သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒေသ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား


ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး မနေ့ညပိုင်းက လောက်ကိုင်မြို့တွင်းမှာ မီးလောင်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ကိုးကန့်တပ်ဖွဲ့ဘက်ကတော့ လောလောဆယ်မှာ အစိုးရတပ်ဘက်က တပ်အင်အားတွေ ထပ်မံ ပို့ဆောင်နေပြီး တိုက်ပွဲအရှိန်ဟာ ပိုမြင့်လာနိုင်တယ်လို့ သုံးသပ်နေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

မြန်မာပြည် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ လောက်ကိုင်-ကုန်းကြမ်း ဆက်သွယ်ရေး လမ်းကြောင်းကို အစိုးရတပ်က ပြန်လည် ထိန်းချုပ်ဖွင့်လှစ်ဖို့ ကြိုးပမ်းခဲ့ရာက မနေ့က ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါတယ်။

အစိုးရဘက်က ထုတ်ပြန်တဲ့သတင်းမှာ လောက်ကိုင်-ကုန်းကြမ်း ဆက်သွယ်ရေးလမ်း ၂၃ မိုင်အနီးက စစ်ဗျူဟာအရ အရေးပါတဲ့ တောင်ကုန်းတွေနဲ့ နယ်ခြားမှတ်တိုင် အမှတ် ၁၂၉ အနီးက ပွိုင့် ၁၃၁၉ တောင်ကုန်းတွေကို မတ်လ ၁ ရက်နေ့ မနက်ကနေ ညနေပိုင်းအထိ တပ်မတော်ဘက်က တနေကုန် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြောင်းနဲ့ သောင်းကျန်းသူ အခိုင်အမာ အခြေပြု တောင်ကုန်း ၆ ကုန်းကို အဆင့်ဆင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြပါတယ်။

ကိုးကန့်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း ကတော့ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ ဒီကနေ့ထိလည်း ဆက်လက် ဖြစ်ပွားနေတယ်လို့ အခုလို ပြောပါတယ်။

“မနေ့တုန်းကလည်း တနေကုန်။ ဒီနေ့လည်း မနက် ၆ နာရီလောက်ကနေ အခုထိပါပဲ။ မနေ့တုန်းကတော့ လက်နက်ကြီးနဲ့ ပစ်တယ်။ ပြီးတော့ ကြည်းတပ်ထိုးတယ်။ တနေကုန် အဲ့လိုပဲ လုပ်နေတာ။ ဒီကနေ့လည်း အဲ့ဒီပုံစံပဲထင်တယ်။”

အစိုးရစစ်တပ်ဘက်က တောင်ကုန်း ၆ ကုန်း သိမ်းယူလိုက်တယ် ဆိုတဲ့ အပေါ်မှာတော့ ကိုးကန့်အဖွဲ့က ငြင်းဆိုပါတယ်။ လောလောဆယ်မှာတော့ အစိုးရတပ်ဘက်က အင်အားတွေ ဖြည့်တင်းနေတာကြောင့် စစ်ပွဲဟာ ပိုပြီး ပြင်းထန်ဖွယ် ရှိနေတယ်လို့လည်း ကိုးကန့်တပ်ဖွဲ့ဘက်က သုံးသပ်ထားပါတယ်။

“သူတို့ လက်နက်ကြီးတွေ ဘာတွေနဲ့ပို့တယ်ရော။ သံချပ်ကာတို့၊ တင့်ကားတို့လည်း ပို့တယ်။ အဲ့ဒီအတိုင်းကြည့်မယ်ဆိုရင် ကျနော်တို့ သုံးသပ်တာပေါ့နော် အရှိန်မြင့်ဖို့ပဲရှိမယ်။ သူတို့ကြေညာတဲ့အတိုင်းဆိုရင် ဆက်ပြီးတော့ ---- ဖို့ပဲရှိပါတယ်။”

ကိုးကန့်၊ ပလောင်နဲ့ ရခိုင်တပ်မတော်က စုပေါင်းထုတ်ပြန်တဲ့ ကြေညာချက်မှာ နှစ်ဘက် ထိတွေ့တာတွေ ပိုမြင့်တက်လာတာကြောင့် ပြည်တွင်းစစ်မီးဟာ ပိုပြီး တောက်လောင် လာနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။ ကိုးကန့်ဒေသ တိုက်ပွဲနောက်ဆုံး အခြေအနေကို အဲဒီဒေသကို ရောက်ရှိနေတဲ့ တပ်မတော် အရာရှိတဦးကို မေးမြန်းရာမှာတော့ မအားလပ်သေးတာကြောင့် ဖြေဆိုနိုင်တာ မရှိခဲ့ပါဘူး။

လောက်ကိုင်-ကုန်းကြမ်း ဆက်သွယ်ရေးလမ်းကို အစိုးရတပ်ဖွဲ့ စစ်ကြောင်းတွေက အပြင်းအထန် တိုက်ခိုက်ပြီး ပြန်လည် ဖွင့်လှစ်နိုင်ကြောင်းနဲ့ အခုအခါမှာ လုံခြုံစိတ်ချစွာနဲ့ သွားလာနိုင်ပြီ ဖြစ်ကြောင်းလည်း ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။

တချိန်တည်းမှာတော့ တနင်္ဂနွေနေ့ညပိုင်းက လောက်ကိုင်မြို့အတွင်းမှာ မီးလောင်မှု ၂ ကြိမ် ဖြစ်ခဲ့တယ်လို့ ကိုးကန့်ဒေသခံတယောက်က ပြောပါတယ်။

“ဒီလောက်ကိုင် ဘုံ ၇ ဆင့်နားမှာလည်း လောင်တယ်။ ပြီးတော့ ကျနော်တို့ ဒီလောက်ကိုင် အဝိုင်းကြီးနားမှာလည်း လောင်တယ်။”

တနင်္ဂနွေနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲမှာတော့ ကိုးကန့်တပ်ဖွဲ့က ၃ ယောက် ကျဆုံးပြီး ၁၅ ယောက် ဖမ်းဆီးရမိကြောင်းနဲ့ အစိုးရတပ်ဘက်က အရာရှိနဲ့ စစ်သည် ၄ ဦး ကျဆုံးခဲ့ကြောင်း အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ကိုးကန့်ဘက်ကတော့ ၃ ယောက် ထိခိုက်ပြီး အစိုးရတပ်ဘက်က အကျအဆုံးဟာ ဆယ်ဂဏန်းအထိ ရှိနိုင်တယ်လို့လည်း ပြောပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ပြီး ရက်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့တဲ့ ကိုးကန့်ဒေသတိုက်ပွဲကြောင့် ကိုးကန့်ဒေသခံ ၃ သောင်းကျော်ဟာ တရုတ်နိုင်ငံဘက်ကို တိမ်းရှောင်နေရပြီး ကိုးကန့်ဒေသကို သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာပြည် အလယ်ပိုင်းက လူ ၁ သောင်းကျော်ဟာလည်း နေရပ်ရင်း ပြန်နေကြရပါတယ်။

ဒီလ ၁၆ ရက်နေ့မှာတော့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုပေါင်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့ NCCT တို့ဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ရေးဆွဲရေးအတွက် ထပ်မံ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ကိုးကန့်အရေးကို ဆွေးနွေး ဖြေရှင်းဖို့အတွက် တင်ပြမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ အစိုးရတပ်တွေနဲ့ ကိုးကန့်တပ်တွေကြား ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ တရုတ်ဒေသခံ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု မရှိဘူးဆိုတာကိုလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် Kong Xuanyou က ရှင်ဟွာသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အခုဖြစ်ပွားနေတဲ့ ပြဿနာကို နှစ်နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိသူတွေအကြား အနီးကပ် ဆက်ဆံ ဖြေရှင်းနေတယ်လို့လည်း ပြောကြားထားပါတယ်။

XS
SM
MD
LG