သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယား ၂ နိုင်ငံ အပြန်အလှန် ပစ်ခတ်


တောင်ကိုရီးယားနိုင်ငံက တက်ကြွလှုပ်ရှားသူတွေက ဝါဒဖြန့်ချိရေး စာတွေ လွှတ်တင်လိုက်တဲ့ မိုးပျံပူဖောင်းတွေ။
တောင်ကိုရီးယားနိုင်ငံက တက်ကြွလှုပ်ရှားသူတွေက ဝါဒဖြန့်ချိရေး စာတွေ လွှတ်တင်လိုက်တဲ့ မိုးပျံပူဖောင်းတွေ။

တောင်ကိုရီးယားနိုင်ငံက တက်ကြွလှုပ်ရှားသူတွေက ဝါဒဖြန့်ချိရေးစာတွေ လွှတ်တင် လိုက်တဲ့ မိုးပျံပူဖောင်းတွေကို မြောက်ကိုရီးယားဘက်က သောကြာနေ့မှာ ပစ်ချ လိုက်ရာက တောင်နဲ့မြောက်ကိုရီးယား နှစ်ဘက် လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်သွားခဲ့ပါတယ်။

မြောက်ကိုရီးယားဖက်က ပစ်လိုက်တဲ့ ကျည်ဆံတချို့ တောင်ကိုရီးယားနိုင်ငံအတွင်းကို ကျလာတဲ့အတွက် သူတို့ဖက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။

တောင်ကိုရီးယားဘက်က စက်သေနတ်နဲ့ ပစ်ခတ်မှုတွေဟာ ဘယ်နေရာကို ပစ်မှတ်ထားတယ် ဆိုတာတော့ ချက်ခြင်း မသိရသေးပါဘူး။ ဒါ့အပြင် ပစ်လိုက်တဲ့ ကျည်ဆံတွေက စာရွက်တွေထဲ့ထားတဲ့ အဲဒီ မိုးပျံပူဖောင်းတွေကို ထိမှန်ခြင်း ရှိမရှိဆိုတာလဲ အတိအကျ မသိရသေးပါဘူး။ နှစ်ဖက်စလုံးမှာ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတော့ ထွက်မလာသေးပါဘူး။

မြောက်ကိုရီးယားနိုင်ငံက အာဏာရ အလုပ်သမားပါတီ တည်ထောင်တဲ့ ၆၉ ကြိမ်မြောက် နှစ်ပတ်လည်နေ့မှာ မြောက်ကိုရီးယားဖက်က ထွက်ပြေးလာသူ အများစုပါဝင်တဲ့ တောင်ကိုရီးယားနိုင်ငံက တက်ကြွ လှုပ်ရှားသူတွေ ဟာ မြောက်ကိုရီးယားကို ဆန့်ကျင်တဲ့ ဝါဒဖြန့်ချိရေး စာစောင်တွေ မိုးပျံပူဖောင်းထဲ ထည့်ပြီး ဒီကနေ့ မြောက်ကိုရီးယားဖက်ကို လွှတ်တင်လိုက်ကြတာပါ။

အဲ့ဒီလို စာစောင်တွေ လွှတ်တင်နေတာကို တောင်ကိုရီးယားအစိုးရအနေနဲ့ မရပ်တန့်ရင် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးမှာ ထိန်းသိမ်းလို့ မရနိုင်လောက်တဲ့အထိ အခြေအနေတွေ ဆိုးရွား သွားမယ်လို့ မြောက်ကိုရီးယားက သတိပေး ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ လအတွင်းက တကြိမ် ပစ်လွတ်ခဲ့တာ အပါအဝင် အခုလို စာရွက်တွေ လွတ်တင်နေမှုကို မြောက်ကိုရီးယား အရာရှိတွေက ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယား အစိုးရကတော့ ဒီလုပ်ရပ်တွေ ရပ်တန့်သွားအောင် တစုံတရာ လုပ်ဆောင်ခြင်း မရှိသေးပါဘူး။

XS
SM
MD
LG