သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်အရေး မြန်မာစစ်တပ် စွပ်စွဲချက် ဝတပ် ငြင်းဆန်


ကိုးကန့်နဲ့ မြန်မာစစ်တပ် စစ်ရေးတင်းမာနေချိန် အကူအညီပေးရေးယာဉ်တန်း အတိုက်ခိုက်ခံရ။ (ဖေဖော်ဝါရီ ၉-၂၀၁၅)
ကိုးကန့်နဲ့ မြန်မာစစ်တပ် စစ်ရေးတင်းမာနေချိန် အကူအညီပေးရေးယာဉ်တန်း အတိုက်ခိုက်ခံရ။ (ဖေဖော်ဝါရီ ၉-၂၀၁၅)

မကြာသေးခင်က စတင်ဖြစ်ပွါးခဲ့တဲ့ မြန်မာတပ်ဖွဲ့နဲ့ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပါွးခဲ့တာမှာ UWSA တပ်ဖွဲ့နဲ့ မိုင်းလားအဖွဲ့တို့ ကိုးကန့်တပ်ဖွဲ့ဘက်ကနေ ကူညီတိုက်ခိုက်တာမျိုး မရှိဘူးလို့ ဒီကနေ့ငြင်းဆို လိုက်ပါတယ်။ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှာ နှစ်ဖက်အဖွဲ့ ခေါင်းဆောင်တွေ အပြန်အလှန် ဆွေးနွေးပြီးနောက် သမ္မတ ဦးသိန်းစိန်စီကို သူတို့ရဲ့ သဘောထား ထုတ်ပြန်ချက်ကို ဒီကနေ့မှာပဲ အရောက် ပေးပို့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။

ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ရဲ့ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်တွေ ပန်ဆန်းမှာ ဒီကနေ့ဆွေးနွေးခဲ့ပြီးနောက် မြန်မာတပ်တွေနဲ့ ကိုးကန့်အဖွဲ့တွေကြား ဖြစ်ပါွးခဲ့တဲ့ ပဋိပက္ခတွေအတွင်း သူတို့အနေနဲ့ ပါဝင်ပါတ်သတ်မှုမရှိကြောင်း မိုင်းလားအဖွဲ့နဲ့ ပူးတွဲပြီး နိုင်ငံတော်သမ္မတဆီကို စာပေးပို့သွားမယ်လို့ဆိုပါတယ်။ အစိုးရစစ်တပ်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ကိုးကန့်နဲ့ တိုက်ပွဲတွေအတွင်း ဝနဲ့ မိုင်းလားအပါအဝင် တိုင်းရင်းသားတပ်တချို့ပါဝင်ကြောင်း စွပ်စွဲခဲ့တာပါ။ UWSA အဖွဲ့ရဲ့ ပြောခွင့်ရ ဦးအောင်မြင့်က သမ္မတစီပေးပို့မဲ့စာထဲမှာ အချက် ၄ ချက်ပါဝင်ကြောင်း အခုလိုစပြောပါတယ်။

" ကကကြည်းကနေပြီးတော့ ဒုတိယဗိုလ်ချုပ်ကြီးကနေပြီးတော့ မိုင်းလားအဖွဲ့မှ အင်အား တစ်ရာကျော်ထက်မနည်း ကိုးကန့်တိုက်ပွဲမှာ ပါဝင်ကြောင်း အထူးဒေသ(၂) ကဆိုရင် တပ်ရင်း (၄) ရင်းပါတဲ့ တပ်မဟာ တခု တိုက်ပွဲမှာ ပါဝင်ကြောင်းဆိုပြီး ပြောသွားတာရှိတော့ ဒီတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ သက်သေအထောက်အထားတွေ မရှိပဲနဲ့ပေါ့။ စွပ်စွဲချက်ဖြစ်တဲ့အတွက် ကျနော်တို့မှာ လုံးဝ လက်မခံနိုင်တဲ့အပြင် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးကိုလည်း သူ့စွပ်စွဲချက်တွေကိုလည်း လုံးဝ ကန့်ကွက်ကြောင်း ဆုံးဖြတ်ပါတယ်။"

UWSA အနေနဲ့ ပြည်တွင်း တိုင်းရင်းသားပြသနာတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ဖြေရှင်းဖို့ လိုလားပြီး ကိုးကန့်အရေးအခင်းတွင်း ပါဝင်ပါတ်သတ်နေတယ် လို့ ပြောဆိုချက်တွေကိုလည်း လက်ခံမှာမဟုတ်ဘဲ သက်ဆိုင်ရာအဖွဲ့တွေ အနေနဲ့ ပြည်သူတွေရဲ့အကျိုးစီးပွါးကို ရှေးရှုပြီး ပြသနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆောင်ရွက် သွားဖို့လည်း တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ဝတပ်ဖွဲ့တွေ အနေနဲ့ နိုင်ငံတော်အတွင်းမှာပဲ အတူစုစည်းနေထိုင်သွားမယ့် အကြောင်းလည်း ဦးအောင်မြင့်က အခုလိုဆက်ပြောပါတယ်။

" တတိယအချက်အနေနဲ့ကတော့ ကျနော်တို့အဖွဲ့အနေနဲ့ နိုင်ငံတော်မှ မခွဲထွက်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးမှု မပြိုကွဲရေး၊ နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့ သဘောရပ်တည်မှုမှာတဲ့ မည်သည့်အခါမှာမဆိုပြောင်းလဲမည်မဟုတ်ပါ။ ငြိမ်းချမ်းရေးကို တစိုက်မတ်မတ် တည်ဆောက်သွားမယ့် ဆုံးဖြတ်ချက်သည်လည်း မည်သည့်အခါမျှမဆို ယိမ်းယိုင်မှု မရှိပါဘူးတဲ့။ ဒါကြောင့်မို့လို့ နောင်တွင်ဖြစ်စေ နိုင်ငံတော်အစိုးရ ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းတဲ့ ပြည်ပဆက်ဆံရေး ပေါ်လစီကို တသွေမတိမ်း ထောက်ခံသွားမှာဖြစ်ပါတယ်။"

အခုထုတ်ပြန်ကြေညာချက်ကို အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖေါ်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်က တဆင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဆီကို ဒီကနေ့ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့မှာပဲ အရောက်ပေးပို့သွားမယ်လို့ ဦးအောင်မြင့်ကပြောပါတယ်။ ကိုးကန့်တိုက်ပွဲတွေ အတွင်း ၀ တပ်ဖွဲ့ကိုင်ဆောင်တဲ့ လက်နက်တွေ ရခဲ့တယ်လို့ စွပ်စွဲခဲ့တဲ့ အပေါ်မှာလည်း ဒီလက်နက်တွေဟာ တရားမဝင် ပုံစံမျိုးစုံနဲ့ ရောက်ရှိသွား တာဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ကိုးကန့်ဒေသတွင်း ဖုန်းချွေးရှန်းမှာတော့ ကိုးကန့် တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရ တပ်ဖွဲ့တွေကြား ဒီကနေ့မနက်ပိုင်းထဲက တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး မနေ့ကဖြစ်ပွါးတဲ့ လောက်ကိုင်နဲ့ ကုန်းကြမ်းကြား တိုက်ပွဲတွေမှာ ကိုးကန့်ဘက်က တဦး မြန်မာတပ်က ၄ ဦး ကျဆုံးသွားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG