သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြက်ခြေနီယာဉ်တန်း တိုက်ခိုက်ခံရမှု ကိုးကန့်အဖွဲ့ ငြင်းဆို


ကြက်ခြေနီယာဉ်တန်း အတိုက်ခံရ။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅)
REUTERS/Soe Zeya Tun
ကြက်ခြေနီယာဉ်တန်း အတိုက်ခံရ။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅) REUTERS/Soe Zeya Tun

ကြက်ခြေနီတံဆိပ်ကပ်ထားတဲ့ယာဉ်ကို ဒုတိယအကြိမ်အပစ်ခံရတာနဲ့ပတ်သက်လို့ MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့က သူတို့ ပစ်ခတ်တိုက်ခိုက်တာ မဟုတ်ကြောင်း ငြင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ကိုးကန့်ဒေသတိုက်ပွဲဟာ အချုပ်အခြာအာဏာနဲ့မပတ်သက်ဘဲ တိုင်းရင်းသားဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေး ပြဿနာသာဖြစ်တယ်လို့လည်း ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က တုံ့ပြန်လိုက်ပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံ စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေတွေကလည်း ဆိုးရွားနေဆဲရှိပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြပေးထားပါတယ်။

တနင်္ဂနွေနေ့က ကိုးကန့်ဒေသအတွင်း ကြက်ခြေနီအလံလွှင့်ထူထားတဲ့ ကယ်ဆယ်ရေးယာဉ် ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်ခံရပါတယ်။ လောင်ထန်နဲ့ ချင်းရွှေဟော်ကြား၊ ချင်းရွှေဟော်နဲ့ ၃ မိုင်အကွာ၊ ကွမ်းလုံမြို့နဲ့ ၁၆ မိုင်အကွာမှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ မြန်မာအစိုးရဘက်က ပြောပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းတွေ၊ သတင်းထောက်တွေအပါအဝင် လူ ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ အခုလို ကြက်ခြေနီတံဆိပ်တပ်ထားတဲ့ယာဉ် ထပ်ပြီး အပစ်ခံရတာနဲ့ပတ်သက်လို့ ကိုးကန့်တပ်တွေဘက်က မဟုတ်ကြောင်း MNDAA ကိုးကန့် လက်နက်ကိုင်တပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ကျနော်တို့ MNDAA အနေနဲ့ လုံးဝ ကြက်ခြေနီယာဉ်ကိုပစ်ခတ်ခဲ့တာလည်းမရှိဘူး၊ ပစ်မှာလည်းမဟုတ်ပါဘူးခင်ဗျ။ MNDAA အနေနဲ့ ကျနော်တို့ ပြင်းပြင်းထန်ထန် သတ်မှတ်ထားတာရှိပါတယ်။ ပြည်သူလူထုကို ဝန်ထုတ်ဝန်ပိုးမဖြစ်စေရ၊ ပြီးတော့ ပြည်သူလူထုကို နှိပ်စက်ညှင်းပမ်းခြင်းမပြုလုပ်ရ။ သတ်ဖြတ်တာကတော့ မဖြစ်နိုင်ပါဘူးခင်ဗျ။”

မေး။ ။ ဒါဆိုရင် ပထမတခေါက်က ကြက်ခြေနီယာဉ်ကို အပစ်ခံရတုန်းကလည်း ကိုးကန့်တပ်တွေဘက်က ပစ်တယ်လို့ စွပ်စွဲထားတာတွေရှိပါတယ်။ မြန်မာစစ်တပ်သုံးတဲ့ယာဉ်နဲ့မှားပြီးတော့ အပစ်ခံလိုက်ရတယ်လို့ မျက်မြင်သက်သေတွေရဲ့ပြောဆိုချက်တွေကို ကိုးကားပြီးတော့ သုံးသပ်သူတွေလည်း ရှိပါတယ်ရှင့်။ အဲဒါ ဟုတ်ပါလားရှင့်။

ဖြေ။ ။ မဟုတ်ပါဘူးဗျ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်လည်း ရှင်းပြခဲ့ပြီးပါပြီခင်ဗျ။ လောက်ကိုင်ကနေတောက်လျှောက် ချင်းရွှေဟော်အထိက ဗမာ့တပ်မတော်ကနေပြီးတော့မှ ထိန်းသိမ်းထားပါတယ်။ ကျနော်တို့ လမ်းတဘက်တချက်ကို ကပ်ချင်ရင်တောင် ကပ်လို့မရပါဘူး။ အဲဒီတော့ ကျနော်တို့ ပစ်ခွင့်လည်း မရှိပါဘူးခင်ဗျ။

မေး။ ။ အခု ကိုးကန့်ဒေသတဝိုက် နှစ်ဘက်တိုက်ပွဲတွေဖြစ်နေတော့ စစ်ပြေးဒုက္ခသည်တွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတာလည်းတွေ့ရပါတယ်ရှင့်။ အခု နောက်ဆုံး ဒုက္ခသည်တွေရဲ့အခြေအနေကရော ဘယ်လိုရှိပါလဲရှင့်။

ဖြေ။ ။ လောက်ကိုင်မြို့ပေါ်မှာတော့ လူတွေ သိပ်မရှိသလောက်ဖြစ်သွားတယ်ပြောတယ်။ ကျန်ရင်တောင် သူတို့က အပြင်မထွက်ရဲဘူး။ တလောတုန်းက သူတို့က လူမြင်တိုင်းပစ်တာကိုး။ အခုကျတော့ ရွာအထိရောက်သွားတယ်။ ရွာကိုရောက်သွားပြီးတော့ ပစ်တယ်။ ပြီးတော့ ပစ္စည်းတွေယူတယ်၊ တန်ဖိုးရှိတာရော၊ မရှိတာရော အကုန် မြင်သမျှအားလုံးယူတယ်။ မီးလည်းရှို့တယ်။ ဥပမာ မနေ့တုန်းက စနေနေ့ တိုက်ပွဲဖြစ် သွားတာပေါ့။ အဲဒီတုန်းကဆို ရုန်ကျားဖန်ဆိုတဲ့ရွာကို သူတို့ဖျက်ဆီးတာပါပဲ။ ကျောင်းတွေလည်း မီးရှို့ပစ်လိုက်တာပဲဗျ။ အဲဒီတော့ ရွာသူရွာသားတွေ ထွက်ပြေးတာ တော်တော်များပါတယ်ဗျ။ ကျနော်တို့တပ်စွဲထားတဲ့နေရာနဲ့ ကျနော်တို့လက်လှမ်းမီတဲ့ရွာတွေဆိုရင် အဲဒီမှာ ပိတ်မိနေတဲ့လူတွေရှိတယ်။ ကျနော်တို့က တတ်နိုင်သလောက်တော့ ကယ်ထုတ်ပါတယ်ခင်ဗျ။ ကပ်သွားပြီးတော့ အကာအကွယ်ပေးပြီးတော့ ကယ်ထုတ်တယ်။ တရုတ်ပြည်နယ်စပ်အထိ ကျနော်တို့ ပို့လို့ရပါတယ်။ ဒါပေမယ့် တရုတ်ပြည်ထဲကတော့ ကျနော်တို့ယာဉ် လုံးဝသွားလို့မရပါဘူး။ သွားရင် တရုတ်ပြည်က ဖမ်းမယ်ခင်ဗျ။

ဖေဖော်ဝါရီလ ၂၁ ရက် နေပြည်တော်မှာပြုလုပ်တဲ့ ကိုးကန့်ဒေသတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးကတော့ ပြီးခဲ့တဲ့သီတင်းပတ်ထဲ ကြက်ခြေနီကား ပထမဆုံးအကြိမ်အပစ်ခံရတာဟာ ကိုး ကန့် တိမ်းရှောင်အဖွဲ့လက်ချက် ဖြစ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် အခုကိုးကန့် တိုက်ပွဲတွေဟာ အချုပ်အခြာအာဏာကို ထိပါးလာတာ ဖြစ်လို့ မြန်မာစစ်တပ်အနေနဲ့ အစွမ်းကုန်ကာကွယ်သွားရမှာ ဖြစ်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။

ကိုးကန့်တပ်ဘက်ကတော့ အချုပ်အခြာအာဏာကိုထိပါးတဲ့ပြဿနာမဟုတ်ဘဲ တိုင်းရင်းသားဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး ပြဿနာသာဖြစ်တယ်လို့ ဦးထွန်းမြတ်လင်းကတုံ့ပြန်ပြောပါတယ်။

“အခုတိုက်ပွဲကိုတောင်မှ သူတို့က အချုပ်အခြာအာဏာနဲ့ ပတ်သက်တယ်ဆိုတာ ပြောတာကိုကြည့်ရင်တော့ အဲဒါ ပြည်သူလူထုရဲ့အာရုံကို သူတို့က လွဲှချင်တယ်နဲ့တူတယ်။ ကျနော်တို့ကလည်း မြန်မာနိုင်ငံ (၁၃၅) မျိုးသော တိုင်းရင်းသားထဲကတမျိုးပါပဲခင်ဗျ။ ဟိုးအရင်ကတည်းက ကိုးကန့်တိုင်းရင်းသားတိုင်းဟာ မိမိကိုယ်ကိုမိမိ မြန်မာနိုင်ငံသားလို့ပဲ သတ်မှတ်ထားပါတယ်။ အဲလိုလည်း ခံယူပါတယ်ခင်ဗျ။ ပြီးတော့ ဒီ ကိုးကန့်ဒေသဟာ မြန်မာနိုင်ငံရဲ့တစိတ်တဒေသဆိုတာ ဟိုးအရင်ကတည်းက လူတိုင်း အဲလို သတ်မှတ်ပါတယ်၊ နားလည်ပါတယ်။ ကျနော်တို့က ဘယ်တော့မှလည်း ဒီ ပြည်ထောင်စုကြီးကနေ ခွဲထွက်မယ့်သူတွေလည်း မဟုတ်ပါဘူးခင်ဗျ။ အဲလိုစကား ပြောလည်းမပြောခဲ့ဖူးဘူး။ ပြီးတော့ နောင်လည်း ကျနော်တို့ လုပ်သွားမှာလည်း မဟုတ်ဘူးခင်ဗျ။ အဲဒီတော့ အချုပ်အခြာအာဏာနဲ့ကတော့ လုံးဝမပတ်သက်ပါဘူးခင်ဗျ။”

ကိုးကန့်ဒေသတိုက်ပွဲတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကလည်း ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့က ကိုးကန့် လောက်ကိုင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်၊ ကုန်းကြမ်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျန်တဲဝင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ( ၁၁ ) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလျူကွယ်ရှိ တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်ခဲ့တဲ့ ကိုးကန့်ပြည်သူတွေရဲ့ ဘဝပြန်လည်ထူထောင်ရေးအတွက် သူ့အနေနဲ့ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ်လို့လည်း သူရဦးရွှေမန်းက ပြောဆိုခဲ့ပါတယ်ရှင်။

XS
SM
MD
LG