သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပြေးဒုက္ခသည် ကူညီရေး အစီအစဉ် သမ္မတ ကြည့်ရှု


သမ္မတဦးသိန်းစိန် လားရှိုးကို သွားရောက်ပြီး လောက်ကိုင်တိုက်ပွဲတွင်း ထိခိုက်ဒဏ်ရာရသူများ ကြည့်ရှု့။ (သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)
သမ္မတဦးသိန်းစိန် လားရှိုးကို သွားရောက်ပြီး လောက်ကိုင်တိုက်ပွဲတွင်း ထိခိုက်ဒဏ်ရာရသူများ ကြည့်ရှု့။ (သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ကိုးကန့်ဒေသ တိုက်ပွဲတွေကြောင့် တရုတ်ဘက်ကို ထွက်ပြေးကြရသူတွေမှာ စားနပ်ရိက္ခာက အစ နေရေးထိုင်ရေး အဆုံး အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရ ပါတယ်။ ပြည်တွင်း စစ်ရှောင်ကြသူတွေကတော့ မြန်မာ အစိုးရ အကူအညီနဲ့ ဌာနေတွေကို ပြန်နေကြပါပြီ။ ဒီကနေ့မှာပဲ သမ္မတ ဦးသိန်းစိန် လည်း ပြည်တွင်း စစ်ရှောင် ဒုက္ခသည် ကယ်ဆယ်ရေး အစီအစဉ်တွေကို သွားကြည့်ခဲ့ပါတယ်။ သတင်း သုံးပတ်ထဲကို ရောက်လာပြီ ဖြစ်တဲ့ ကိုးကန့် စစ်ရေး အခြေအနေကတော့ ဒီကနေ့မှာ ငြိမ်သက်နေပေမယ့် မြန်မာ အစိုးရစစ်တပ်ဘက်က စစ်ကြောင်းတွေ သွားလာမှုတွေ ရှိနေပါတယ်။ အသေးစိတ် မသိင်္ဂ ီထိုက်က စုစည်းတင်ပြ ထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ တိုက်ပွဲတွေက သတင်း ၃ ပတ်ထဲကို ရောက် လာချိန်မှာဘဲ ဒီဒေသတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ကြသူတွေလည်း ဆက်ပြီး ထွက်ပြေးနေကြရဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ကိုးကန့် ဒေသဘက်က ရာနဲ့ချီတဲ့ လူတွေ လားရှိုးမြို့မှာ ယာယီ ကယ်ဆယ်ရေး စခန်းဖွင့်ထားတဲ့ မန်ဆူ ရှမ်းကျောင်းကို ရောက်လာကြတယ်လို့ လားရှိုးမြို့ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်သက်ထွန်းက ပြောပါတယ်။

" အမှန်က တိုက်ပွဲကဖြစ်တော့ ဟိုမှာလည်း အလုပ်အကိုင်က မရှိတော့ဘူးလေ။ တချို့ပြောသံကြားတာကတော့ ကြံခုတ်အလုပ်သမားတွေများတယ်။ ဟိုဘက်က တရုတ်သူဌေးတွေ များတော့ တရုတ်သူဌေးတွေကလည်း တိုက်ပွဲဖြစ်တော့ ဟိုဘက်ပြန်သွားတော့ အလုပ်သမားခတွေလည်း မရကြဘူး ပြောတယ်။ မရတော့ သူတို့က ဒီအတိုင်းပြန်လာကြရတာပေါ့။ ပို့ပေးတဲ့ ယာဉ်တန်းနဲ့- အခက်အခဲတော့ မရှိပါဘူး။ လောက်ကိုင်ဆိုရင်လည်း လောက်ကိုင်တာဝန်ရှိတဲ့သူတွေက လူစုမိတယ်ဆိုရင် ကားကြုံရှိရင် ကားနဲ့ထည့်ပေးတယ်လေ။ ဒီဘက်ရောက်တော့လည်း ကျနော်တို့က လားရှိုးကိုဆို လားရှိုးပို့ပေးတယ်။ လားရှိုးကနေတဆင့် မန္တလေးရောက်တော့လည်း မန္တလေးမှာလည်း သူကလည်း သူတို့အဖွဲ့က မန္တလေး တိုက်ရိုက် ကားဝင်းကနေပြီးတော့ သူတို့သက်ဆိုင်ရာ နေရာတွေကို ပြန်ခွဲပြီး ပို့ပေးတယ်ဗျာ။

ဒီနေ့ သမ္မတလည်း လာတယ်။ ဝန်ကြီးအဖွဲ့တွေလေ သူတို့လည်း လာလှူသွားတယ်။ အဲ့ဒီ့မှာ သိန်းသုံးရာ သမ္မတကတောင် လှူသွားတယ်။"

အခုချိန်ထိ လားရှိုးမြို့ကယ်ဆယ်ရေး စခန်းက ကယ်ဆယ်ပြီး ဌာနေပြန်ပို့ပေးနေသူ ၁ သောင်းဝန်းကျင် ရှိသွားပြီ ဖြစ်ပြီး ထောက်ပံ့ကြေး အဖြစ် အစိုးရ ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ကျပ် သန်း ၈၀၀ ကျော် သုံးစွဲပြီး ဖြစ်တယ်လို့ လည်း ဦးဇော်သက်ထွန်းက ပြောပါတယ်။

ကိုးကန့် ဒေသ စစ်ပွဲတွေကြောင့် ထွက်ပြေးကြသူတွေထဲမှာ မြန်မာပြည်တွင်းက လာရောက် အလုပ်လုပ်ကိုင်ကြသူ အများစုက လားရှိုးမြို့ဘက်ကို ထွက်ပြေးကြသလို ကိုးကန့် တိုင်းရင်းသား အများစုကတော့ သူတို့ မူရင်းနေရပ်နဲ့ အနီးက တရုတ် နယ်စပ်တွေကို ထွက်ပြေးကြတာပါ။ တရုတ် မြန်မာ နယ်စပ် မှတ်တိုင် ၁၂၅ က စစ်ပြေး ဒုက္ခသည် စခန်းမှာ စစ်ပြေး ဒုက္ခသည် ထောင်နဲ့ချီ ရှိသလို တခြား ယူနန်ပြည်နယ်ထဲက ပုန်းဂုန်း၊ မိုက်တိဟော်၊ ဆဟော်၊ ဟော်ဝိုက် စတဲ့ နေရာတွေမှာ လည်း ဒုက္ခသည်တွေ ပြန့်ကြဲ ခိုလှုံနေကြပြီး စစ်ပြေး ဒုက္ခသည် ထောင်နဲ့ချီ ရှိနေတယ်လို့ တရုတ်နယ်စပ်က ဒုက္ခသည် အရေး ဆောင်ရွက်နေသူ အိုက်ယုံက ပြောပါတယ်။

"များသောအားဖြင့် သူတို့က ချောင်းနဲ့ ရေချောင်းနဲ့ နီးစပ်တဲ့နေရာကို နေတာပေါ့။ သောက်ရေအတွက် လွယ်ကူအောင်ပေါ့။ တရုတ်ပြည်ကတော့ လက်လှမ်းကူနိုင်သလောက်တော့ လုပ်ပေးပါတယ်။ များသောအားဖြင့်တော့ ကျနော်တို့ သူငယ်ချင်းတွေ မိတ်ဆွေတွေရော ကျနော်တို့ ဝီချက်ပေါ်မှာ တင်ထားတာပေါ့ ကျနော်တို့ လှူဒန်းဖို့ ပစ္စည်းတွေလိုအပ်တယ်။ ဘာဖြစ်လို့ဆိုတော့ တရုတ်ပြည်က ငွေလှူဒန်းပိုင်ခွင့် သူတို့က ခွင့်မပြုတဲ့အတွက် ပစ္စည်းတွေပဲ လက်သင့်ခံပါတယ်။ တရုတ်ပြည်ဘက်ကို ပြေးတဲ့သူက များသောအားဖြင့် ကိုးကန့်တိုင်းရင်းသားပေါ့။ ဒါပေမဲ့ မြန်မာတစုတလေရှိတယ်။ ကျနော်တို့ သွားခဲ့တဲ့နေရာ တစ်နေရာဆိုရင် မြန်မာပြည်သူပြည်သား ၁၉၇ယောက်လားမသိဘူး ရှိပါတယ်။"

တရုတ် နယ်စပ်ဘက်ကို ထွက်ပြေးကြသူ ကိုးကန့်တိုင်းရင်းသား အများစု ထဲမှာတော့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အများစု ဖြစ်တယ်လို့လည်း အိုက်ယုံက ပြောပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ခဲ့တဲ့ မြန်မာ့ တပ်မတော်နဲ့ ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်တို့ကြား တိုက်ပွဲတွေက အခုတော့ သတင်း ၃ပတ်ထဲကို ရောက်ရှိလာခဲ့ပြီး စစ်ရေးအခြေအနေ တင်းမာနေဆဲမို့ ဒီ စစ်ရှောင် ၊ စစ်ပြေး ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေး အလားအလာတော့ မရှိသေးပါဘူး။

ဒီကနေ့ သောကြာနေ့မှာတော့ နှစ်ဘက် တို့ ပစ်တာ ခတ်တာ မရှိပေမယ့် မြန်မာ အစိုးရတပ်ဘက်က စစ်ကြောင်းတွေ သွားလာနေတယ်လို့ ကိုးကန့် လက်နက်ကိုင် တပ်ဘက်က ပြောပါတယ်။ ၁၉ ရက် ကြာမြင့်လာပြီ ဖြစ်တဲ့ ကိုးကန့် ဒေသ စစ်ဆင်ရေးမှာ နှစ်ဘက် စစ်ရေး အရ အသာစီးရမှုကတော့ သိသိသာသာ မရှိသေးတဲ့ အကြောင်းလည်း ကိုးကန့် လက်နက်ကိုင်တပ် MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

"ကျနော်တို့ လုံထန်းက အဲ့မှာ ဘေးဘက်မှာ တောင်တတောင်ရှိတယ်။ လမ်းမကြီး ဘေးဘက်မှာ ကျနော်တို့ နေလို့မရဘူး။ ကျနော်တို့က တောင်ရဲ့ ဟိုးး ဘက်မှာ လုံထန်ဆိုတာ ဧရိယာတခုပါခင်ဗျ။ တောင်ရဲ့ဟိုးဘက်အခြမ်းမှာ သူတို့ သွားတိုက်တာပဲ။ အဲ့ဒီ့နေ့မှာပဲ သူတို့က ဟိုက်စကီးနှစ်စီးနဲ့ ကျနော်တို့တပ်စခန်းကို သွားတိုက်တာပဲ။ လက်နက်ကြီးနဲ့လည်း သီးသန့်လည်း သွားထိုးပေါ့။ အဲ့လိုခင်ဗျ။ ဒါပေမဲ့ တခု အဓိက က ဘာလဲဆိုတော့ သူတို့က ထိုးစစ်ကိုး။ ကျနော်တို့က ခံစစ်ဆိုတော့ သူတို့ကျတဲ့သူက ကျနော်တို့ထက် အများကြီး များပါတယ်။ "

မြန်မာ အစိုးရ တပ်တွေနဲ့ ကိုးကန့် လက်နက်ကိုင်တိုကြား တိုက်ပွဲတွေ ပြင်းထန်နေ တာကတော့ ဆက်သွယ်ရေး အရ ဗျူဟာကျတဲ့ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့ကြား ၁၈ မိုင် အနီးက ဖုန်းချွေးရှန်း ဒေသ၊ နောက် လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားက လုံထန် အနီးအနားမှာ ဖြစ်ပါတယ်။ ဒီဒေသတွေကို မြန်မာ စစ်တပ်ဘက်က အကြိမ်ကြိမ် ထိုးစစ်ဆင်နေပေမယ့် အခုချိန်ထိတော့ မထိန်းချုပ်နိုင်သေးပါဘူး။

XS
SM
MD
LG