သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်အမျိုးသမီးများအပေါ် မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှု အရေးယူပေးဖို့ အစီရင်ခံစာတောင်းဆို


အသတ်ခံလိုက်ရတဲ့ ကချင်ဆရာမနှစ်ဦးရဲ့ ဈာပနအခမ်းအနား။ (ဇန်နဝါရီ ၂၃၊ ၂၀၁၅)
အသတ်ခံလိုက်ရတဲ့ ကချင်ဆရာမနှစ်ဦးရဲ့ ဈာပနအခမ်းအနား။ (ဇန်နဝါရီ ၂၃၊ ၂၀၁၅)

ကချင်အမျိုးသမီးတွေအပေါ် မြန်မာစစ်တပ်ကအကြမ်းဖက်ကျူးလွန်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မယ့် NLD အစိုးရသစ်တက်လာချိန်မှာ စုံစမ်းဖေါ်ထုတ်ပြီး တရားမျှတမှုရှိအောင်ဆောင်ရွက်ပေးဖို့ ကချင်အမျိုးသမီးအစည်းအရုံးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့တနှစ်ကျော်က ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့အမှု အပါအဝင်ကချင်အမျိုးသမီးတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေကို မြန်မာစစ်တပ်ကကျူးလွန်နေကြောင်း စွပ်စွဲချက်တွေနဲ့အတူ ဒါတွေကို အာဏာပိုင်တွေဘက်ကစနစ်တကျ ဖုံးကွယ်ထားတဲ့အကြောင်း စုံစမ်းဖေါ်ထုတ်ထားတဲ့အစီရင်ခံစာကို ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးများအစည်းအရုံး KWAT နဲ့ ဥပဒေအထောက်အကူပြုကွန်ရက် LAN တို့က ဇန်နဝါရီလ (၁၉)ရက်နေ့ အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။အပြည့်အစုံကိုမအင်ကြင်းနိုင်က တင်ပြမှာပါ။

“တရားမှုရှာဖို့ နှောင့်နှေးခြင်းမှာ၊ တရားမှုကိုငြင်းပယ်ခြင်းပါ” ဆိုတဲ့ခေါင်းစဉ်နဲ့ အစီရင်ခံစာထဲမှာ ရှမ်းပြည် မြောက်ပိုင်း ကောင်းခါးကျေးရွာမှာ လွန်ခဲ့တဲ့တနှစ်က ကချင်စေတနာ့ဝန်ထမ်းဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှာ အခုချိန်ထိကျူးလွန်သူတွေကို တာဝန်ရှိသူအာဏာပိုင်တွေဘက်က စုံစမ်းစစ်ဆေးဖေါ်ထုတ်အရေးယူနိုင်ခြင်းမရှိတာကို ထောက်ပြထားသလို ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ကပါဝင်နေကြောင်းစွပ်စွဲချက်နဲ့အတူ အစိုးရဘက်က စနစ်တကျဖုံးကွယ်ထားတာကို ဖေါ်ထုတ်တင်ပြထားပါတယ်။ ဒါအပြင် ဒီအမှုဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့မြင်ကြောင်း KWAT တွဲဖက်အတွင်းရေးမှူး ဆိုင်းဇင်က ဗွီအိုအေကို ပြောပါတယ်။

“ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ကျမတို့မြင်တယ်။ အဓိကက နိုင်ငံတကာဥပဒေကိုလည်းချိုးဖောက်ရာရောက်တယ်။ အဓိက ကချင်အမျိုးသမီးဆရာမနှစ်ဦးကိုသတ်ဖြတ်တယ်၊ မသတ်ခင်မှာ သူတို့နှိပ်စက်တာရှိတယ်၊ မဒိမ်းကျင့်တာရှိတယ်။ အမှုသုံးမှုကိုသူတို့ချိုးဖောက်ထားတာရှိတယ်။ ဒီဆရာမနှစ်ဦးအသတ်ခံရတဲ့ကိစ္စက အဆိုးဆုံးဖြစ်တယ်။ အခုဆိုရင်သမ္မတကိုလည်း ပြန်ပြီးတရားစွဲဆိုလို့မရတာတွေ၊ ဖွဲ့စည်းပုံမှာပါတဲ့ ပုဒ်မ (၄၄၅)ဆိုတဲ့ impunity (ပြစ်ဒဏ်ကင်းလွတ်ခွင့်) ပေးထားတာတွေရှိနေသမျှ၊ တိုင်းရင်းသားနယ်မြေတွေမှာ အခုစစ်တွေဆက်ပြီးဖြစ်နေတဲ့ကာလပတ်လုံး ဘယ်လိုမှယုံကြည်လို့မရတဲ့ကိစ္စရပ်တွေဖြစ်တယ်။”

အစီရင်ခံစာမှာတော့ ကောင်းခါးကျေးရွာအမှုမှာ ရဲတပ်ဖွဲ့ရဲ့စုံစမ်းမှုတွေကို အဲဒီရွာမှာတပ်စွဲခဲ့တဲ့ မြန်မာစစ်တပ် စစ်ကြောင်းမှူးနဲ့ အထက်အရာရှိတွေကတားဆီးနှောင့်ယှက်ခဲ့ကြောင်း မျက်မြင်သက်တွေရဲ့ထွက်ဆိုချက်တွေကိုးကားဖေါ်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဆိုင်းဇင်ကအခုလိုရှင်းပြပါတယ်။

“မြန်မာစစ်တပ်ကဆိုတာကို အတိအလင်းပြောဖို့နီးစပ်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့သက်သေခံပစ္စည်းတွေကိုဖျောက်ဖျက်တဲ့ကိစ္စတွေပါလာတယ်။ KBC စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့အတူ ကျမတို့ကချင်အမျိုးသမီးအစည်းအရုံးတွေ၊ ဥပဒေအထောက်အကူပြုကွန်ရက် တို့ကနေပြီးပူးပေါင်းပြီး ပြန်ပြီးဆောင်ရွက်လာချိန်မှာ တော်တော်များများဖြစ်ရပ်က မြန်မာစစ်တပ်ကကျူးလွန်နိုင်တယ်ဆိုတာကိုတွေ့လာရတယ်။”

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် KBC ကဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်အတွက် အမှုမှန်ဖေါ်ထုတ်ရေးကော်မတီကနေ ဒီအမှုကိုလွတ်လပ်စွာစစ်ဆေးဆောင်ရွက်ခွင့်ပြုဖို့ သမ္မတဦးသိန်းစိန်ဆီကိုစာနဲ့ရေးသားတောင်းခံခဲ့ပေမဲ့ သမ္မတဘက်ကနေ တစုံတရာအကြောင်းပြန်ကြားမှုမရှိခဲ့ဘူးလို့အစီရင်ခံစာကဆိုပါတယ်။

Kachin Women's Association report
Kachin Women's Association report

ဒါကြောင့် ဒီအမှုမှာ အစိုးရဘက်က စစ်တပ်ရဲ့ကျူးလွန်မှုကိုအကာအကွယ်ပေးနေတာထင်ရှားတယ်လို့လည်း ဆိုင်းဇင်ကပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံအခြေအနေအရ အာဏာလွှဲပြောင်းရေးချောမွေ့စေဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ခေါင်းဆောင်တွေနဲ့ပူးပေါင်းဆောင်ရွက်နေတာကိုနားလည်ပေမဲ့ အနာဂတ်မှာ စစ်တပ်ရဲ့ရာဇဝတ်ကျူးလွန်မှုတွေကို တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးဖို့နဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးတာကိုလည်း အဆုံးပေးသတ်ဖို့ ကချင်အမျိုးသမီးအစည်းအရုံးအနေနဲ့ အစိုးရသစ်ကို တိုက်တွန်းကြောင်း ဆိုင်းဇင်ကပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့စစ်တပ်ခေါင်းဆောင်တွေ peace လုပ်သွားတဲ့ဟာတွေ၊ ဖွဲ့စည်းပုံမှာ ပြစ်ဒဏ်ကင်းလွတ်ခွင့်အပြင် အခုဆိုရင်သမ္မတကို အကာအကွယ်ပေးထားတဲ့ဥပဒေ စတာတွေကို တခုပြီးတခုထုတ်ပြန်လာတဲ့အခါမှာ အမှုကိုမပေါ်အောင် အများကြီးဖုံးကွယ်ထားနိုင်တဲ့ကိစ္စတွေကဖြစ်နေတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဒါကို မားမားမတ်မတ်မရပ်တည်ပေးဘူးဆိုရင်၊ ပြည်သူတွေက သူ့နောက်မှာ အမြဲတမ်းရှိခဲ့တာပါ။ ကချင်ပြည်မှာဆိုလဲ မဲအများဆုံးကသူပဲရတာဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ စစ်အုပ်ချုပ်ရေးကိုပြန်မသွားဘူးဆိုရင်၊ ပြောင်းပြန်ပြန်မလှည့်ဘူးဆိုရင်၊ ဒီမိုကရေစီနိုင်ငံဖြစ်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒါကိုမဖေါ်ဆောင်ပေးနိုင်ဘူးဆိုရင် နောက်တခါသမ္မတသက်တမ်းမှာ NLD ကမျှော်လင့်စရာလမ်းမရှိတော့ဘူးလို့မြင်ပါတယ်။”

မြန်မာစစ်တပ်ကပါဝင်ပတ်သက်နေတဲ့ ကချင်အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေအတွက် တရားမျှတမှုရဖို့ သက်ဆိုင်ရာမိသားစုဝင်တွေဘက်ကလိုလားနေကြောင်း ဆိုင်းဇင်ကဆိုပါတယ်။ ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့တနှစ်ပြည့် ဆုတောင်းပွဲအခမ်းအနားကို ကချင်နှစ်ခြင်းအသင်းတော်ကဦးဆောင်ပြီး ရန်ကုန်မြို့မှာ ဒီကနေ့ကျင်းပမှာဖြစ်ပါတယ်။

XS
SM
MD
LG