သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်နဲ့ မြန်မာစစ်တပ် တိုက်ပွဲပြန်ဖြစ်


ကိုးကန့်ဒေသပြ မြေပုံ။
ကိုးကန့်ဒေသပြ မြေပုံ။

ရွေးကောက်ပွဲနီးကပ်လာချိန် ရှမ်းပြည်တလွှားမှာ ထူးထူးကဲကဲ တိုက်ပွဲတွေ အရှိန်မြင့်လာတဲ့ အထဲမှာ ကိုးကန့် ဒေသ စစ်ပွဲတွေလည်း တကျော့ပြန် ပြင်းထန်လာပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ရှောင် ထွက်ပြေးနေရတဲ့ အထိ သိသိသာသာ အရှိန်မြင့်လာတဲ့ ရှမ်းပြည်တလွှားက တိုက်ပွဲတွေ အပေါ် တိုင်းရင်းသား လက်နက်ကိုင်တို့ဘက်က မြန်မာ့ တပ်မတော်ရဲ့ ထိုးစစ်တွေ အဖြစ် အပြစ်ဖို့ ပါတယ်။ တပ်မတော်ကလည်း တိုင်းရင်းသား လက်နက်ကိုင်တို့ဘက်က နယ်မြေကျူးကျော် ဝင်ရောက်မှုကြောင့် ဖြစ်ရတာလို့ ဖြေရှင်းပါတယ်။ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

လနဲ့ချီ ခပ်အေးအေး ဖြစ်နေတဲ့ ကိုးကန့်ဒေသတိုက်ပွဲတွေလည်း ဒီရက်ပိုင်း အတွင်းမှာဘဲ အရှိန်မြင့်လာခဲ့ပါတယ်။ ဖုန်ကြားရှင်ရဲ့ ကိုးကန့်လက်နက်ကိုင် တပ်တို့ ခြေကုပ်ယူထားတဲ့ တရုတ်မြန်မာနယ်စပ်တလျှောက် ၄ နေရာလောက်မှာ ဒီရက်ပိုင်း အတွင်း တပ်မတော်ဘက်က လက်နက်ကြီးနဲ့ ပစ်ပြီး ခြေလျင်တပ်နဲ့ပါ ထိုးစစ်ဆင်တယ်လို့ ကိုးကန့်ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“နေ့တိုင်းလိုလို လက်နက်ကြီးနဲ့ လှမ်းပစ်နေပါတယ်ခင်ဗျာ။ ထိုးစစ်ဆင်တာကတော့ တပတ်ကို လေး-ငါးကြိမ်လောက်ရှိပါတယ်။ ဒါပေမယ့် တနေ့တုန်း ကတော့ စနေနေ့တုန်းက တော်တော်လေးပြင်းထန်ပါတယ်။ တစ်ရက်တည်းကို တိုက်ပွဲ လေးကြိမ်ဖြစ်ပါတယ်။ မနေ့တုန်းကဆို ၂ ကြိမ်ဖြစ်တယ်။ ဒီနေ့ကတော့ ကျနော် မသိရသေးပါဘူးခင်ဗျာ။ ကျနော်တို့ ဒီ မော့ချိုင်ရဲ့တောင်ဘက် ၊ နယ်စပ်မိုင်တိုင် မှတ်တိုင် BP 111 ကနေပြီးတော့ 113 ကြား တလျှောက်ပေါ့။ နယ်စပ်နဲ့တော့ ၁၀ ကီလိုမီတာလောက်ဝေးမယ်ထင်တယ်ဗျာ။”

ကိုးကန့်တပ်တို့က လောက်ကိုင်မြို့ကို အစဦး တိုက်ခိုက်ခဲ့တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ လနဲ့ချီပြီး တပ်မတော်နဲ့ ကိုးကန့်တပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက်ပိုင်း တပ်မတော်ဘက်က ကိုးကန့်ဒေသတလွှားကို ထိန်းချုပ်ထားခဲ့တာကနေ အခု ရက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ပြီး ပြင်းထန်လာတာ ဖြစ်ပါတယ်။ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြန်ဖြစ်တယ်ဆိုတာကို မြန်မာ့တပ်မတော်ဘက်ကလည်း အတည်ပြုပါတယ်။ ဒါပေမယ့် ရှမ်းပြည်တလွှားမှာ တပ်မတော်ဘက်က ထိုးစစ်ဆင်နေတာမရှိဘူးဆိုပြီးတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ပြန်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းက ငြင်းဆိုပါတယ်။

“ကျနော်တို့ဘက်ကတော့လေ စစ်ဆင်ရေးလုပ်တာတော့မရှိပါဘူး။ တိုက်ပွဲတော့ ရှိကောင်းရှိပါလိမ့်မယ်။ အဲဒီမှာတော့။ ထိတွေ့မှုတော့ရှိပါတယ်။ သူတို့လာပစ်တာရယ်၊ ကျနော်တို့ပြန်ပြီးတော့ လှမ်းပစ်တာရယ် ဒါမျိုးတွေတော့ရှိပါတယ်။ SSA ဝမ်ဟိုင်း အဖွဲ့တွေနဲ့ ပတ်သက်ပြီး ကျနော်တို့ သတင်းထုတ်ထားတာလေးတွေတော့ ရှိပါတယ် ခင်ဗျာ။ သီးခြားကျနော်တို့ သတင်းထုတ်ပြန်ဖို့တော့ မရှိပါဘူး။ သေချာတာ တခုကတော့ ကျနော်တို့ ထိုးစစ်ဆင်တာတွေမရှိပါဘူး။ သူတို့ နယ်မြေကျော်လာတာတွေပဲ များပါတယ်။”

ကိုးကန့်လက်နက်ကိုင်တပ်ဘက်ကတော့ အစိုးရတပ်ရဲ့ ထိုးစစ်အဖြစ် ခုခံပြောဆိုပြီး အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်ပြသနာကို စေ့စပ်ဆွေးနွေး အဖြေမရှာလိုဘဲ အပြုတ်တိုက်ဖို့ ပိုင်းဖြတ် လုပ်ဆောင်လာတာလို့ စွပ်စွဲ ပြောဆိုပါတယ်။

“ကျနော်ထင်တယ်။ သူတို့ရဲ့ အပြုတ်တိုက်တဲ့ သူတို့ရဲ့ မဟာဗျူဟာက မပြောင်းလဲပါဘူး။ အဲလိုပါပဲ။ နိုင်ငံရေးကို စစ်ရေးနဲ့ပဲ၊ အင်အားနဲ့ပဲ သူတို့ကဖြေရှင်းဖို့ ကြိုးစားနေတယ်နဲ့ တူပါတယ်။ အရင်တုန်းကအတိုင်းပါပဲ။”

တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိခိုက်ကျဆုံးမှု အရေအတွက်၊ နောက် စစ်ရှောင်ထွက်ပြေးရသူ အရေအတွက်တို့ကိုတော့ နှစ်ဘက်လုံးတို့က မထုတ်ပြန် ပါဘူး။ ဒါပေမယ့် ကိုးကန့်တပ်ဘက်ကတော့ တပ်မတော်ဘက်က တပ်အင်အား ၈ ထောင်လောက် အသုံးပြုတိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ ရှမ်းပြည်တလွှား တိုက်ပွဲတွေအရှိန်မြင့်လာချိန်မှာဘဲ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ အခြေစိုက်ရာ ပန်ဆန်းမှာ အစိုးရနဲ့အပစ်မရပ်နိုင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ စည်းဝေး တိုင်ပင်ကြဖို့အတွက် UWSA က တိုင်းရင်းသား လက်နက်ကိုင်တပ်တချို့ကို ဖိတ်ကြားထားတယ်လို့လည်း ကိုးကန့်တပ်ဘက်က အတည်ပြုပါတယ်။ ရှမ်းပြည်တလွှား တိုက်ပွဲတွေ အတွင်း မိုင်းရှုးမြို့မှာ ဗုံးပေါက်ကွဲ လူသေဆုံးခဲ့ရသလို မနေ့ညပိုင်းကလည်း တောင်ကြီးမြို့မှာ ဗုံးကွဲမှုထပ်ဖြစ်တယ်လို့ မြန်မာ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG