သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Lahore မြို့ဗုံးကွဲမှု ၆၅ ဦးထက်မနည်း သေဆုံး 


Lahore မြို့ဗုံးကွဲမှု
Lahore မြို့ဗုံးကွဲမှု

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း၊ Lahore မြို့က လူစည်ကားတဲ့ ပန်းခြံတခုအတွင်း တနင်္ဂနွေနေ့က အသေခံဗုံးခွဲ တိုက်ခိုက်မှု တခု ဖြစ်သွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၆၅ ဦးသေဆုံးပြီး ၃၀၀ လောက် ထိခိုက် ဒဏ်ရာရသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူတွေထဲ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ Punjab ပြည်နယ်အစိုးရရဲ့ ကျန်းမာရေးဆိုင်ရာ အကြံပေး Salman Rafiq က ပြောပါတယ်။ ဒေသခံဆေးရုံကို ခေါ်ဆောင်သွားသူတွေထဲ ဒဏ်ရာပြင်းထန်တဲ့သူတွေလည်းပါတယ်လို့ သူက ပြောပါတယ်။

Gulshan Iqbal ပန်းခြံအတွင်း ပေါက်ကွဲမှုဖြစ်ပွားတဲ့အချိန်က ခရစ်တော်ထမြောက်ခြင်းအထိမ်းအမှတ်ဖြစ်တဲ့ Easter ပွဲတော် ကျင်းပနေတဲ့ ခရစ်ယာန် မိသားစုဝင် အများအပြားလည်း ရှိနေတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

ပါကစ္စတန် - တာလီဘန်အဖွဲ့ခွဲ Jamaatul Aurar အဖွဲ့က အဲဒီ တိုက်ခိုက်မှုကို သူတို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ ခရစ်ယာန်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ရဲ့ ပြောခွင့်ရက ပြောပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် Ned Price က - Lahore မြို့မှာ ဖြစ်သွားခဲ့တဲ့ တိုက်ခိုက်မှုကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အပြင်းထန်ဆုံးနည်းနဲ့ ကန့်ကွက် ရှုတ်ချကြောင်း၊ ငြိမ်းချမ်းပြီး အင်မတန် သာယာလှပတဲ့ အဲဒီပန်းခြံအတွင်း ဖြစ်သွားခဲ့တဲ့ အဲဒီလုပ်ရပ်ဟာ သရဲဘောကြောင်တဲ့ လုပ်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

ဒီအတောအတွင်း ခရိုင်အုပ်ချုပ်ရေးမှူးကို သတ်ဖြတ်မှုနဲ့ စွဲချက်တင်ခံထားရသူကို ပြီးခဲ့တဲ့လအတွင်း ကြိုးမိန့်ပေး သတ်ဖြတ်လိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေ တနင်္ဂနွေနေ့က မြို့တော် Islamabad ရဲ့လမ်းမတွေမှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

XS
SM
MD
LG