သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာချုပ်ကို ဖေ့ဘုတ်မှာ သရော်သူနောက်တဦး ဖမ်းခံရ


ပက်ထရစ်ကွမ်ဂျာလီ
ပက်ထရစ်ကွမ်ဂျာလီ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လှောင်ပြောင်သရော်ထားတဲ့ ဓါတ်ပုံကို Facebook လူမှုကွန်ရက်မှာ တင်ခဲ့တဲ့အတွက် လှိုင်မြို့နယ်မှာ နေထိုင်သူ ပက်ထရစ်ကွမ်ဂျာလီ ကို လှိုင်ရဲစခန်းက လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။ ဒါဟာ Facebook စာမျက်နှာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လှောင်ပြောင်သရော်တဲ့ ဓါတ်ပုံတွေကို တင်တဲ့အတွက် အခုရက်ပိုင်းအတွင်းအာဏာပိုင်တွေဘက်က ဒုတိယမြောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပက်ထရစ်ကွမ်ဂျာလီရဲ့ ဇနီးဖြစ်သူ မမေစံပယ်ဖြူကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ မမေစံပယ်ဖြူရဲ့အမျိုးသား အဖမ်းခံရတယ်လို့ ကြားရပါတယ်။ အဲဒါဟုတ်ပါသလား ခင်ဗျာ။

ဖြေ။ ။ဟုတ်ပါတယ်။ ကျမကလည်း တနေ့လုံး အစည်းအဝေးတွေနဲ့ဆိုတော့လေ။ အခု ဟိုတယ်ပြန်ရောက်ပြီးတော့မှ facebook ဖွင့်လိုက်တဲ့အခါကျတော့မှ သတင်းတက်လာတာကို ကျမလည်း အခုမှသိရတာပါ။

မေး။ ။ အဲတော့ ဘယ်သူက ဖမ်းသွားတာလဲ။

ဖြေ။ ။ဟုတ်ကဲ့။ ဒီမှာ ကျမ မိတ်ဆွေတွေက ကျမကို လှမ်းပြီးတော့ အကြောင်းကြားထားတာပေါ့နော်။ အကြောင်းကြားထားတာကတော့ ညနေ ၆:၄၅ လောက်က လှိုင်မြို့နယ် ရဲစခန်းက ၄ ယောက်နဲ့ ကျမတို့ရပ်ကွက်ထဲက ရရက ၁ ဦးပေါ့နော်၊ စုစုပေါင်း ၅ ယောက်က လာပြီးတော့။ အိမ်မှာလည်း ဟိုရှာဒီရှာလုပ်တယ်ပေါ့နော်။ ကွန်ပြူတာနဲ့ ဖုန်းကိုလည်း သိမ်းသွားပါတယ်တဲ့။ ၇:၄၀ လောက်က ခေါ်သွားတယ်လို့ အဲလို ကျမကို လှမ်းအကြောင်းကြားထားပါတယ်ရှင့်။

မေး။ ။ကျနော်တို့သိရတာကတော့ ဒီ facebook မှာ အခုတလောတင်ထားတဲ့ ဒီ post တခုအတွက် အဖမ်းခံရတယ်လို့ ကြားပါတယ်။ အဲတာဟုတ်ပါသလား။ သူတို့ဘက်က ဘယ်လို ကြောင်းပြချက်နဲ့ဖမ်းသွားတာလဲ။

ဖြေ။ ။ကျမ မိတ်ဆွေတွေက လှမ်းပြီးတော့ ပို့တာကတော့ အဲဒီမှာ သူတို့ကနေပြီးတော့ A4 နဲ့ စာရွက် print တခုထုတ်လာတယ်တဲ့ ။ အဲဒီဟာကို ပြပြီးတော့မှ ဖမ်းဝရမ်းတွေလည်း မပါဘူးလို့ ပြောပါတယ်ရှင့်။ အဲလိုနဲ့ ဒီ facebook ဟာကို share ထားတဲ့အတွက်ကြောင့်ဆိုပြီးတော့မှာ အဲဒီ A4 နဲ့ print ထုတ်ထားတဲ့ ဟာကို ပြပြီးတော့မှ ခေါ်သွားတယ်လို့ ကျမကို လှမ်းအကြောင်းကြားထားပါတယ်။

မေး။ ။ခေါ်သွားတယ်ဆိုတော့ ဘယ်ကို ခေါ်သွားသလဲဆိုတာကောသိလား။

ဖြေ။ ။လှိုင်ရဲစခန်းကိုပါရှင့်။ ကျမ မိတ်ဆွေတွေက စခန်းကို လိုက်သွားတယ်ရှင့်။ ဒါပေမယ့် စခန်းထဲကို အဝင်မခံဘူးလို့ သိရပါတယ်ရှင့်။

မေး။ ။သူတို့ဘက်က ဘာအမှုနဲ့ ဖမ်းတယ်လို့ ပြောသေးသလဲ။

ဖြေ။ ။ လောလောဆယ်တော့ ကျမလည်း အသေးစိတ်တော့ မသိရသေးဘူးရှင့်။ ကျမလည်း အဲဒါကြောင့် တော်တော်လေးကို စိတ်ပူနေတယ်ရှင့်။ အိမ်မှာလည်း ကလေး ၃ ယောက်နဲ့ သူ့အမကလည်း လေဖြတ်ထားတာလေ။ ကျမတို့နဲ့ အတူတူနေတယ်။ ဟိုတလောကပဲ တော်တော်နေမကောင်းလို့ ဆေးခန်းပြနေရတာပေါ့။ ဘာမှအကြောင်းအရာ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ ကျမ မိတ်ဆွေတွေကလည်း ကျမ စိတ်ပူမှာစိုးလို့ ဖြစ်ပါလိမ့်မယ်။ သူတို့သိရသလောက် အကြောင်းအရာတွေကို ကျမကို message ပို့ထားပါတယ်။ ကျမလည်း သေသေချာချာ အတိအကျ မသိရသေးပါဘူး။

ပက်ထရစ်ကွမ်ဂျာလီကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး လှိုင်မြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူးခင်ဗျာ။

XS
SM
MD
LG