သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်-မြောက် ကိုရီးယား တင်းမာမှုကြီးထွား


ကိုရီးယား ၂ နိုင်ငံအကြား နှစ်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကို မြောက်ကိုရီးယားက ဖောက်ဖျက်ပြီး ခြိမ်းခြောက်နေတဲ့အတိုင်း လုပ်လာရင် တောင်ကိုရီးယားက လည်း ပြတ်ပြတ်သားသားနဲ့ ထိထိရောက်ရောက် တုံ့ပြန်မယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး က ပြောလိုက်ပါတယ်။

တောင်ကိုရီးယား ဗိုလ်ချုပ်ကြီး ကင် ယောင်ဟွန်း (Kim Yong hyun) က မြောက်ကိုရီးယားက စစ်အင်အားသုံးပြီး တောင်ကိုရီးယား ပြည်သူ လူထု အသက်အိုးအိမ် လုံခြုံမှုကို ထိပါးလာမယ်ဆိုရင် ရန်လိုသူတွေရော အမိန့်ပေးသူ တွေကိုပါ တိုက်ခိုက်ဖို့ ပြင်ဆင်ထားတယ်လို့ ဗုဒ္ဓဟူးနေ့ က ပြောလိုက်ပါတယ်။

အင်္ဂါနေ့တုန်းက မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီး ကင် ယောင်ချို (Kim Yong Chol) က ၁၉၅၃ အပစ်အခတ်ရပ်ရေး သဘောတူညီချက်ဟာ ဒီလ ၁၁ ရက်နေ့ကစပြီး လုံး၀ တရားဝင်တော့မှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။ ဒါ့အပြင် အမေရိကန် ဦးဆောင်တဲ့ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူရေးကိစ္စနဲ့ တောင်ကိုရီးယားနဲ့အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို ရည်ညွှန်းပြီး ပြောဆိုရာမှာ ပန်မြူဂျွမ်းရွာနားမှာရှိ တဲ့ တောင်ကိုရီးယား စစ်တပ်နဲ့အမေရိကန် ဆက်သွယ်ရေးတွေ ကိုလည်း ဖြတ်တောက်ပြစ်မယ်လို့ ဆိုပါတယ်။

အမေရိကန် အစိုးရကတော့ နှစ်စဉ် ပုံမှန်လုပ်နေကြ ၂ နိုင်ငံ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ဟာ ကာကွယ်ရေးအတွက်သာ ရည်ရွယ်တာဖြစ်ပြီး ဒီအပေါ်မှာ မြောက်ကိုရီးယားကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ မြောက်ကိုရီးယားက ရှုမြင်နေကြောင်းပြောပါတယ်။


ကိုရီးယားကျွန်းဆွယ်ဒေသမှာ တင်းမာမှုတွေ အရှိန်မြင့်နေချိန်မှာ မြောက်ကိုရီးယား ဘက်က ခြိမ်းခြောက်မှုတွေလုပ်တာ မဆန်းပေမဲ့ အခု ခြိမ်းခြောက်မှုကတော့ အဆင့်မြင့် အရာရှိ တဦးက ပြောဆိုတာဖြစ်တဲ့အပြင် ရက်ကန့်သတ်ချက်ကိုပါ ထည့်သွင်းပြောခဲ့တာကြောင့် အရင်ကနဲ့မတူဘဲ တကယ်ဖြစ်နိုင်တဲ့ အနေအထားရှိ တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
XS
SM
MD
LG