သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ဖြူ - ကူမင်း ရထားလမ်းဖောက်လုပ်မှု MOU သက်တမ်းကုန်ပေမဲ့ မပြီးပြတ်သေး


ကျောက်ဖြူ - ကူမင်း မီးရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းကို ပြည်သူ့ဆန္ဒအရ ဖျက်သိမ်းလိုက်ပြီလို့ နေပြည်တော်ကလာတဲ့ သတင်းနဲ့အတူ ရန်ကုန်က သတင်းဂျာနယ်တွေမှာ ဖော်ပြကြပေမဲ့ မီးရထားဝန်ကြီးဌာန လက်အောက်ခံ မြန်မာ့မီးရထားဌာနက တာဝန်ရှိသူကတော့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်မယ်ဆိုတာ ဆွေးနွေးနေဆဲပဲလို့ ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

နေပြည်တော်ကလာတဲ့ သတင်းတွေအရ တရုတ် မြန်မာသဘောတူထားတဲ့ ကျောက်ဖြူ - ကူမင်း ရထားလမ်း ဖောက်လုပ်မယ့်ကိစ္စကို ဖျက်သိမ်းလိုက်ပြီလို့ဆိုပေမဲ့ မြန်မာ့မီးရထားဌာနက တာဝန်ရှိသူတွေကတော့ ဆွေးနွေးနေဆဲဖြစ်ကြောင်း စီမံအင်ဂျင်နီယာလည်းဖြစ် အထွေထွေ မန်နေဂျာလည်းဖြစ်တဲ့ ဦးစောဗယ်လင်တိုင်းက ပြောဆိုလိုက်ပါတယ်။

“အဲ့ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ကိစ္စကတော့လေ ကျနော်တို့ မပြတ်သေးပါဘူးခင်ဗျ။ ဒီလို ပြောလို့ရလောက်အောင် မပြတ်သေးပါဘူးခင်ဗျ။ မပြတ်သေးတော့ ကျနော်တို့ ပေးလို့မရသေးဘူးခင်ဗျ။ ဘာလို့လဲဆိုတော့ ကျနော်တို့က ရှင်းရှင်းပြောရရင် ကျနော်တို့ MOU တော့ ထိုးထားတာပေါ့ဗျာ။ သို့သော်လည်း အဲ့ဒီ MOU က extend မလုပ်ရသေးဘူးဗျ။ MOU သက်တမ်းကတော့ ပြီးခဲ့တဲ့ ဧပြီမှာ ကုန်သွားပြီပေါ့။ ဒါပေမဲ့လည်း ဆက်လုပ်မလုပ်ဆိုတာ ကျနော်တို့က သူတို့နဲ့ မဆွေးနွေးရသေးဘူး အဲ့ဒီဥစ္စာ။”

၂ဝ၁၁ ခုနှစ် ဧပြီလကစပြီး ချုပ်ဆိုထားတဲ့ နှစ်ဘက်သဘောတူစာချုပ်အရ ၃ နှစ်အတွင်း ကျောက်ဖြူ -ကူမင်း ရထားလမ်းကို အကောင်အထည်ဖော်ဖို့ စီမံထားပေမဲ့ ဒီစီမံကိန်းနဲ့ပတ်သက်လို့ တက်ကြွလှုုပ်ရှားသူတွေက ကန့်ကွက်တာလည်း ရှိခဲ့တာပါ။ ကျောက်ဖြူလူမှုကွန်ယက်က ဆက်သွယ်ညှိနှိုင်းရေးမှူး ဦးထွန်းလွင်ကတော့ ဒီရထားလမ်းဖောက်လုပ်မယ်ဆိုရင် ဒေသရဲ့ လမ်းပန်းဆက်သွယ်ရေးအရ အကျိုးရှိနိုင်ကြောင်းနဲ့ ရထားလမ်းဖောက်လုပ်တာကြောင့် နစ်နာမယ့်သူတွေအတွက်လည်း ထည့်သွင်းစဉ်းစားဖို့ လိုမယ်လို့ အခုလို ပြောပါတယ်။

“ကျနော်တို့ကလေ ဒီမှာလည်း ဘယ်လိုမှန်းမသိဘူး ဒေသခံတွေလည်း ဘာမှ မသိကြဘူး။ သို့သော်လည်းပဲ ဒီလမ်းကြီးရှိနေရင်တော့ ကျနော်တို့ ဟိုဟာပေါ့ဗျာ လမ်းပန်းကြီးရှိရင်တော့ အများစုက လမ်းကို သဘောကျကျပါတယ်။ သို့သော်လည်းပဲ ဒီလမ်းပေါက်လာရင်ဖြင့် တရုတ်က ဘာဖြစ်မယ်၊ ညာဖြစ်မယ် လွှမ်းမိုးမယ် ဘာညာတော့ ပြောကြတာပေါ့ဗျာ။ သို့သော်လည်းပဲ သာမန်လူတွေကတော့လေ ဒီလမ်းပေါက်လာမယ်ဆိုတဲ့ဟာကို မငြင်းကြပါဘူး။ မြေယာတွေကတော့ လမ်းတလျှောက်က မြေယာတွေကတော့ ဆုံးရှုံးမယ်ပေါ့ဗျာ။ အများစုကတော့ ကျောက်ဖြူ ရမ်းဗြဲကျွန်းပေါ်မှာတို့ အထူးသဖြင့် လယ်သမားတွေကြီးပဲလေ။ သူတို့ လမ်းဧရိယာတွေက ဘယ်လောက်သိမ်းမလဲဆိုတာ ကျနော်တို့ မသိဘူး။ ပိုက်လိုင်းတလျှောက်မှာလည်းပဲ ပိုက်လိုင်းတခု ဖြတ်သွားတဲ့ဟာမှာလည်းပဲ ကျနော်တို့ ဆုံးရှုံးပြီးကြပြီ။ ရတာတွေရတယ်။ မရတာတွေလည်းရှိတယ်။ ဆိုတော့ ဒီရထားလမ်းကြီးပေါက်လာရင်တော့ ဒီမြေယာနဲ့ပတ်သက်လို့ တရုတ်ကရော၊ အစိုးရကရော ဘာတွေပြောမလဲဆိုတာ ကျနော်တို့ အတိအကျ မသိဘူးပေါ့လေ။”

မေး။ ။ ဆိုတော့ ဒါဆိုရင် ဒီလမ်းကို ဖောက်မယ်ပေါ့နော်။ ဒီစီမံကိန်းကို လုပ်မယ်ဆိုတာကို ဒေသခံတွေရဲ့ သဘောတူညီချက်တွေများ ရယူသလားရှင့်။

ဖြေ။ ။ “ဒီနေ့အထိ လုံး၀ မရှိဘူး။ အစိုးရဘက်က ဒီကိစ္စကိုပြောတာ ဒီနေ့အထိ လုံး၀ မရှိသေးဘူး။ အစိုးရက ဒီလိုဟာမျိုးကိုလုပ်ရမှာ။ ဒီလိုဟာမျိုးကို ဘာမှမလုပ်ဘူး။ ကျနော်တို့ ကုန်ခဲ့တဲ့ ၄ လလောက်က China Myanmar Friendship Association ဆိုတဲ့ အဖွဲ့တခု လာတယ်ဗျ။ အဲ့ဒီမှာ ဒီရထားလမ်းကုမ္ပဏီနဲ့ ပတ်သက်တဲ့ တရုတ်ကြီးတယောက်ပါလာတယ်။ သူတို့တွေက ဒီဒေသမှာ ဒီရထားလမ်းဖောက်မယ်ဆိုရင် သဘောထား ဘယ်လိုလဲဆိုတဲ့ဟာကို ကျနော်တို့ကို မေးတယ်။ ကျနော်တို့ကတော့ မငြင်းဘူး။ သို့သော်လည်းပဲ ဒီလမ်းကြီးဖောက်ရင်ဖြင့် မြေတွေအများကြီး ဆုံးရှုံးမှာပဲဆိုတဲ့ဟာကို သူတို့ တရုတ်တွေကို ကျနော်တို့ကပြောတယ်။ နစ်နာကြေးပေးရမှာပေါ့။ မပေးဘူးဆိုရင်တော့ လယ်သမားတွေကြီးပဲလေ အများစုက။ လယ်တွေအများကြီး ဆုံးကုန်မှာပေါ့။”

ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်းမြို့နယ်တွေကို ဖြတ်သွားမယ့် ရထားလမ်းနဲ့ ပတ်သက်လို့ စီမံကိန်းကို စတင်ဆောင်ရွက်နေတာတွေ မတွေရသေးကြောင်း ဒေသခံတွေကတော့ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်ဆောင်နေသလဲဆိုတာ မသိရှိဘူးလို့လည်း ပြောဆိုကြပါတယ်။

မြန်မာအစိုးရနဲ့ တရုတ်နိုင်ငံက China Railway Engineering Corporation (CREC) လို့ခေါ်တဲ့ တရုတ်နိုင်ငံ မီးရထားကော်ပိုရေးရှင်းတို့ဟာ ၂၀၁၁ ခုနှစ်ကစလို့ နှစ်ဘက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသလို့ ဒီစာချုပ်အရ ဒီရထားလမ်း ဖောက်လုပ်မှုဟာ ရခိုင်ပြည်နယ် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်တွေကို ဖြတ်ပြီး ဖောက်လုပ်မယ့် စီမံကိန်းလို့ သိရှိရပါတယ်။

ဒီစီမံကိန်းဟာ ရခိုင်ပြည်နယ် ကျောက်ဖြူကနေ ကူမင်းအထိ မိုင်ပေါင်း ၇၅၀ ကျော် အကွာအဝေးထိ ဖောက်လုပ်မယ့် စီမံကိန်းဖြစ်သလို အာရှ ပစိဖိတ်ဒေသရဲ့ Travel Daily News မှာ ဖော်ပြချက်အရ အမေရိကန် ဒေါ်လာ၂ ဘီလီယံ သန်းပေါင်း ၂ သောင်းကျော် ကုန်ကျမယ့် စီမံကိန်းလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်းကြောင့် ဖြစ်လာမယ့် ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ လူမှုအဖွဲ့အစည်းတွေက ထောက်ပြ ကန့်ကွက်မှုတွေ ရှိခဲ့ပေမယ့် တောသူတောင်သား ဒေသခံတွေကတော့ ဒေသဖွံ့ဖြိုးရေးအတွက် ကန့်ကွက်စရာ မရှိဘူးလို့လည်း ပြောဆိုနေကြပါတယ်။

XS
SM
MD
LG