လေယာဉ်စီး ခရီးသည်တွေကို သစ်သီးဆံဝေငှတဲ့ လေယာဉ်မယ်နဲ့ ပတ်သက်ပြီး ဒေါသပုန် ထခဲ့တဲ့ တောင်ကိုရီးယား လေကြောင်း Korea Air Lines ဥက္ကဌရဲ့ သမီးဖြစ်သူကို လေကြောင်း လုံခြုံစိတ်ချရမှု ဆိုင်ရာဥပဒေ ချိုးဖေါက်မှုနဲ့ ကိုရီးယား တရားရုံး တခုက ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
တချိန်က လေကြောင်းလိုင်းရဲ့ အကြီးအကဲတယောက်လည်းဖြစ်၊ လေယာဉ်ပေါ် ဝန်ဆောင်မှုပေးရေးဌာန အကြီးကဲဖြစ်သူ Heather Cho ကို ထောင်ဒဏ် တနှစ် စီရင်ချက် ချမှတ်လိုက်တာပါ။ သူမရဲ့လုပ်ရပ်ကို သစ်သီးဆံ ဒေါသ အဖြစ်အပျက် လို့ ခေါ်ဝေါ် နေကြပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့က Cho ဟာ ထွက်ခွာလာပြီးသားလေယာဉ်ကို နယူးယောက်လေဆိပ်ရဲ့ ဆိုက်ကပ်ရာ ဂိတ်ကို ပြန်သွားခိုင်းပြီး လေယာဉ် ပထမတန်းစီး ခရီးသည်တွေကို သစ်သီးဆံ လိုက်လံဝေငှတဲ့ လေယာဉ်မယ် ကို လေယာဉ်ပေါ်ကနေ မောင်းထုတ်ခဲ့တာပါ။ သစ်သီးဆံကို ပန်းကန်နဲ့မပေးပဲ အထုတ်နဲ့ ပေးရမလားဆိုပြီး ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။
သူမဟာ လေယာဉ်ပေါ်မှာ လေယာဉ်မယ်ကို ဒူးနဲ့တိုက်ခဲ့သလို လက်ကိုလည်း အကြိမ်များစွာ ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလုပ်ရပ်က လူ့ဂုဏ်သိက္ခာကို စော်ကားတာဖြစ်သလို၊ အခုလို သစ်သီးဆံကို အထုတ်နဲ့ လိုက်လံဝေငှတာ မှာယွင်းတဲ့လုပ်ရပ်ဖြစ်တယ်ဆိုတဲ့ အပေါ်မှာလည်း သံသယရှိကြောင်း တရားသူကြီး Oh Sung-woo ကပြောပါတယ်။