သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနဲ့ ကန် စစ်ရေးလေ့ကျင့်ချိန် မြောက်ပိုင်းစစ်ရေးပြင်


အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယား နိုင်ငံတို့ဟာ နှစ်စဉ် ပြုလုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စနေနေ့မှာ စတင်လိုက်ပါပြီ။ တကယ်လို့ ဒီစစ်ရေးလေ့ကျင့်မှုကနေ တိုက်ခိုက်မှုအဖြစ် ပြောင်းလဲသွားခဲ့ရင် ချက်ခြင်း လက်တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားဘက်က ရက်အတန်ကြာ ခြိမ်းခြောက် ပြောဆိုအပြီးမှာ ဒီစစ်ရေးလေ့ကျင့်မှုကို စတင်လိုက်တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားဘက်ကတော့ ဒီလို ခြိမ်းခြောက် ပြောဆိုမှုတွေ နှစ်စဉ် ပြုလုပ်နေခဲ့တာပါ။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ဒီ နှစ်စဉ် စစ်ရေးလေ့ကျင့်မှုဟာ သီတင်းပတ် ၈ ပတ်အထိ ကြာလေ့ရှိပြီး၊ စနစ်တကျ စီစဉ်ပြီးမှ ပြုလုပ်လေ့ရှိပါတယ်။ စနေနေ့က ပြုလုပ်တဲ့ လေ့ကျင့်မှုတွေထဲမှာတော့ အမေရိကန်နဲ့ တောင်ကိုရီးယား တပ်ဖွဲ့တွေဟာ တောင်ကိုရီးယား အရှေ့ဘက်ကမ်းခြေကို တိုက်ခိုက်ရေးယာဉ်တွေနဲ့ ထိုးစစ်ဆင်တဲ့ ပုံစံ လေ့ကျင့်ခဲ့ကြပါတယ်။
တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၃ သိန်းနဲ့ အမေရိကန်တပ်ဖွဲ့ဝင် အနည်းဆုံး ၁၇,၀၀၀ လောက်ပါဝင်တဲ့ ဒီစစ်ရေးလေ့ကျင်မှုဟာ ပြုလုပ်ခဲ့သမျှထဲမှာ ပမာဏအကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်တယ်လို့ တောင်ကိုရီးယားရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
စစ်ရေးလေ့ကျင့်မှုတွေ မစတင်ခင် အမေရိကန်ဘက်က ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ Pohang မြို့အနီး ပြုလုပ်တဲ့ လေ့ကျင့်မှုမှာ အမေရိကန် မရိန်းတပ်ဖွဲ့က လေယာဉ် ၅၅ စီးနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်သင်္ဘော အစီး သုံးဆယ်တို့ ပါဝင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားစစ်တပ်ကတော့ - တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့တွေကို တိကျပြင်းထန်တဲ့ ကိုရီးယားစတိုင် blitzkrieg တိုက်ခိုက်မှုမျိုးနဲ့ လက်တုံ့ပြန်ဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

XS
SM
MD
LG