သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒေသတိုက်ပွဲ တရုတ်စိုးရိမ်မကင်းရှိ


တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying

ရှမ်းပြည်နယ် အရှေ့မြောက်ဘက်က ကိုးကန့်ဒေသမှာ အစိုးရနဲ့ ကိုးကန့်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေရာက ဒေသခံတွေ တရုတ်နိုင်ငံထဲအထိ ရောက်လာနေတဲ့အတွက် စိုးရိမ်ပူပမ်တဲ့အကြောင်း တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။

“မနေ့ကစပြီး ဒီကနေ့အထိ မြန်မာနိုင်ငံ နယ်စပ်ဒေသက လူတွေဟာ လုံခြုံရေးအတွက် စိုးရိမ်တဲ့အတွက် တရုတ်နိုင်ငံထဲ ဝင်ရောက် လာနေကြပြီး၊ ဒီလူတွေကိုလည်း တရုတ်နိုင်ငံက စောင့်ရှောက်ထားတဲ့အကြောင်း” - နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying က ဒီကနေ့ ဘေဂျင်းမြို့တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။

ပဋိပက္ခဖြစ်နေသူတွေကြား ကွဲလွဲမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်း၊ ညှိနှိုင်းဖြေရှင်းကြဖို့နဲ့ တရုတ်နိုင်ငံကိုပါ လုံခြုံရေးအရ ရိုက်ခတ်လာနိုင်တဲ့ နယ်စပ်ဒေသမှာ တည်ငြိမ်မှုရအောင် ကြိုးပမ်းကြဖို့လည်း တိုက်တွန်းသွားပါတယ်။

မြန်မာအစိုးရကတော့ ကိုးကန့်ခွဲထွက်ရေး အဖွဲ့တွေက အစိုးရတပ်စခန်းတွေကို စတင်ပစ်ခတ်ရာက တိုက်ပွဲတချို့ ဖြစ်ပွားတဲ့အကြောင်း ထုတ်ပြန်ထားပေမဲ့ အသေးစိတ်ကိုတော့ ပြောဆိုတာမျိုး မရှိပါဘူး။

လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)
လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ မြန်မာပြည် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (MNDAA) ကိုးကန့်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေကတော့ ရှမ်းပြည်နယ်တွင်းက လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ်တွေ ပါဝင်တဲ့ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ မနေ့မွန်းလွဲပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

အစိုးရတပ်တွေဘက်ကတော့ လေကြောင်းအကူအညီတွေပါ ပါဝင်ပြီး၊ ကိုးကန့်တပ်တွေဘက်ကတော့ ပလောင်ခေါ် တအာန်း အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (TNLA)၊ ရခိုင်တပ်မတော် တို့လည်း ပူးပေါင်း တိုက်ခိုက် နေတယ်လို့ ကိုးကန့်တပ်တွေက ပြောပါတယ်။ မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရက ကြိုးပမ်းနေချိန်မှာ ကိုးကန့်တပ်ဖွဲ့တွေက ဖျက်လိုဖျက်ဆီး သဘောထားနဲ့ မကြာခန တိုက်ခိုက်တာတွေ လုပ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

XS
SM
MD
LG