သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သစ်မှောင်ခိုမှုနဲ့ ပတ်သက်တဲ့ အစိုးရရဲ့စွပ်စွဲချက် KIA ပယ်ချ


(ဓာတ်ပုံ - MOI)
(ဓာတ်ပုံ - MOI)

ကချင်ပြည်နယ် ကိုက်ထိပ်ကျေးရွာတဝိုက်က ကချင်လွတ်မြောက်ရေးတပ် KIA ရဲ့ ရှေ့တန်း စခန်းတွေကို မြန်မာအစိုးရစစ်တပ်က လေကြောင်းကရော ကြည်းတပ်နဲ့ပါ ထိုးစစ်ဆင်နေပါတယ်။

ဒီထိုးစစ်ဟာ သစ်မှောင်ခိုတွေကို တိုက်တာဖြစ်တယ်လို့ အစိုးရက ပြောဆိုထားပေမဲ့ KIA ဘက်ကတော့ တပ်စခန်းတွေကို ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့လည်း KIA က ပြောပါတယ်။ ကချင်ဒေသဘက်မှာ စစ်ရေးပြင်းထန်နေချိန်မှာ လောက်ကိုင်ဒေသဘက်မှာတော့ အစိုးရက ထိုးစစ်တွေ လျှော့ထားပါတယ်။ အပြည့်အစုံကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

ကချင်လွတ်မြောက်ရေးတပ် KIA ရဲ့ ရှေ့တန်းစခန်းတွေကို မြန်မာ့တပ်မတော်က ဒီနေ့မှာလည်း ၅ ရက်မြောက်နေ့အဖြစ် ဆက်ပြီး ထိုးစစ်ဆင်နေပါတယ်။ အစိုးရဘက်က တိုက်လေယာဉ်တွေ ဆက်ပြီး သုံးနေတယ်လို့လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ နည်းပညာအကြံပေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ တပ်မဟာ ၃ လက်အောက်ခံတပ်ရင်း ၂၇ နဲ့ တပ်ရင်း ၁ ဧရိယာတွေဖြစ်ပါတယ်။ တပ်မ ၈၈ လက်အောက်ခံတပ်ရင်းတွေ သူတို့ ထိုးလို့ရတဲ့ဟာတွေ ၄၊ ၅ ရင်းလောက်ရှိတယ်။ မနေ့ညက ဂျက်တိုက်လေယာဉ်နဲ့ ၂ ခေါက် ဗုံးသွားကျဲကြတယ်။ ရှေ့တန်းစခန်းတွေ ကျနော်တို့ ဖယ်ပေးရပါတယ်။ ဒါပေမဲ့ ကျနော်တို့က ဟိုဥစ္စာလေ စစ်သဘောတရားအရ မဆုတ်တန်း ခံစစ်လုပ်လို့ မရဘူးလေ။ ပြီးတော့ ကျနော်တို့က လူ့အသက်ကိုပဲ အဓိကထားတယ်။ နေရာကို အဓိကမထားဘူး။ ပျောက်ကျားပုံစံမျိုးတိုက်တယ်။ ဆိုတော့ အထိအခိုက်တွေက ကျနော်တို့ဘက်ကတော့ ရှိပေမဲ့လည်း နည်းတာပေါ့ဗျာ။”

မြန်မာအစိုးရဘက်ကတော့ တရုတ်ဘက်ကိုထွက်မယ့် သစ်မှောင်ခိုကားတွေကို မြန်မာ့တပ်မတော်က လေကြောင်းပစ်ကူနဲ့ လိုက်လံဖမ်းဆီးတာမှာ KIA နဲ့ ထိပ်တိုက်တွေ့ စစ်ဖြစ်တာ ဖြစ်တယ်လို့ အစိုးရပိုင် သတင်းစာတွေက ဖော်ပြပါတယ်။ KIO ရဲ့ နည်းပညာအကြံပေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကတော့ အစိုးရဟာ သစ်မှောင်ခိုအကြောင်းပြပြီး KIA စခန်းတွေကို ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“သစ်မှောင်ခိုကားဆိုတဲ့ ခေါင်းစဉ်က အစိုးရဘက်က တပ်တဲ့ခေါင်းစဉ်ပဲဖြစ်တယ်။ ကချင်ပြည်နယ်မှာ သစ်မှောင်ခိုလုပ်ရမယ့် အဆင့်လောက် သစ်လည်းမရှိတော့ဘူး။ အခုလာတဲ့သစ်များသည် မိုးမိတ်၊ တစွယ်က လာတဲ့သစ်တွေဖြစ်တယ်။ စစ်ကိုင်းတိုင်းကလာတဲ့ သစ်တွေဖြစ်တယ်။ အစိုးရရဲ့ ထိန်းချုပ်နယ်မြေက သစ်တွေဖြစ်တယ်။ အစိုးရအာဏာပိုင်အဖွဲ့အစည်းများနဲ့ လုံး၀ ကင်းလွတ်တယ်ဆိုတဲ့ အနေအထားမျိုး မရှိဘူး။ လဝကတွေ၊ ရဲတွေ၊ နယ်လုံတွေ၊ စစ်တပ်တွေ အားလုံးနဲ့ အပေးအယူလုပ်ပြီးတော့ အထဲမှာ ဝင်လုပ်ခွင့်ရတာ။ ဒီလောက်ထိများပြားတဲ့ ယာဉ်တန်းတွေ၊ ကားတွေကို အထဲဝင်ဖို့ဆိုတဲ့ဟာက အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်၊ အသီးသီး အားလုံးကို အပေးအယူလုပ် ပိုက်ဆံနဲ့ညှိပြီးတော့မှ ဝင်လုပ်မှရတဲ့ ကိစ္စတွေဖြစ်တယ်။ ဆိုတော့ အထဲမှာ လုပ်ခွင့်ပေးတဲ့ဟာသည် အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ သဘောတူညီမှု မပါဘဲ ဘယ်လိုမှ မရဘူး။ အထဲမှာလုပ်တယ်၊ ပြီးရင် ပြန်ထွက်လာတယ်၊ နယ်စပ်ရောက်ခါနီးမှ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုပြီး သူတို့က ရမယ်ရှာပြီးတော့ တိုက်လေယာဉ်တွေသုံးပြီး ပြန်ချတယ်။”

မေး။ ။ အဲတော့ အခု ဒီအစိုးရပြောနေတဲ့ သစ်မှောင်ခိုကားကို ဆရာတို့က ကာကွယ်ပေးတယ် မဟုတ်ဘူးပေါ့နော် အဲ့လိုလားရှင့်။

ဖြေ။ ။ “ကာကွယ်ပေးစရာအကြောင်း မရှိဘူးလေ။ အစိုးရအာဏာပိုင်အဖွဲ့အစည်း အသီးသီးနဲ့ အဆင့်ဆင့်နဲ့ သူတို့အပေးအယူလုပ်ပြီးတော့ လုပ်နေတဲ့ကိစ္စကို ကျနော်တို့က ဘာအကာအကွယ်ပေးရမှာလဲ။ အကာအကွယ်ပေးစရာ အကြောင်းကိုမရှိတာ။ တခုရှိတာက KIO ထိန်းချုပ်နယ်မြေထဲကို ရောက်လာတယ်ဆိုတဲ့ဟာက သူတို့က တရုတ်နယ်စပ်ဘက်ကို သွားရမှာ ဖြစ်တယ်။ တရုတ်နယ်စပ်ဘက်ကို သွားဖို့အတွက်က KIO ထိန်းချုပ်နယ်မြေထဲကို ဖြတ်ရတယ်။ ဆိုတော့ ကျနော်တို့က အဲ့ဒီမှာ အခွန်ကောက်တယ်။ ဒါပဲရှိတယ်။ သူတို့ကို ကာကွယ်ပေးစရာ အကြောင်းမရှိဘူး။ သူတို့က အစိုးရအာဏာပိုင်အဆင့်ဆင့်၊ အသီးသီးတွေနဲ့ အပေးအယူလုပ်ပြီးတော့၊ စစ်တပ်တွေနဲ့ အပေးအယူလုပ်ပြီးတော့ လုပ်နေတဲ့ကိစ္စဖြစ်တယ်။ အဲ့ဒီအပေါ်မှာ ကျနော်တို့ KIO အနေနဲ့ ဘာမှ တာဝန်ခံစရာ အကြောင်းမရှိဘူး။ ကာကွယ်ပေးစရာ အကြောင်းမရှိဘူး။”

ကေအိုင်အေ ထိုးစစ်အတွင်း မံစီ- ကိုက်ထိပ်- မံဝိန်းကြီး တလျှောက်က ကေအိုင်အေ စခန်းတချို့ သိမ်းနိုင်တယ်လို့ မြန်မာ အစိုးရပိုင် သတင်းစာက ဖော်ပြပါတယ်။ မြန်မာ အစိုးရက ကေအိုင်အေ ထိန်းချုပ်ဒေသတွေကို သတင်းတပတ်နီးပါး ထိုးစစ်ဆင်နေချိန်မှာ ရှမ်းပြည်နယ် လောက်ကိုင် ဒေသ ထိုးစစ်တွေကိုတော့ ခေတ္တ ရပ်နားထားပါတယ်။ ကိုးကန့် လက်နက်ကိုင် အဖွဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ဒေသတွင်း စစ်အင်းအား အလုံးအရင်း ဖြည့်တင်းနေတာကြောင့် အနည်းငယ် စိုးရိမ်တယ်လို့လည်း ပြောပါတယ်။

“တိုက်ပွဲတော့မရှိဘူး။ နည်းနည်း လှုပ်လှုပ်ရှားရှားတော့ ဖြစ်နေတာပဲ။ တင့်ကားတွေလည်း ပို့ထားတယ်ပြောတယ်။ ကျနော်တို့ကတော့ လက်ရှိ ကျနော်တို့နေနေတဲ့ ဒေသမှာပါပဲ။ သူတို့ကတော့ ပြင်ဆင်မှုကတော့ နေရာတိုင်းမှာပါပဲ။ ဒီဘက် ကုန်းကြမ်းဘက်ကို နည်းနည်းလေး ပို ဖိထားမလားမသိဘူး။ ဟိုဘက်တော့ သိပ်ထူးခြားချက် မရှိပါဘူးခင်ဗျ။ နဂိုတိုင်းပါပဲဗျ။ အင်အားနဲ့ဆိုတော့ စိုးတော့နည်းနည်းလေး စိုးရိမ်တာပေါ့ခင်ဗျ။ ဒါပေမဲ့ တတ်နိုင်သလောက်တော့ ကျနော်တို့ ခုခံသွားပါမယ်။”

ဒီရက်ပိုင်းတွေအတွင်း စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လောက်ကိုင်မြို့ အခြေအနေနဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်း စစ်ရေးသတင်းတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က ထုတ်ပြန်ချက်တွေတော့ မရှိပါဘူးရှင်။

XS
SM
MD
LG