သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဇာတိုင်းရင်းသား ညီလာခံ အောင်မြင်စွာ ပြီးဆုံး


ကချင်ပြည်နယ်၊ လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံမြင်ကွင်း။ (နိုဝင်ဘာ ၂၊ ၂၀၁၃)
ကချင်ပြည်နယ်၊ လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံမြင်ကွင်း။ (နိုဝင်ဘာ ၂၊ ၂၀၁၃)
အပစ်အခတ်ရပ်စဲရေး အမျိုးမျိုးတွေရှိပေမယ့် အရင်ကလို အပစ်အခတ်ရပ်စဲရေး ချိုးဖောက်တာမျိုး မဖြစ်စေဖို့ သူတို့အနေနဲ့တောင်းဆိုသွားမယ်ဆိုပြီး ကချင်ပြည်နယ်၊ လိုင်ဇာမြို့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံ ညီလာခံ ၄ ရက်မြောက်၊ နောက်ဆုံးနေ့မှာ တိုင်းရင်းသား ခေါင်းဆောင်တွေက သဘောတူညီချက် တရပ်ကို ချမှတ်ခဲ့ပါတယ်။ မကြာခင်မိနစ်ပိုင်းတုန်းကပဲ ပြီးဆုံးသွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ သွားရောက်ပြီး ကိုယ်တိုင်သတင်းယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ်၊ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်းစုံရဲ့ ညီလာခံကတော့ အခုလေးတင်ပဲ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ဒီညီလာခံမှာ တက်ရောက်လာကြတဲ့ အဖွဲ့အစည်းပေါင်းစုံကနေ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဘုံမူဝါဒကို ချမှတ်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ တစ်ခု ပြောစရာရှိတာက အရင့် အရင်ကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မြန်မာ အစိုးရကြားမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရှိခဲ့တာကြောင့် အခုတကြိမ်မှာတော့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက်က ဘာကြောင့် ထူးခြားမှုရှိနိုင်သလဲဆိုတာကိုတော့ ဒီညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ KIO က စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က အခုလို ပြောပါတယ်။

“Cease fire aggrement အရင်တုန်းက ကျနော်တို့ လက်မှတ်ထိုးခဲ့ကြတာက အဖွဲ့တိုင်းပါပဲ။ ဒါကြောင့် ကျနော်တို့ ဦးအောင်မင်းတို့နဲ့ ဆွေးနွေးတဲ့အချိန်မှာ အခုတကြိမ် လက်မှတ်ရေးထိုးမယ့် အပစ်အခတ် ရပ်ဆိုင်းရေးစာချုပ်ဟာ စာချုပ်နဲ့ အပစ်ရပ်ထားတဲ့အချိန်အတောအတွင်း နောက်ဖြစ်မယ့် တိုက်ပွဲတွေ အတွက် ပြင်ဆင်တဲ့အနေအထားမျိုး မဖြစ်ချင်ဘူး-လို့ ပြောထားပါတယ်။ ဒါကြောင့်မို့လို့ စည်းနှောင်အား ဘယ်လောက်ကောင်းသလဲဆိုတာကတော့ ဒီအယူအဆပေါ်မှာ သွားပါမယ်။

“နောက်တစ်ခုကတော့ အပစ်အခတ်ရပ်ဆိုင်းရေးလို့ ပြောတာက ဘက်နှစ်ဘက် လက်နက်ကိုင်ထားတဲ့ အဖွဲ့အတွက်ပဲ ဖြစ်နေပါတယ်။ အခု ကျနော်တို့နိုင်ငံမှာ Peace ပဲ ပြောနေတယ်။ Peace process ပြောတာနဲ့ ကျနော်တို့ ရည်ညွှန်းနေတယ်။ အပစ်အခတ်ရပ်ဆိုင်းရေး လက်မှတ်ထိုးရင် ငြိမ်းချမ်းပြီ။ လက်မှတ်မထိုးသေးရင် မငြိမ်းချမ်းဘူးဆိုတဲ့ အယူအဆကို ကျနော်တို့ ကျော်လွှားဖို့လိုပါတယ်။ Peace Process ဆိုရင် လူတိုင်း ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီတကြိမ် ရေးထိုးတဲ့လက်မှတ်ဟာ တိုက်ပွဲအတွက် ပြင်ဆင်တဲ့ကာလမျိုး မဖြစ်အောင်၊ အားလုံးပါဝင်နိုင်တဲ့ အပစ်အခတ်ရပ်ဆိုင်းရေး စာချုပ်မျိုးဖြစ်အောင်၊ ရှေ့လုပ်ငန်းများကို လူတိုင်းမြင်နိုင်တဲ့ လမ်းပြမြေပုံကို ဖော်ပြပေးနိုင်တဲ့ အပစ်အခတ်ရပ်ဆိုင်းရေး စာချုပ်မျိုးဖြစ်အောင် ရည်မှန်းထားတယ်လို့ ပြောချင်ပါတယ်။”

မေး။ ။ ကျနော် ပထမမေးချင်တဲ့ မေးခွန်းကတော့ ပထမရက်တွေမှာ --- ပြောသွားတာက အဖွဲ့တစ်ဖွဲ့က သဘောမတူဘူးဆိုလို့ရှိရင် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အစိုးရနဲ့ဆွေးနွေးတဲ့ သဘောတူညီချက်ကို ဒီတိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ လက်မှတ်မထိုးဘူးလို့ ကျနော်တို့ကြားပါတယ်။ အခုအနေအထားဆိုလို့ရှိရင်တော့ မူအားဖြင့် သဘောတူတယ်ပြောပေမဲ့လည်း လက်မှတ်မထိုးထားသေးတဲ့ အဖွဲ့က ၃ ဖွဲ့လောက်ရှိနေတော့ အဲဒီနည်းအတိုင်းပဲ ဆက်သွားမလား၊ အဲဒါကို ဘယ်လို သဘောထားပါသလဲ။ ဆရာ နိုင်ဟံသာ ဖြေပေးပါခင်ဗျာ။

ဖြေ။ ။ အားလုံးမင်္ဂလာပါ။ တဖွဲ့က သဘောမတူရင် အားလုံး လက်မှတ်ထိုးမဘူး ဆိုတဲ့ကိစ္စကလေ အခု ဒီနေ့ ကျနော်တို့သဘောတူပြီး လက်မှတ်ထိုးတဲ့ အချက်အလက်တွေအပေါ်မှာ မဟုတ်ပါဘူး။ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်တဲ့နေရာမှာ အစိုးရက တပြည်လုံးအပစ်အခတ် ရပ်စဲရေးကို ဖိတ်ခေါ်ထားတယ်၊ အဲဒီနေရာမှာ ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အားလုံးက ဒီနေရာမှာ စုစည်းတဲ့နေရာမှာ ကျနော်တို့ လက်မှတ်ထိုးတဲ့အခါကျရင် အဖွဲ့တချို့ကပဲထိုးပြီး အဖွဲ့တချို့ကျန်နေရင် အဲဒီ ကျန်နေတဲ့အဖွဲ့ကို အစိုးရက ဖိတိုက်လာလိမ့်မယ်။ ကျနော်တို့က ဒါကို စိုးရိမ်တယ်။ အဲဒီတော့ ကျနော်တို့ တော်လှန်ရေးအဖွဲ့ တခုခုကနေပြီးတော့ ဖိတိုက်ခံရတဲ့ပုံစံမျိုးကို ကျနော်တို့က ခွင့်မပြုသင့်ဘူး၊ ကျနော်တို့ကလည်း လက်မခံနိုင်ဘူး။ အဲဒီတော့ ကျနော်တို့ ညှိနှိုင်း သဘောတူညီမှုက - အစိုးရနဲ့ တကယ်လို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရင် ကျနော်တို့အားလုံး သဘောတူညီပြီးတော့မှ တစ်ကြိမ်တည်းမှာ အားလုံး ထိုးကြမယ်ဆိုတဲ့ သဘောထားဖြစ်တယ်။ အဲဒီသဘောထားကတော့ ကျနော်တို့လက်မှတ်ထိုးထားတာ မရှိပါဘူး။ အားလုံးရဲ့ စိတ်သဘောထားဆန္ဒနဲ့ အားလုံးရဲ့ ဒီလို သဘောတူညီမှုရှိပါတယ်။ အဲဒီဥစ္စာကိုတော့ ထိခိုက်စရာ ဘာမှ မရှိပါဘူး။”

ဆွေးနွေးပွဲအပြီး ဘုံသဘောတူညီချက် လက်မှတ်ရေးထိုးကြစဉ်။ (နိုဝင်ဘာ ၂၊ ၂၀၁၃)
ဆွေးနွေးပွဲအပြီး ဘုံသဘောတူညီချက် လက်မှတ်ရေးထိုးကြစဉ်။ (နိုဝင်ဘာ ၂၊ ၂၀၁၃)

ဒါကတော့ UNFC လို့ခေါ်တဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာက ဖြေကြားပေးသွားတာ ဖြစ်ပါတယ်။ အခုကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံ ညီလာခံကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ လေ့လာသူတွေ စုစုပေါင်း ၁၀၂ ဦးတက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကနေပြီးတော့မှ သူတို့အနေနဲ့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို အရင်ပြုလုပ်ပြီးတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရတော့မှသာလျှင် နိုင်ငံရေးဆွေးနွေးပွဲတွေကို ရှေ့ဆက်သွားကြမှာ ဖြစ်ပါတယ်။

ဒီ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပထမဆုံးဆွေးနွေးပွဲလို့ ခေါ်လို့ရနိုင်တဲ့ ဆွေးနွေးပွဲကိုတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလ (၄) ရက်နဲ့ (၅) ရက်နေ့တွေမှာ ကျင်းပသွားနိုင်ဖို့ အစိုးရနဲ့ သဘောတူထားတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကနေ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစိုးရနဲ့ ရရှိနိုင်လိမ့်မယ်လို့လည်း တိုင်းရင်းသားခေါင်းဆောင်တွေက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG