သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတပြည်လုံး အပစ်ရပ်နိုင်ရေး ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း


လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အစည်းအဝေးကို တက်ရောက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယား၊(ဝဲ) နဲ့ တရုတ်ကိုယ်စားလှယ် မစ္စတာ ထောင်ယမ်း (ခေါ်) ဦးထွန်းရင် (လယ်) တို့အား KNU ခေါင်းဆောင်နှင့်အတူ။ (ဂျူလိုင် ၂၈၊ ၂၀၁၄)
လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အစည်းအဝေးကို တက်ရောက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယား၊(ဝဲ) နဲ့ တရုတ်ကိုယ်စားလှယ် မစ္စတာ ထောင်ယမ်း (ခေါ်) ဦးထွန်းရင် (လယ်) တို့အား KNU ခေါင်းဆောင်နှင့်အတူ။ (ဂျူလိုင် ၂၈၊ ၂၀၁၄)

တရုတ်မြန်မာနယ်စပ်ဒေသ လိုင်ဇာမြို့မှ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ တရုတ်အစိုးရရဲ့ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ပြီး ကုလသမဂ္ဂနဲ့ တရုတ်အစိုးရရဲ့ မြန်မာပြည်အရေးအပေါ် သဘောထားနဲ့ ရပ်တည်ချက်တွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒီတင်ပြချက်တွေမှာ ဘယ်လို အချက်တွေ ပါဝင်သလဲဆိုတာကိုတော့ လိုင်ဇာမြို့ကနေ သတင်းပေးပို့နေတဲ့ ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းအဖွဲ့ NCCT မှာ ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ တတိယနေ့မှာ နေ့ခင်းပိုင်း ပြန်လည်စတင်ချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယားနဲ့ တရုတ်အစိုးရရဲ့ ကိုယ်စားလှယ်တို့ လေ့လာသူအဖြစ် ပါဝင်တက်ရောက်လာကြတာဖြစ်ပါတယ်။

မစ္စတာနမ်ဘီယားက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ သဝဏ်လွှာကို အခုလို ဖတ်ကြားခဲ့ပါတယ်။

မစ္စတာ နမ်ဘီယားက - ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟာ မြန်မာပြည်က ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို အနီးကပ်လေ့လာစောင့်ကြည့်နေပြီး စေ့စပ်ဆွေးနွေးမှုတွေ တိုးတက်လာတဲ့အတွက်လည်း အားရမိကြောင်းပြောဆိုသွားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ သဝဏ်လွှာမှာ တပြည်လုံးအပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ချမှတ်နိုင်ရင် ဒါဟာ အရေးပါတဲ့ သမိုင်းဝင် လမ်းဆုံကို ရောက်ပြီလို့ အသိအမှတ်ပြုရမှာဖြစ်ကြောင်း၊ ဒီအတွက် ကြိုးပမ်းအားထုတ်မှုတွေ အထူးလိုအပ်နေပြီး ဒါကို ကျော်လွှားနိုင်မယ်လို့လည်း အသိအမှတ်ပြုကြောင်းနဲ့ နောက် ရည်မှန်းချက်အတွက် နှစ် ၆၀ ကျော် အခက်အခဲတွေ ဖြတ်သန်းခဲ့တာကိုလည်း အသိအမှတ်ပြုကြောင်း ပါရှိပါတယ်။ ဒါ့အပြင် ဆွေးနွေးပွဲတွေဆောင်ရွက်ရာမှာ လိုအပ်လာမယ်ဆိုရင် အကြံဉာဏ်နဲ့ အခြား အထောက်အပံ့တွေကို ကုလသမဂ္ဂနဲ့ နိုင်ငံအသီးသီးက ပံ့ပိုးဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက အာရှရေးရာ အထူးသံတမန် မစ္စတာ ဝမ်ယင်ဖန်း မတက်ရောက်နိုင်ဘဲ သူ့ရဲ့ကိုယ်စား မစ္စတာ ထောင်ယန်း၊ မြန်မာအမည် ဦးထွန်းရင်က တက်ရောက်ခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ ရပ်တည်ချက်နဲ့သဘောထားဟာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးအမြန်ရရှိဖို့လိုလားကြောင်း၊ ဒီအတွက် လိုအပ်တဲ့အကူအညီတွေ ပေးသွားမှာဖြစ်ကြောင်း သူက အခုလို ပြောပါတယ်။

“အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ တနိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိရေးနဲ့ မြန်မာဘက်က မိတ်ဆွေများဘက်က လိုအပ်ချက် ရှိလို့ရှိရင် ကျနော်တို့ တတ်နိုင်သလောက် အကူအညီပေးနိုင်ပါတယ်လို့ ဒီမှာ ကျနော်တို့ ပြောချင်ပါတယ်။ နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ မြန်မာနိုင်ငံ ပြည်သူ ပြည်သားများရဲ့ ဆန္ဒနဲ့ ကိုက်ညီရုံသာမက ကျနော်တို့ တရုတ်ပြည်သူပြည်သားများရဲ့ဆန္ဒနဲ့လည်း ကိုက်ညီပါတယ်။ ဒီမှာ ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုလို့ရှိရင် ဘက်ပေါင်းစုံကနေပြီးတော့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ အားလုံး လုပ်စရာ ကိုင်စရာ အများကြီးပါ။ အဲဒီနေ့ စောစောစီးစီး ရောက်နိုင်ပါစေလို့ ကျနော် ဆုတောင်းပါတယ်။”

အခုလို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ တရုတ်အစိုးရကိုယ်စားလှယ်တွေတက်ရောက် ဆွေးနွေးတဲ့အပေါ်မှာတော့ NCCTအဖွဲ့ဝင် ဦးခွန်ဥက္ကာက အခုလို ပြောဆိုပါတယ်။

“သူတို့လာတဲ့အတွက်တော့ ဘာဖြစ်ဖြစ် အာမခံချက်တော့ တစုံတရာ ရှိတာပေါ့။ အာမခံပေါ့ဗျာ။ ဒီကိစ္စက ကိုယ့်အိမ်တွင်းရေးမဟုတ်ဘဲနဲ့ ဘယ်လိုဖြစ်တယ်၊ ဘယ်လို ပျက်တယ် ၊ ပြန်အလှန် ဘယ်လို ညှိနှိုင်းတယ်၊ တိုင်းရင်းသားတွေကလည်း ဘာတွေ လျှော့လဲ၊ အစိုးရဘက်ကလည်း ဘာတွေ လျှော့လဲ။ အဲဒီအပေါ်မှာတော့ သက်သေ ရှိတာပေါ့ဗျာ။ သက်သေရှိတော့ အဲဒီ သက်သေက အာမခံချက် ဖြစ်တာပေါ့။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်၊ ဘယ်သူက တရားလွန်တယ်၊ ဘယ်သူက လျှော့ပေါ့ပေးတယ်ပေါ့ဗျာ၊ ဘယ်သူက သဘောထားတင်းမာတယ်ပေါ့။ ဒါမျိုးက သူတို့က စောင့်ကြည့်ပြီးတော့မှ သိရတာကိုးဗျ။”

မစ္စတာ နမ်ဘီယားဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲကို တတိယအကြိမ်တက်ရောက်လာတာဖြစ်သလို တရုတ်ကိုယ်စားလှယ် အဖွဲ့ဟာလည်း ဒုတိယအကြိမ် ပါဝင်လာတာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ဒုတိယမူကြမ်းပါ အခန်း ၅ခန်းကို ဆွေးနွေးထားပြီး မနက်ဖန်မှာတော့ ကျန် အခန်း ၂ခန်းကို အဆုံးသတ် ဆွေးနွေးနိုင်ဖို့ ရှိနေပါတယ်။ ဒီလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ညှိနှိုင်းပြီးရင်တော့ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ နောက်လပထမပတ်လောက်မှာ ထပ်မံဆွေးနွေးနိုင်ဖွယ်ရှိနေပါတယ်။

XS
SM
MD
LG