သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ လိုင်ဇာထိပ်သီးဆွေးနွေးပွဲ အခြေခံမူ ၁၀ ချက်ချမှတ်


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့မှာ ၄ ရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးဟာ ဒီလ ၂၉ ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပြီး ဒီအစည်းအဝေးက အဓိကကျတဲ့ အချက်တွေကို သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းအပြည့်အစုံကို လိုင်ဇာမြို့ကို ရောက်ရှိသတင်းယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT မှာ ပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ထိပ်သီးဆွေးနွေးပွဲဟာ အင်္ဂါနေ့ ညနေပိုင်းမှာ ပြီးဆုံးခဲ့တဲ့နောက် သတင်းစာရှင်းလင်းပွဲကို ည ၈ နာရီမှာ ကျင်းပခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ အခုလို ထိပ်သီးဆွေးနွေးပွဲ ကျင်းပရတာဟာ NCCT နဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ဆွေးနွေးရာမှာ နှစ်ဘက် ညှိနှိုင်းဖို့ ခက်ခဲပြီး NCCT အနေနဲ့ ဆုံးဖြတ်လို့ မရတဲ့ အချက်တွေ ရှိခဲ့တာကြောင့် ထိပ်သီးဆွေးနွေးပွဲကျင်းပပြီး အဆုံးအဖြတ် ရယူခဲ့တာဖြစ်ကြောင်း ပဏာမ ပြောကြားပါတယ်။ ထိပ်သီးဆွေးနွေးပွဲမှာ အဓိကဆုံးဖြတ်ခဲ့တဲ့ အချက်ကိုတော့ NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက အခုလို ပြောဆိုပါတယ်။

“ဒီအစည်းအဝေးမှာပေါ့ဗျာ အဓိကအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကတော့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးအနေနဲ့ပေါ့နော် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့ မူအပေါ်မှာ တို့တိုင်းရင်းသားအားလုံးအနေနဲ့ အဲ့ဒီမူအပေါ်မှာ ဆက်လက်ပြီးတော့ ရပ်တည်သွားမယ်။ အဲ့ဒီအပေါ်မှာပဲ ဆက်လက် ဆွေးနွေးသွားမယ်။ ဒါကိုတော့ သူတို့အလျှော့မခံနိုင်ဘူး။”

အစိုးရနဲ့ ဆက်လက်ဆွေးနွေးရာမှာ တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးနေချိန်မှာပဲ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်တာတွေကို တပြိုင်တည်း ဆွေးနွေးသွားဖို့ကိုလည်း ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ အခြေခံမူ ၁၀ ချက်ကိုလည်း ချမှတ်ခဲ့ပြီး ဒီအခြေခံမူတွေမှာ NCCT ကို တာဝန်ပေးအပ်တဲ့ အချက်တွေ၊ စာချုပ်မူကြမ်းရေးသားရာမှာ ပြင်ဆင်ရမယ့်အချက်တွေ၊ လက်မှတ်ရေးထိုးရာမှာ ပါဝင်ရမယ့် အဖွဲ့အစည်း စံသတ်မှတ်ချက်တွေ စတာတွေ ပါဝင်ပါတယ်။

NCCT က ရေးဆွဲထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း NCA ကို ထိပ်သီးဆွေးနွေးပွဲက သဘောတူလက်ခံပြီး ဒီမူကြမ်းအတိုင်း အစိုးရနဲ့ ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ NCCT အဖွဲ့ဝင် ဦးခွန်ဥက္ကာက ပြောပါတယ်။

“ဒီထိပ်သီးအစည်းအဝေးက ဘယ်သူမှမငြင်းဘဲနဲ့ လက်ခံတာက NCCT က ပြုစုထားတဲ့ NCA လို့ခေါ်တဲ့ ဒီမူကြမ်းကို အလုပ်လုပ်နိုင်တဲ့ document အဖြစ် လက်ခံသွားတာပဲ။ ဒီမူကြမ်းနဲ့ဆက်လုပ်ဖို့ အားလုံးက လက်ခံတယ်။ နံပါတ်နှစ် ဒီမူကြမ်းကိုလက်ခံတဲ့အပြင် ဒီမူကြမ်းကနေပြီးတော့ ဆက်လုပ်သွားနိုင်တဲ့ လမ်းညွှန်ချက်တွေ ထွက်လာမယ်။ အဲ့ဒီလမ်းညွှန်ချက်တွေဟာ ဒီမူကြမ်းကို တိုင်းရင်းသားတွေဘက်က အမြင်နဲ့ပေါင်းစပ်ပြီးတော့ ပြုပြင်းပြောင်းလဲထားတဲ့မူကြမ်းကို ကျနော်တို့ ကိုင်ထားပြီး အစိုးရဘက်နဲ့ ဆွေးနွေးဖို့ဖြစ်လာတာ။ အစိုးရနဲ့ ဆွေးနွေးတဲ့နေရာမှာ အစိုးရဘက်ကလည်း သမ္မတကြီးတို့ လွှတ်တော်တို့ တပ်မတော်တို့က သဘောထားကြီးကြီးနဲ့ အမျှော်အမြင်ရှိရှိနဲ့ ဖြေလျှော့ပေးမယ်ဆိုရင်တော့ လက်မှတ်ထိုးနိုင်မယ့် အခြေအနေက ပိုပြီး နီးစပ်ပါတယ်။”

၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ NCCT စတင်ဖွဲ့စည်းပြီးနောက် အစိုးရနဲ့ တရားဝင် ၄ ကြိမ်၊ အလွတ်သဘော ၄ ကြိမ် တွေ့ဆုံဆွေးနွေးပြီး ဖြစ်ပါတယ်။

NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျံမှုန်း ဆာခေါင်းက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မအောင်မြင်သေးတာဟာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ဖွဲ့စည်းပုံ စတဲ့ ကိစ္စတွေ ဖြေရှင်းရေးနဲ့ စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအပေါ် အလေးအနက်ထား ဆွေးနွေးနေတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိ ဆောင်ရွက်နေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အပေါ်မှာတော့ ဒေါက်တာ ဆလိုင်းလျံမှုန်း ဆာခေါင်းက အခုလို ပြောဆိုပါတယ်။

“ကျနော်တို့ချုပ်ဆိုမယ့် စာချုပ်က ခိုင်မာတဲ့စာချုပ်ဖြစ်ချင်တယ်။ ဒီစာချုပ် ချုပ်ပြီးလို့ရှိရင် သေသေချာချာပဲ ကျနော်တို့ အနှစ် ၆၀ ကျော်ပြီဖြစ်တဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းချင်တယ်။ အဲ့ဒီနိုင်ငံရေးပြဿနာ ဖြေရှင်းပြီးလို့ရှိရင်လည်း ဒီတိုင်းပြည်ကို ငြိမ်းချမ်းအောင် တကယ်လုပ်ချင်တယ်။ တိုးတက်အောင်လုပ်ချင်တယ်။ ဒီတိုင်းပြည်ထဲမှာရှိတဲ့ မတူကွဲပြားနေတဲ့ လူမျိုးပေါင်းစုံ၊ မတူကွဲပြားနေတဲ့ ဘာသာရေးပေါင်းစုံ၊ မတူကွဲပြားနေတဲ့ ဘာသာစကားပေါင်းစုံ၊ ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်နိုင်မယ့် နိုင်ငံတော်ကို တည်ထောင်ဖို့အတွက် ကျနော်တို့ ဘက်ပေါင်းစုံက ပြန်ကြည့်နေတယ်။ အဲ့ဒီဘက်ပေါင်းစုံက ပြင်ဆင်နေတဲ့အတွက် နည်းနည်းကြာနေတာကို ပြည်သူလူထုက နားလည်ပေးဖို့ ကျနော်မေတ္တာရပ်ခံချင်ပါတယ်။”

အင်္ဂါနေ့က ပြီးဆုံးသွားတဲ့ အစည်းအဝေးမှာ NCCT အဖွဲ့ဝင် ၁၆ ဖွဲ့က ခေါင်းဆောင်တွေ ပါဝင်တာဖြစ်ပြီး ဒီကနေ့မှာတော့ NCCT မှာ မပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့အတူ ဆက်လက် ဆွေးနွေးဖို့ ရှိနေပါတယ်။

NCCT မှာ မပါဝင်တဲ့ အဖွဲ့အစည်း ၅ ခုအနက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ကတော့ လိုင်ဇာမြို့ကို ရောက်ရှိနေပြီး ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA၊ မိုင်းလားခေါ် NDAA နဲ့ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ NSCN-K တို့ကတော့ တက်ရောက်နိုင်ခြင်း မရှိပါဘူး။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ဆွေးနွေးပွဲပြီးရင်တော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ နောက်လအတွင်းမှာ ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG