သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားအရေး ညှိနှိုင်းမှု မပြေလည်သေး


ရန်ကုန်မြို့တွင်း စက်ရုံသုံးရုံကအလုပ်သမားတွေ စုပေါင်းပြီး လုပ်ခလစာတိုးပေးဖို့တောင်းဆိုမှု ဖြိုခွဲခံရတဲ့မြင်ကွင်း။ (ဓာတ်ပုံ ကိုဟန်ဝင်းအောင်-ဖဘ)
ရန်ကုန်မြို့တွင်း စက်ရုံသုံးရုံကအလုပ်သမားတွေ စုပေါင်းပြီး လုပ်ခလစာတိုးပေးဖို့တောင်းဆိုမှု ဖြိုခွဲခံရတဲ့မြင်ကွင်း။ (ဓာတ်ပုံ ကိုဟန်ဝင်းအောင်-ဖဘ)

ပြည်ထောင်စုဒုတိယဝန်ကြီး ဦးထင်အောင်နဲ့ အလုပ်ရုံနဲ့အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြးရေးမှူးချုပ်တို့ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အလုပ်သမားအခွင့်အရေး သပိတ်စခန်းဖွင့်တောင်းဆို ဆန္ဒပြနေတဲ့ အလုပ်ရုံသုံးရုံက ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ကြပေမယ့် ပြေလည်မှု မရသေးပါဘူး။ ပြီးခဲ့တဲ့ရက်အတွင်းက အကြမ်းဖက်ရိုက်နှက်ခံရပြီး ပျောက်ဆုံးနေတဲ့ အလုပ်သမားတွေရဲ့ကိစ္စ ဖြေရှင်းပေးဖို့ အလုပ်သမားတွေက တောင်းဆိုတာလည်း ညှိနှိုင်းမှုအဆင်မပြေခဲ့ကြောင်း ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက စုံစမ်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ကပဲ Ford Glory စက်ရုံ၊ E. Land Myanmar စက်ရုံ၊ Costec စက်ရုံက အလုပ်သမားတွေစုပေါင်းပြီး သပိတ်စခန်းဖွင့် ချီတက် ဆန္ဒပြခဲ့ကြ တဲ့အတွက် အကြမ်းဖက်ဖြိုခွဲခံရပြီးတဲ့နောက် အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ အလုပ်သမားတွေနဲ့ ဆွေးနွေးဖို့ စီစဉ်တွေ့ဆုံခဲ့တာပါ။ ဒီဆွေးနွေးပွဲမှာ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေတဲ့အလုပ်သမားတွေကိစ္စကို ဖြေရှင်းပေးဖို့တောင်းဆိုရင်း မပြေမလည်ဖြစ်ခဲ့တဲ့အကြောင်း ဆွေးနွေးပွဲမှာ ပါဝင်တဲ့ သပိတ်ခေါင်းဆောင် အလုပ်သမားတဦးက ပြောပါတယ်။

“ကျမတို့ဆွေးနွေးပွဲဖြစ်စဉ်တွေမှာ ဟိုတနေ့ကဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျမတို့ အလုပ်သမားခေါင်းဆောင်နှစ်ယောက်နဲ့ ကျန်တဲ့ အလုပ်သမားတွေကို ဖမ်းသွားတာရှိတယ်။ ၃၀ လောက်ရှိတယ်။ အဲဒါ ဖမ်းသွားတာကို (၈) ယောက်ပဲလွတ်သေးတယ်၊ အယောက် (၂၀) ကျော်လောက် ကျန်သေးတယ်။ အဲဒီ အယောက် (၂၀) ကျော်လောက်က အခုချိန်အထိ အစအန ရှာလို့မတွေ့သေးဘူး။ ကျမတို့အလုပ်သမားခေါင်းဆောင်နှစ်ဦးနဲ့ ကျန်တဲ့ ဖမ်းဆီးခေါ်ထားတဲ့အလုပ်သမားတွေကို ထုတ်ပေးမယ်ဆိုလို့ရှိရင် ကျမတို့ ဒီဆွေးနွေးပွဲကို ဆက်ပြီးတော့ ညှိပါ့မယ်၊ နောက်ဟာတွေကို ဆက်ပြီးတော့ ညှိပါမယ်၊ အဲဒီကိစ္စကို အရင်ညှိမယ်လို့ ကျမတို့က ပြောတယ်။ အဲဒီတော့ သူတို့က သူတို့ တာဝန်ယူလို့မရဘူး-တဲ့။ သူတို့ ပြောတော့ပြောပေးမယ်-တဲ့၊ တာဝန်ယူလို့တော့မရဘူး-တဲ့။ အဲလိုမျိုးပြောတယ်။”

အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကတော့ အလုပ်ရှင်ဆီက အချက်အလက်တွေကောက်ယူပြီး အလုပ်သမားတွေကို ဆွေးနွေးခဲ့ကြောင်း၊ အလုပ်သမား (၈) ဦးကို ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ကြောင်းနဲ့ ပျောက်ဆုံးနေတဲ့အလုပ်သမားတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ရဲဝန်ထမ်းက ဖြေရှင်းခဲ့ကြောင်း ပြောပါတယ်။

“အဲဒါကတော့ ကျနော်တို့တာဝန်မဟုတ်ဘူးခင်ဗျ။ သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒု-ရဲမှူးကြီးက ဒါကို ဖြေသွားပါတယ်။ (၂) ယောက်ကိုတော့ တရားစွဲထားကြောင်း သိရပါတယ်။ မနက်ကတော့ ကလေး (၈) ယောက်ကို လွှတ်တော်ကိုယ်စားလှယ် ဦးမောင်..ကနေပြီးတော့ - အီလန်ကို ပြန်အပ်ပြီးဖြစ်ပါတယ်။”

အလုပ်သမားတွေ အဓိကတောင်းဆိုချက်တွေထဲမှာ အာဆီယံနိုင်ငံတွေက အနိမ့်ဆုံးလုပ်အားခစံနှုန်းတွေအတိုင်း ပေးဖို့ အပါအဝင် အချက် (၅) ချက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

“စက်ရုံသုံးရုံရဲ့အချက်ကတော့ သက်ဆိုင်ရာ သပိတ်စခန်းအလိုက် အလုပ်သမားများတောင်းဆိုသည့် လုပ်ခလစာကို တိုးမြှင့်ရန်၊ အနည်းဆုံး လုပ်ခ ဈေးတွေကို အာဆီယံစံနှုန်းနဲ့အညီ အမြန်ဆုံးသတ်မှတ်ပြဌာန်းရန်၊ ဥပဒေကိုမလေးစားသည့်အလုပ်ရှင်များကို အရေးယူဆောင်ရွက်ပေးရန်၊ အလုပ်သမားများ သပိတ်မှောက်နေသည့်ကာလအတွင်း လုပ်ခလစာပေးချေရန်၊ သပိတ်မှောက်နေသည့်အလုပ်သမားများကို အရေးယူ ဆောင်ရွက်ခြင်း မပြုရန်။ ဆွေးနွေးတိုင်းမှာ ကျမတို့ လုပ်ခလစာကိုပဲ အရင်ညှိမယ်၊ ကျန်တာကို နောက်မှညှိမယ်ဆိုပြီးတော့ ကျမတို့ကို အဲလိုမျိုး ပြောခဲ့တာရှိပါတယ်။ သူတို့က ကျမတို့စာရွက်ကိုဖတ်ပြီးတော့ - ‘အင်း၊ ဒါကတော့ ထားလိုက်ပါတော့၊ ဒါကတော့ ဥပဒေအတိုင်းလုပ်ရမှာ၊ နောက်တခုဖတ်လိုက်လည်း - ဒါကတော့ ထားလိုက်ပါတော့။ ဒါကတော့ ဥပဒေအတိုင်းလုပ်ရမှာ’- ဆိုတာကတော့ သူတို့ပါးစပ်နဲ့သူတို့ ပြောပြီးတော့ပဲ သူတို့ဖာသာသူတို့ ကောက်ချက်ချထားတာ၊ အမှန်ခြစ်ထားရင်ခြစ်ထားမှာပေါ့။ ကျမတို့ကတော့ သပိတ်အားလုံးက တောင်းထားတဲ့အချက်ငါးချက်မှာ အားလုံးပါသွားပြီ၊ အဲဒီစ္စတွေ အားလုံးပါသွားပြီ။”

ဒီလိုတောင်းဆိုမှုတွေကို အလုပ်သမားဝန်ကြီးဌာနက ဘာကြောင့် ပေးဖို့ မဖြစ်နိုင်သေးတဲ့အကြောင်း ညွန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဆက်ပြောပါတယ်။

“ဒီလိုပါဗျ၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ဖို့ဆောင်ရွက်တဲ့အခါကျတော့ အလုပ်သမားညွှန်ချုပ်--- လက်ရှိလုပ်နေဆဲပါခင်ဗျ၊ စစ်တမ်းကောက်တဲ့ အနေအထားပါ။ ….တိုင်းနဲ့ပြည်နယ် ၁၅ ခုပေါ့။ ပြည်ထောင်စုနယ်မြေမှာပေါ့- ဒီဥစ္စာပေါ့၊ ၁၅ ခုက အကြောင်းတက်လာပါမယ်ခင်ဗျ။ ပြီးရင် ကျနော်တို့ အမျိုးသားအဆင့်ပေါ့လေ-”

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ စက်ရုံသုံးခုက အလုပ်သမားပေါင်း (၂) ထောင်ခန့် စုပေါင်းဆန္ဒပြခဲ့ကြပြီး အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုခဲ့တာမှာ အာဏာပိုင်တွေက တားဆီး၊ ဖမ်းချုပ်တာအပြင် အမည်မသိသူတွေကလည်း ရိုက်နှက်ခဲ့တဲ့အတွက် ဒါဇင်နဲ့ချီတဲ့အလုပ်သမားတချို့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အလုပ်သမား ၃၀ ခန့် ဖမ်းဆီးခံရပြီးတဲ့နောက် ပျောက်ဆုံးနေတယ်လို့လည်း ဆိုပါတယ်။ ဒီအထဲမှာ အလုပ်သမား (၈) ဦးကိုသာ ပြန်လွှတ်ပေးခဲ့ပြီး ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ အလုပ်သမား ရာဂဏန်းလောက်ဟာ ချီတက်ဆန္ဒပြပြီး သူတို့ရဲ့ တောင်းဆိုချက် (၅) ချက်ကို ဆက်လက်တောင်းဆိုခဲ့ကြပါတယ်။

XS
SM
MD
LG