတွက် ရင်ဆိုင်တိုက်ပွဲတွေဟာ ဆက်လက် ပြင်းထန်ဖို့ပဲရှိတယ်လို့ ကိုးကန့်တပ်ဘက်ကပြောပါတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုရှိတဲ့အတွက် စစ်ပြေးဒုက္ခသည်တွေ အသက်အန္တရာယ်စိုးရိမ်ရလို့ နေရပ်ရင်းပြန်ဖို့ မသင့်သေးဘူးလို့လည်း ဆိုပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်တွင်း ဖြစ်ပွားနေဆဲ စစ်ပွဲတွေအရေးနဲ့ပတ်သက်ပြီးလည်း အရပ်ဘက်ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်တာမလုပ်ဖို့နဲ့ ရခိုင်စစ်မီး ငြိမ်းနိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲ အကောင်အထည်ဖော်ဖို့ကိုလည်း ရခိုင်ပြည်တပ်မတော်စစ်ဦးစီးချုပ်က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ တိုင်းရင်းဒေသတွေက တင်းမာနေတဲ့ စစ်ရေးနောက်ဆုံးရအခြေအနေတွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ မြန်မာ့တပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ကြား ဒီရက်ပိုင်းအတွင်း ရင်ဆိုင်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ မနေ့ကညနေက မြန်မာ့တပ်ဘက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုရှိတယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ဗွီအိုအေကိုပြောပါတယ်။ ကိုးကန့်ဒေသထဲ စစ်တပ်အင်အား အလုံးအရင်းချပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် ရှေ့ဆက် စစ်ရေးပြင်းထန်ဖို့ပဲရှိတယ်လို့ ဆိုပါတယ်။

“တနေ့တုန်းကတော့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပါတယ်။ မနေ့ညကလည်း လက်နက်ကြီးနဲ့လှမ်းပစ်ပြီးတော့ ဒီမနက်ကျတော့ အေးသွားပါတယ်။ ကျနော်ထင်တာကတော့ စစ်အရှိန်မြှင့်တင်ဖို့ပဲ ရှိမယ်ထင်တယ်။ သူတို့က ထိုးစစ်ဆင်တာပါခင်ဗျ၊ အဲဒီတော့ကျွံဝင်လာတာလား၊ ထိုးပြီးတော့ ထိုးတက်နေတာလား အဲဒါတော့ ကျနော် ရှေ့တန်းမှာမဟုတ်တော့ ကျနော်လည်း သေချာမသိရဘူးဗျ။ ဒါပေမယ့် သေချာတာကတော့ ကျနော်တို့ကို ထိုးစစ်လာဆင်တာပါ။ ကျနော်တို့ကို လာတိုက်တာပါ။”

ကိုးကန့်တပ်တွေ အခြေစိုက် စစ်စခန်းတွေရှိရာကို ကြည်းတပ်နဲ့ တင့်ကားစတဲ့ စစ်တပ်အင်အားအလုံးအရင်းနဲ့ မြေပြင်ထိုးစစ်ဆင်ခဲ့တဲ့ မြန်မာတပ်ဘက်က အဆင့်မြင့်အရာရှိတွေအပါအဝင် တပ်မတော်သားတွေ အကျအဆုံး အတော်လေးများတယ်လို့ ကိုးကန့်ပြောခွင့်ရက ပြောပါတယ်။

“သူတို့ မနေ့တုန်းကနေစပြီးတော့ ဒီနေ့အထိ တပ်မတော်က အလောင်းတွေ ကျန်ထားခဲ့..ချန်ထားတယ်။ သူတို့ ဆွဲမသွားဘူး။ အဲဒါကို ကျနော်တို့က သွားပြီးတော့ မြှုပ်နေရတယ်ဗျ။ သူတို့ ရေမိတဲ့အလောင်းကတော့ (၈၀) ကျော်ရှိတယ်ပြောတယ်။ ပြီးတော့ ဟိုး တောတွေထဲမှာ ပြီးတော့ …အောက်မှာလည်း ရှိတယ်ပြောတယ်။ အဲဒီတော့- အဲဒီ ပုံစံအတိုင်းကြည့်ရင်တော့ (၉၀) အထက်မှာ ရှိပါတယ်။ တပ်မတော်ကနေပြီးတော့မှ ကျတာပေါ့နော်။ ဒဏ်ရာရတာကတော့ ခန့်မှန်းတာ (၂၀၀) အထက်မှာ ရှိပါတယ်။ ….လားမသိဘူး။ အသစ်တမျိုးရှိတယ်။ အဲဒါ ရထားတာ ရှိပါတယ်။ ပြီးတော့ RPG တို့၊ … တို့ပေါ့နော။ ကျနော်တို့ ပစ္စတို (၇) လက်ဆိုတော့ (၆) လက်လား၊ (၇) လက်ဆိုတော့ အရာရှိပိုင်းက (၆) ဦး၊ (၇) ဦးလောက်တော့ ပါမှာပါ။”

ဒီလို ကိုးကန့်ဒေသတွင်း မြန်မာ့တပ်မတော်တပ်ရင်းတခု ကျွံဝင်သွားပြီး “အထိအခိုက် အကျဆုံးများပြား”- အတည်မပြုနိုင်သေးပါဆိုတဲ့ သတင်းဟာ မမှန်ကန်ကြောင်းနဲ့ ဒီသတင်းဟာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေရဲ့ ဂုဏ်သိက္ခာ၊ စိတ်ဓာတ်ကို ထိခိုက်စေတဲ့အတွက် ပြင်းထန်စွာကန့်ကွက်ကြောင်းလည်းတပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့သဘောထားထုတ်ပြန်ခဲ့ပါတယ်။ အခုလို ကိုးကန့်ဒေသထဲ စစ်ရေးအရှိန်မြင့်လာနေတဲ့အတွက် လောက်ကိုင်ဘက်က ပြန်ခိုင်းနေတဲ့ သောင်းချီတဲ့စစ်ပြေးဒုက္ခသည်တွေအတွက် လုံခြုံရေးစိတ်ချရမှုမရှိဘဲ ပြည်သူတွေရဲ့အသက်အန္တရာယ် အထူး စိုးရိမ်ရတယ်လို့လည်း ကိုးကန့်ဘက်က ပြောပါတယ်။

ကိုးကန့်စစ်မီးငြိမ်းနိုင်ရေး ဒေသတွင်းတည်ငြိမ် ငြိမ်းချမ်းရေး အဖြေရှာနိုင်ဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံကြမယ့် လာမယ့် ပန်ဆန်းညီလာခံ တက်ရောက်တဲ့အခါ ဆွေးနွေးနိုင်ခြေရှိပါတယ်လို့ ကိုးကန့်ဘက်က ဆိုပါတယ်။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်ဘက် အခုလက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခနဲ့ပတ်သက်ပြီးလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အခုလို နောက်ဆက်တွဲပြသနာတွေဖြစ်လာရတာလို့ ရခိုင်ပြည်တပ်မတော်( Arakan Army) က သဘောထားထုတ်ပြန် ကြေညာလိုက်ပါတယ်။

တနိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ်မှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ အားလုံးပါဝင်နိုင်အောင် လုပ်ဆောင်ဖို့ကိုလည်း လွှတ်တော်၊ အစိုးရ၊ တပ်မတော်ကို တိုက်တွန်းကြောင်း နဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်မှာသာ ပြည်တွင်းငြိမ်းချမ်းရေးအကောင်အထည်ဖော်နိုင်မှာဖြစ်ကြောင်း ရခိုင်ပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ ဒေသတွေက စစ်ရေးအခြေအနေနဲ့ အခုလိုဖြစ်ပွား တိုက်ပွဲတွေအတွင်း အရပ်ဘက်ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မလုပ်ဖို့နဲ့ စစ်ပြေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဟန့်တားပိတ်ပင်တားမြစ်တာမလုပ်ဖို့လည်း ရခိုင်ပြည်တပ်မတော်ဘက်က ပြောပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး သူ့နယ်မြေမှာ ခြေကုပ်ယူသွားမှာကို သူတို့အနေနဲ့ အထူးစိုးရိမ်တယ်။ ဒါကြောင့်မို့လို့ သူတို့ တပ်အင်အား အလုံးအရင်းသွင်းပြီးတော့ လာတိုက်တယ်လို့ ယူဆရပါတယ်ခင်ဗျ။ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကတော့ ကျောက်တော်မြို့နယ်၊ စပါးဆိပ်ကျေးရွာ၊ …ကျေးရွာ၊ အဲဒီနယ်မြေတွေမှာပါ။ ရပ်ကွက်ပစ်မှတ်တွေကို ဗမာ့တပ်မတော်ကနေပြီး ရွာမီးရှို့တာတွေ ဘာတွေ အဲလိုမျိုးရှိတဲ့အခါကျ ကျနော်တို့ ကျေးရွာနှစ်ရွာ မီးရှို့ခံရတယ်ခင်ဗျ။ စပါးဆိပ်ကျေးရွာရယ်၊ ….ကျေးရွာရယ်။ အဲဒီရွာတွေဟာ ပုံမှန်အားဖြင့် အဲဒီမှာ ဝင်ထွက်သွားလာ လှုပ်ရှားနေကြတဲ့ …. တပ်မှူးကြီးတွေက အဲဒီရွာထဲမှာ …နေထိုင်လေ့မရှိဘူး။ တောကိုအခြေခံပြီးတော့ လှုပ်ရှားကြတာပဲရှိတယ်။ အခု သူတို့က အဲဒီရွာတွေကို သက်သက်မဲ့ မီးရှို့သလိုမျိုး ဖြစ်တယ်ခင်ဗျ။ ရွာသားတွေကို ကူညီထောက်ပံ့ပေးဖို့ဟာကျတော့လည်း ပြည်သူတွေက အကူအညီ အထောက်အပံ့ပေးဖို့ကျတော့လည်း မပေးရဘူး။ …ရဲတို့၊ စစ်တပ်တို့ အာဏာပိုင်တွေက တားမြစ်တာ ရှိတယ်။”

ရခိုင်ပြည်နယ်တွင်း ရခိုင်တပ်နဲ့မြန်မာတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ စပါးဆိပ်ကျေးရွာ၊ ညောင်ပင်လှရွာနဲ့ ပိနဲ္နချောင်း၊ အောင်လံချောင်းစတဲ့ ကျေးရွာတွေမှာ မြန်မာတပ်မတော်စစ်ကြောင်းတွေဘက်က ရခိုင်လက်နက်ကိုင်အဖွဲ့တွေကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့အတွက် ထိတွေ့ရင်ဆိုင် တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ဒီတိုက်ပွဲတွေအတွင်းမှာ ရခိုင်လက်နက်ကိုင်အချို့ကို လက်နက်တွေနဲ့ဖမ်းဆီးရမိကြောင်း အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG