သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေး သက်တမ်းတိုးဖို့ လွှတ်တော် ဆုံးဖြတ်


ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်။
ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်။

ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေးကို ရက်ပေါင်း ၉၀ ထပ်မံ တိုးမြှင့်ပေးဖို့ ပြည်ထောင်စု လွှတ်တော်က ဒီကနေ့ ဆုံးဖြတ်လိုက်ပါပြီ။ ဒီလို ဆုံးဖြတ်ဖို့ဆွေးနွေးရာမှာ ကိုးကန့် ပဋိပက္ခ အပေါ် လွှတ်တော် အမတ်တွေအကြား မတူတဲ့ အယူအဆ အမြင်တွေရှိကြ တာတွေ့ရပါတယ်။ လုံခြုံရေးရှုဒေါင့် က ဆွေးနွေးသူတွေ ရှိသလို၊ ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ ပြည်ထောင်စု အရေး ဒေါင့်က ဆွေးနွေးသွားမှုတွေ လည်း တွေ့ရ ပါတယ်။ ဗွီအိုအေ ရန်ကုန်ရုံးကနေ မမေခ သတင်းပေးပို့ထားပါတယ်။

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ အရေးပေါ် အခြေအနေ ကြေညာတဲ့ ကာလဟာ လာမယ့် တနင်္ဂနွေနေ့မှာ ရက်ပေါင်း၉၀ပြည့်တော့ မှာပါ။ ဒီအချိန်မှာ ထပ်မံ သက်တမ်းတိုးဖို့ မနေ့က လွှတ်တော်မှာ ကာကွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် က တင်သွင်းခဲ့တာကို ခုလို အတည်ပြုလိုက်တာပါ။

"သဘောမတူသူ မရှိတဲ့ အတွက် နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာ တည်သော အမိန့်အမှတ်-၁/၂၀၁၅ အရေးပေါ် အခြေအနေ ကြေညာခြင်း အပေါ် ထပ်မံပြီး ရက်ပေါင်းကိုးဆယ်အထိ ဆက်လက် အတည်ဖြစ်ရေးကို ပြည်ထောင်စု လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်။"

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ဖတ်ကြားခဲ့တာပါ။

ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေး တိုးမြှင့်ခြင်းနဲ့ပတ်သက်ပြီး လွှတ်တော် အမတ်တွေကြား ဆွေးနွေး ရာမှာတော့ ကျိုင်းတုံ မဲဆန္ဒ နယ် က ဦးစတီဖန် ကနိုင်ငံတော် တည်ငြိမ်မှုကို ဖျက်ဆီးမှုကို ဘုံရန်သူအနေနဲ့သတ်မှတ်ကာ တပ်မတော် သား များနဲ့ အတူ ကာကွယ်စောင့်ရှောက်ဖို့လိုကြောင်း၊ အိမ်နီးချင်းနိုင်ငံတွေ နဲ့ ပါ တည်ငြိမ်ရေးအတွက် ပူး ပေါင်းဆောင်ရွက်ဖို့သင့် တယ်လို့ ဆွေးနွေး တင်ပြခဲ့ပါတယ်။

ကျောက်ပန်းတောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်က အခုလို အရေးပေါ်ပြဌာန်းချက်ကို သက်တမ်းတိုး လိုက်တဲ့ အတွက် နိုင်ငံသားတွေရဲ့ ဒီမိုကရေစီ အခွင့်အရေးကို ထိခိုက်မှာ စိုးရိမ်ကြောင်း၊ ဒီမိုကရေစီ အသွင် ကူးပြောင်းနေတဲ့ အချိန်မှာ အခုလို အရေးပေါ်သက်တမ်း တိုးခြင်းကို သတိ ထားစေချင်ကြောင်း ဆွေးနွေး ခဲ့ပါတယ်။

"ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံများမှာ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များ ချမှတ်ခြင်း၊ တိုးမြှင့်ခြင်းတို့ကို အလေးဂရုပြ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီတခါ ထပ်မံ သက်တမ်းတိုးလိုက်ရင် ကျနော်တို့ ဒုတိယအကြိမ်သက်တမ်းတိုးပေးရင် သြဂုတ်လမှာ ဆုံးပါလိမ့်မယ်။ အဲ့တော့ သြဂုတ်လဆိုတာ ကျနော်တို့ ဒီမိုကရေစီ အသွင်ကူးပြောင်းစ အတွက် ၂၀၁၅ ရွေးကောက်ပွဲကြီး အလွန်နီးကပ်နေပါပြီ။ စည်းရုံးရေး ကာလဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့ လောက်ကိုင်ဒေသ မှာ ရွေးကောက်ပွဲ များ မဖြစ်ခဲ့ရင် ဥပမာ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တုန်းက ကချင်ပြည်နယ်ဒေသ နေရာသုံးခုမှာ ရွေးကောက်ပွဲ မဖြစ်ခဲ့ပါဘူး။ ဒီလိုမဖြစ်ခဲ့ရင် နိုင်ငံသားတွေရဲ့ မဲပေးပိုင်ခွင့် မူလအခွင့်အရေး နိုင်ငံသား အခွင့်အရေး ရွေးချယ်ပိုင်ခွင့် တွေ ဆုံးရှုံးသွားမှာကို ပူပန်ပါတယ်။

လောက်ကိုင်ဒေသကို မူလအခြေအနေသို့ပြန်လည်ရောက်အောင် မိမိတို့ တပ်မတော် မည်ကဲ့သို့ ဆောင်ရွက်ခဲ့ရတယ်။ မည်ကဲ့သို့ အခက်အခဲများရှိ တယ်။ မည်သည့်အချက်အလက်များ လိုအပ်သေးသည်ကိုလည်း သိသင့်သိထိုက် သည်များကို ပွင့်လင်းမြင်သာစွာ ပြည်သူတွေကို ဖွင့်ဆို ပြောဆိုသင့်ပါတယ်။"

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် ၁မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က တပ်မတော်အနေနဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကို စီမံဆောင်ရွက်တာမှာသတိရှိဖို့လိုကြောင်း၊ အချင်းချင်းပြန်လည် တိုက်ပွဲဆင် နွှဲရတဲ့ အပေါ်မှာဝမ်းနည်း မိကြောင်း၊ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်လိုကြောင်း၊ ဘယ်ဘက်ကဘဲ အသက်ခန္ဓာ စွန့်စွန့် ကြေကွဲ ဝမ်းနည်းရပြီး တိုင်းပြည်အတွက် နစ်နာမှုများဖြစ်ရကြောင်း ပြောဆိုလိုက်ပါတယ်။

ပဲခူးတိုင်း ဒေသကြီး ထန်းတပင်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက ကိုးကန့်ဒေ သ အရေးကို ပြည်ထောင်စုအရေးလို့ မှတ်ယူဖို့လိုတယ် လို့ပြောဆိုလိုက်ပါတယ်။ ပြည်ထောင်စုအရေးဖြစ်တာ ကြောင့် အားလုံး ပါဝင်ပြီး အဖြေ ရှာဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။

"မူလပကတိ အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်စေရန်၊ အရေးပေါ် အခြေအနေ ဆက်လက် အတည်ဖြစ်ရန် လိုအပ်သည့် အချိန် အနည်းဆုံး ကာလကို သာ သတ်မှတ်ပြီး ပြည်ထောင်စုအရေးဟု မှတ်ယူကာ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အားလုံး လက်တွဲ ပူးပေါင်းဆောင်ရွက်သွားကြပါစို့လို့ လေးနက်စွာ တိုက်တွန်းအပ်ပါတယ်။"

ဒီကနေ့ လွှတ်တော်မှာ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် က ကိုးကန့် ဒေသ လောက်ကိုင်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေး ၊နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ တရားစီရင်ရေး၊ စီမံခန့်ခွဲရေးနဲ့ ဒုက္ခသည် အရေး ကို တင်ပြခဲ့ပါတယ်။

အခုလို ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေးကို ပြည်ထောင်စုလွှတ်တော်က ထပ်မံ သက်တမ်းတိုးလိုက်တဲ့အတွက် လာမယ့် သြဂုတ်လအထိ လောက်ကိုင်ဒေသဟာ အရေးပေါ်အခြေအနေလို့ ဆက်လက်သက်မှတ်မှာဖြစ်ပြီး စစ်အုပ်ရေးနဲ့ဆက် လက်တည်ရှိနေမှာဖြစ်ပါတယ်။

XS
SM
MD
LG